Skip to content

ပထမဦးစွာ နားလည်ရမှာက ရှင်ယာကုပ်သြဝါဒစာဟာ ဂျူးလူမျိုး ခရစ်ယာန် ယုံကြည်သူတွေကို လိပ်မူရေးသားတာဖြစ်ပါတယ်။

သြဝါဒဆိုင်ရာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် သခင်ခရစ်တော်ကို ယုံကြည်ကိုးကွယ်သူများဟာ မိမိ တို့ရဲ့ အသက်တာပိုင်းမှာ ယုံကြည်သူ ဖြောင့်မတ်သူတယောက်အနေနဲ့ ဘုရားရှေ့မှာရော လူတွေရဲ့ အရှေ့မှာပါ မည်သို့ မည်ပုံ ပြုမူရမယ်၊ ပြုမူသင့်တယ်ဆိုတာ ကို သွန်သင်ဆုံးမနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရှင်ယာကုပ်သြဝါဒ စာကို ဖတ်ရှုလေ့လာတဲ့အခါ “သီလ” “လုပ်ဆောင်မှု” “ကြိုးစားအားထုတ်မှု” “အကျင့်” စတဲ့ အရာတွေကို အလေးထား ဖော်ပြထားခြင်းကို တွေ့ရပါတယ်။ ယုံကြည်သူတွေရဲ့ အသက်တာမှာ မှန်သောယုံကြည်ခြင်းကနေ အမြစ်စွဲပြီး အချိန်တန်တဲ့အခါ ပေါ်ထွက်လာတဲ့ အသီးအပွင့်များအဖြစ် ချစ်ခြင်းမေတ္တာနဲ့ယှဥ်တဲ့အကျင့်၊ သနားခြင်းဂရုဏာနဲ့ယှဥ်တဲ့ အကျင့်တို့ကို  လူတွေအရှေ့မှာ စုံလင်တဲ့ သက်သေအဖြစ် ရောက်တဲ့အထိ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ အဖိုးကိုမပေးဘဲ ကျေးဇူးတော်သက်သက်အားဖြင့် ရရှိထားတဲ့ ကယ်တင်ခြင်းဆုကျေးဇူးကို  မိမိ ရဲ့ အကျင့် အားဖြင့် ရရှိစေတယ်၊ စုံလင်စေတယ် ဆိုတဲ့ သဘောနဲ့ သွန်သင်ဆုံးမခြင်း လုံးဝ မဟုတ်ပါဘူး။  ယုံကြည်သောအားဖြင့် ကျေးဇူးတော် သက်သက်ကြောင့်သာ ကယ်တင်ခြင်းခံရပြီးဖြစ်တဲ့ ယုံကြည်သူတွေဟာ ‌‌ဖြောင့်မတ်သန့်ရှင်းသူဖြစ်တဲ့အတွက် ထိုကဲ့သို့ ပီသစွာ အသက်ရှင်တတ်ဖို့၊ အသွေးအသားကို အခွင့်မပေးဘဲ ယုံကြည်သူတယောက်ရဲ့ ကျင့်ဝတ် စည်းကမ်းများအတိုင်း အလေးထားအသက်ရှင်တတ်ဖို့ သွန်သင်ပေးနေခြင်းပဲဖြစ်ပါတယ်။ သို့သော် သခင်ခရစ်တော်ကို ယုံကြည်သက်ဝင်ပါတယ်လို့ နှုတ်ဖြားကနေပြောနေခြင်းမဟုတ်ဘဲ မှန်ကန်သောယုံကြည်ခြင်းဟာ မှန်ကန်သော အကျင့်၊ ကောင်းသောအကျင့်ကို ကျင့်စေတယ်၊ အသီးအပွင့်ရှိတယ်ဆိုတာကို ဖော်ပြပေးချင်တာပဲဖြစ်ပါတယ်။

ယုံကြည်တယ်လို့ ပြောပြီး ထိုသူရဲ့ အကျင့်ဟာ သာသနာပလူတွေထက်ပင် ယုတ်ညံ့နေပြီဆိုရင် ထိုသူရဲ့ ယုံကြည်ခြင်းမှာ မေးခွန်းထုတ်စရာတွေဖြစ်လာနိုင်ပါတယ်။

ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။- သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ။ (ရှင်ယာကုပ် ၁ : ၂ – ၅)

ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာ (Testing of Faith) ဟာ သခင်ခရစ်တော်ကို ယုံကြည်သက်ဝင်ကိုးကွယ်သူ ခရစ်ယာန်တွေသာ ကြုံတွေ့ရတဲ့အရာ (ဘုရားခွင့်ပြုထားတဲ့အရာ) ဖြစ်တယ်၊ အစကတည်းက “ယုံကြည်ခြင်း” ရှိပြီးဖြစ်လို့သာ ထို “ယုံကြည်ခြင်း” ကို စစ်ကြောတာဖြစ်တယ်။

ရောမသြဝါဒစာ ၅ :  ၁-၅ မှာ

ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။- ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍၊ ထိုသခင်အားဖြင့်သာ ခံစားသောအခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို မျှော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိကြ၏။- ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။- သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကို ပြုစုတတ်၏။- 5ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏

ဒုက္ခဆင်းရဲခြင်း ၊ သည်းခံခြင်း ၊ သက်သေထင်ရှားခြင်း တွေ မလာခင်မှာ အရင်ဆုံး “ယုံကြည်ခြင်း” အားဖြင့် “ဖြောင့်မတ်ရာ” သို့ ရောက်ခြင်းကို ဦးစွာဖော်ပြထားပါတယ်။ ဦးစွာ ထိုစိတ်ချမှုကိုပေးထားတာပါ။ ဆက်လက်ပြီးတော့ ထိုသို့သောသူတွေဟာ ခမည်းတော်ဘုရားသခင်ရဲ့ ရှေ့တော်မှာ ငြိမ်သက်ခြင်းကို ခံစားရကြောင်း ဖော်ပြပါတယ်။ ပြီးတော့မှသာ ထိုယုံကြည်ခြင်းဟာ စစ်မှန်ရုံမျှမက အားကြီးတဲ့အဆင့်အထိရောက်အောင် ထို စစ်ကြောစုံစမ်းခြင်းတွေအားဖြင့် ပို့ဆောင်ပေးတာဖြစ်ပါတယ်။ ယုံကြည်သူ ခရစ်ယာန်တိုင်းမှာ ယုံကြည်ခြင်းရှိပါတယ်၊ ဒါပေမယ့် တဦးစီကြုံတွေ့ရတဲ့ စစ်ကြောစုံစမ်းခြင်းအပေါ်မှာ ဘယ်လို သက်သေထင်ရှားစေသလဲ? ဘယ်လို သည်းခံနိုင်ခဲ့သလဲအပေါ်မှာ မူတည်ပြီးတော့ တယောက်နဲ့တယောက်ယုံကြည်ခြင်း အားကြီးမှု ကွာသွားတာဖြစ်ပါတယ်။ ဒီအပိုင်းဟာ လွယ်ကူတဲ့အပိုင်းမဟုတ်သလို ဘုရားက ကျွန်တော်တို့ရဲ့ မိမိယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းမှာ ကိုယ်စားဝင်ပြီးလုပ်ပေးလို့ရတဲ့အရာလည်း မဟုတ်ပါဘူး။ မိမိကိုယ်တိုင်သာ လုပ်ဆောင်ရတာဖြစ်ပါတယ်။

ဥပမာ

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ ကြွက်သား (Muscle) တွေရှိပါတယ်။

ဒါပေမယ့် သာမန်လူတယောက်ရဲ့  ခန္ဓာကိုယ်မှာရှိနေတဲ့ ကြွက်သားနဲ့  GYM ကစားတဲ့ သူတယောက်ရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ကြွက်သားဟာ အင်အားမှာရော၊ အရွယ်အစားမှာရော မတူနေပါဘူး။ ဒီလိုမတူခြင်းဟာ GYM ဆော့တဲ့သူက မွေးကတည်းက တခြားသူတွေထက် ကြွက်သားတွေ အပိုပါလာတာကြောင့်မဟုတ်သလို စိတ်ကူးယဥ်ရုပ်ရှင် တွေထဲကလို ဗီဇပြောင်းဆေးထိုးပြီး ထွက်လာတာမျိုးကြောင့်လည်းမဟုတ်ပါဘူး။

ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ ဘယ်သူပဲဖြစ်ဖြစ် မူလက သူတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေဟာ ယေဘုယျအားဖြင့် တူတူပါပဲ။

ကွဲပြားသွားတဲ့အချက်ကတော့  GYM ဆော့တဲ့သူဟာ သူရဲ့ ကြွက်သားကို   သာမန်လူထက် ပို၍ နည်းလမ်းမှန်ကန်စွာ စနစ်ကျစွာ၊ တစိုက်မတ်မတ်၊ အနာခံ အပင်ပန်းခံ အသုံးပြုခဲ့လို့ပဲဖြစ်ပါတယ်။

ယုံကြည်ခြင်းဟာလည်း ထိုနည်း၎င်းပါပဲ၊ ဘုရားသခင်ဟာ ယုံကြည်သူတယောက်စီထံ ယုံကြည်ခြင်းကို သမ္မာကျမ်းစာ (နှုတ်ကပတ် စကားတော်) အားဖြင့်  အညီအမျှ ဝေပေးထားပြီးသားဖြစ်ပါတယ်။ ဘယ်သူ့ကိုတော့ဖြင့် နည်းနည်းပိုပေး ထားတယ်ဆိုတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ရထားတဲ့ ယုံကြည်ခြင်းဟာ စစ်ကြော စုံစမ်းခြင်း ဘယ်လောက်များများကို ဘယ်လောက်အထိ သည်းခံရပ်တည် နိုင်ခဲ့သလဲ၊ ထိုအရာတွေအပေါ်မှာ ဘယ်လောက် ဝမ်းမြောက်နိုင်ခဲ့သလဲ၊ ဘယ်လောက်ထိ သက်သေ ထင်ရှားခြင်းကို ဖြစ်စေသလဲ ဆိုတဲ့အပေါ် ကိုလိုက်ပြီးတော့ ကွဲပြားနေတာဖြစ်ပါတယ်။  ဒါကြောင့် အခန်းငယ် ၄ မှာ ပြောထားသလို “သည်းခံခြင်း” စိတ်ဟာ အကုန်အစင်ပြုပြင်စေဖို့ ဆက်လက်ကြိုးစားဝန်ခံ ရမှာဖြစ်တယ်။