Skip to content

သေးနုပ်သော်လည်း

“မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊ ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း၊ နွေ ကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး၊ မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊ မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး၊ လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင် နေတတ် သော အိမ်မြှောင်တပါးတည်း။”
‭‭သုတ္တံကျမ်း ၃၀:၂၄-၂၈

သင်ဟာ အားမရတဲ့အချိန်တွေ၊ အားငယ်တဲ့အချိန်တွေ၊ မစွမ်းဆောင်နိုင်ပါဘူး၊ ဒီလောက်ပါဘဲ၊ ဘာမှမဟုတ်ပါဘူး၊ အသုံးမဝင်ပါဘူး ဆိုတဲ့ ကိုယ့်ကိုကိုယ် “သေးနုပ်(small)” တယ်လို့ခံယူထားတဲ့ အသက်တာဖြစ်ကောင်းဖြစ်နေနိုင်မှာပါ။
သို့သော် သုတ္တံဆရာက ဒီနေရာမှာ သေးငယ်တဲ့ အကောင်လေးမျိုးရဲ့ “အထူးသဖြင့်ပညာရှိခြင်း(extremely wise)” ကိုပြလျက်သွန်သင်ထားတာတွေ့ရပါတယ်။

၁။ ပုရွက်ဆိတ်

သေးငယ်တယ် သို့သော် နွေကာလမှာ မိမိစားဖို့စားစရာတွေကိုပြင်ဆင်စုဆောင်းနေပြီ။ ခုဆိုအိမ်တွေမှာကြည့်လိုက်ရင် နေရာတိုင်းသူတို့တတွေချည်းဘဲ။ ထမင်းအိုးထဲ၊ မုန့်တွေထဲ၊ စားစရာတွေထဲ စသည်ဖြင့်တွေ့ရတယ်။ စိတ်တိုရပေမယ့် နှုတ်ကပတ်တော်အားဖြင့်တော့ ဆင်ခြင်စရာပါ။ ယေရှုနာမကို တဖွတဖွ ရွတ်တတ်တဲ့ကျွန်တော်တို့ယုံကြည်သူတွေ အထူးသဖြင့် ဆင်ခြင်ရမည်သာ။ ယေရှုကိုရရင် အကုန်ရပြီဆိုပြီး ထိုင်နေသေးရင်တော့မဟုတ်သေးပါ။တကယ်တမ်းဆိုယေရှုကိုသင်ရရင် သင်ရဲ့နွေကာလမှာ သင်စုဆောင်းရမှာကိုသင်သိသင့်ပါတယ်။ သာမန်ကာလျှံကာ ခရစ်ယာန်တစ်ယောက်ပုံမျိုးနဲ့တော့ မဖြစ်ပါဘူး။ ခေတ်ရေစီးကြောင်းနဲ့ သွားနေတဲ့ခရစ်ယာန်ထက်၊ နှုတ်ကပတ်တော်နဲ့သွားနေသော အထူးသဖြင့်ပညာရှိတဲ့ ခရစ်ယာန်ဖြစ်ဖို့ သင်စုဆောင်းပြင်ဆင်နေပြီလား?

၂။ ရှာဖန်ယုန်

အသီးအရွက်စားတယ်၊ သို့သော် ကျောက်ကြားတွေထဲမှာ အိမ်ကိုအသိုက်ကို ဆောက်လုပ်တယ်။ သူဟာအားနည်းတဲ့သတ္တဝါပါ။ သို့သော်သူ့ကို ဖမ်းဆီးစားသောက်မယ့် သားရဲတွေရဲ့ ရန်ကနေကာကွယ်ပေးနိုင်တဲ့အရာကိုသူသိတယ်၊ ဒါကြောင့် ကျောက်တွင်းမှာနေရာချတတ်တယ်။ ကျွန်တော်တို့တတွေကော ဘယ်မှာမှီခိုနေသလဲ? ကိုယ့်ဉာဏ်ကိုဘဲအမှီပြုထောင်လွှားပြီး ကိုယ့်ကိုကိုယ်မှီခိုနေရာချနေသေးတုန်းဘဲမလား?
နေ့ရက်စဉ်တိုင်းမှာ သခင်ဘုရားရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာ မှီခိုနေတတ်ဖို့ အထူးသဖြင့် ပညာရှိဖို့ သွန်သင်ခြင်းခံရပါတယ်။

၃။ ကျိုင်း

ကဲ…ဒီအကောင်လေးတွေကသေးတယ် ဒါပေမယ့်အုပ်စုဖွဲ့သွားတတ်ကြတယ်။ ထူးခြားတာက သူတို့တတွေမှာဦးဆောင်တဲ့သူ “မင်း(king)” မရှိခြင်းပါဘဲ။ သို့သော်သူတို့တတွေ တပ်ဖွဲ့ပြီး သွားလာတတ်ကြပါတယ်။ စဉ်းစားကြည့်ရအောင် ဒီကနေ့ ကျွန်တော်တို့ လောကရဲ့နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်မှုနဲ့ပက်သက်ပြီး သင်ကြားပေးမှုတွေများစွာရှိပါတယ်။ ခေါင်းဆောင်ကောင်းဟာ ဘယ်လိုဘယ်ပုံ၊ ဦးဆောင်သူဟာ ဘယ်လိုဘယ်ပုံ ဆိုတာမျိုးတွေပေါ့။ ဒီနေရာမှာ မင်း မရှိဘဲ ညီညာစုပေါင်းတပ်ဖွဲ့တတ်တဲ့ ကျိုင်း လေးတွေကတော့ အံ့သြစရာပင်။ ခွက်စောင်းခုတ် သူတယောက်မျှမပါဘူး။ သေးငယ်ပေမယ့်လည်း ဒီ အအုပ်အဖွဲ့ကြီး တညီတညွတ်တည်းတပ်ဖွဲ့သွားလာနိုင်တာ
အထူးသဖြင့် ပညာနှင့်ပြည့်စုံလို့ပါဘဲ။

၄။ အိမ်မြောင်

မြန်မာလိုကျမ်းစာမှာကတော့ အိမ်မြောင်လို့အနက်ပြန်ထားပါတယ်။ အင်္ဂလိပ် version တချို့မှာတော့ ပင့်ကူလို့အနက်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ထိုသတ္တဝါတွေဟာ သေးငယ်တယ်၊ အားနည်းတယ်၊ နေရာတိုင်းလိုလိုမှာလည်းတွေ့ရတတ်တယ်။ လက်နဲ့တောင်သူတို့ကိုဖမ်းလို့တောင်ရသေးတယ်။ ထူးခြားမှုကဘာလဲဆိုရင် ဒီလိုသာမန်တွေ့နေကျ၊ လက်နဲ့တောင်ဖမ်းလို့ရတဲ့အကောင်လေးတွေဟာ ဆိုရင် သင်မထင်မှတ်ထားတဲ့ နေရာတွေမှာတွေ့တတ်နိုင်တာဘဲ။
“နန်းတော်(kings’ palaces)” တွေ၌ပင်။

သင့်အသက်တာ သေးနုပ်ပါသလား?

“ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။”
‭‭သုတ္တံကျမ်း ၁:၇

ခရစ်တော်၌
The Blessed Desk.