Skip to content

လူတိုင်း ကိုယ်ပြုတဲ့အမှုအရာတွေကို အသေချာဆန်းစစ်ကြည့်ရင် ဘယ်အရာတွေကိုတော့ မဆင်မခြင်လုပ်လိုက်ပြီး၊ ဘယ်အရာတွေကိုတော့ သေချာဂရုတစိုက်လုပ်မိခဲ့လဲဆိုတာ သိနိုင်မှာပါ။ အဲ့ဒီအထဲမှာ ဘယ်ဟာကပိုပြီးအလေးသာမလဲဆိုတာ ကိုယ်တိုင်အသိပါပဲ။ အထူးသဖြင့် နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ သတိပေးခြင်းကိုမခံ (တနည်း) မဆင်မခြင်နဲ့မိုက်ရူးရဲစွာလုပ်ဆောင် အသက်ရှင်တတ်သူတွေများလာတယ်ဆိုတာကို သတိချပ်ဖို့ရာအရေးကြီးပါတယ်။

‭သု တ္တံ ကျမ်း ၁၄း၁၆
“ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။”

ပညာရှိ(wise)ဖြစ်ခြင်းဆိုတာ နေရင်းထိုင်ရင်းနဲ့တော့ ဖြစ်မသွားနိုင်ပါဘူး။ တနည်းအားဖြင့် လိမ္မာသော သားသမီးဆိုတာ ဆိုဆုံးမသော မိဘဆရာသမားတွေရဲ့စကားကိုနားထောင်တတ်ခြင်း၊ အလေးထားတတ်ခြင်းတို့ကြောင့်သာ “လိမ္မာလိုက်တဲ့ကလေးတွေ” ဆိုပြီးခေါ်တတ်ကြသည် မဟုတ်လော။ ဒါကြောင့် ကြောက်၍ဒုစရိုက်ကိုရှောင်တတ်သူတွေဟာ ပညာရှိတဲ့သူတွေပဲလို့ဆိုတဲ့အခါမှာ၊ ထိုသို့ကြောက်ပြီး မပြုနိုင်လောက်စေတဲ့ အဆုံးအမ၊ သတိပေးခြင်းမျိုးတွေကို ခံယူတတ်ပြီး၊ အကျိုးဆက်ကို သတိပြုမိနိုင်သူတွေလို့နားလည်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မိုက်သောသူဟာ မာနဆိုတဲ့ ထောင်လွှားခြင်းတွေနဲ့အတူ ရဲရင့်တတ်လို့ပါပဲ။ ဘယ်လိုမျိုးလဲဆိုရင် “ငါ့သဘောနဲ့ငါ၊ ငါ့အကြိုက်နဲ့ငါ၊ ငါ့စိတ်အတိုင်းငါ” စသည်ဖြင့် ဘယ်သူဘယ်လိုသတိပေးဆုံးမနေပါစေ၊ “ငါလုပ်မယ် ဘာဖြစ်လဲ”ဆိုတဲ့ မဆင်မခြင်၊ တွေးတောစဉ်းစားခြင်း မရှိသော လုပ်ဆောင်မှုမျိုးပင်။ ဒါကြောင့် ဒီကနေ့ ယုံကြည်သူလူငယ်တွေအတော်များများဟာ ဝိညာဉ်ရေးရာမှာရင့်ကျက်မှုရှိမလာခြင်းက ဘယ်သူဘာပြောပြော ၊ ဘယ်လိုသတိပေးနေပါစေ ကိုယ့်ကိုကိုယ်သာဗဟိုပြုပြီး မဆင်မခြင်လုပ်ဆောင်နေတတ်ကြလို့ပါပဲ။ လောကအရာအသိပညာတွေများပြား တိုးပွါးသော်လည်း၊ ဝိညာဉ်ရေးကြီးထွားလာခြင်းမရှိသောကြောင့် ရင့်ကျက်ခြင်း တနည်းအားဖြင့် ပညာရှိကဲ့သို့အသက်ရှင်တတ်ခြင်းတည်းဟူသော “ကြောက်၍ဒုစရိုက်ကိုရှောင်တတ်သူများ”ဖြစ်လာဖို့ရာ စိတ်အားထက်သန်ခြင်းများ နည်းပါးလာကြပေသည်။ နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ လူငယ်များအနေဖြင့် သမ္မာတရားကိုနာယူတတ်ပြီး၊ နှုတ်ကပတ်တော်အတိုင်းဆင်ခြင်ကာ ဆရာသမား မိဘများ၏သတိပေးခြင်းကိုနာယူလျက် လုပ်ဆောင်တတ်ပါမည်အကြောင်း တိုက်တွန်းပါရစေ။

ဘယ်ယုံကြည်သူတိုင်းမဆို အသက်တာကို လက်လွတ်စပယ် မဆင်မခြင်အသက်ရှင်ဖို့ရာ မသင့်ပါဘူး။ ခရစ်တော်၌ရှိသော အသက်တာအသစ်ကို‭ ဤလောကထဲလျှောက်လှမ်းသွားရချိန်များမှာ ပိုလို့တောင်သတိပြုသင့်ပါတယ်။ ဘုရားသခင်ရဲ့သဏ္ဠာန်တော်နှင့်အညီဖန်ဆင်းခံရသူတွေ၊ အသွေးတော်နှင့်ရွေးနှုတ်ကယ်တင်ခြင်းခံရသူတွေ၊ ထာဝရအသက်ကိုယေရှုခရစ်အားဖြင့်ခံရသူတွေမှန်း ကိုယ်တိုင်သိပါလျက်နှင့်ပင် ဘုရားရှင်၏ဘုန်း၊ နာမတော်ကို ထောက်ထားခြင်းမရှိသော မဆင်မခြင်အပြုအမူ၊ အပြောအဆို၊ စိတ်သဘောများကို မွေးမြူရှင်သန်သွားဖို့ရာ မဖြစ်သင့်ပါဘူး။ ပြောဆိုသင့်သည့်အရာများ၊ ပြုမူလုပ်ဆောင်သင့်သည့်အရာများမှာပင်လျှင် ဆင်ဆင်ခြင်ခြင်ဖြင့် ပြောဆိုသင့်၊ လုပ်ဆောင်သင့်ပေသည်။

နောင်ကာလဆိုတဲ့ ဤခဲယဉ်းတဲ့ကာလမှာ အရွယ်သုံးပါးစလုံးသောလူတွေဟာ သတိပေးခြင်းကိုမခံလိုဘဲ ကမူးရှုးထိုး မဆင်မခြင် လုပ်ပစ်လိုက်ချင်စိတ်တွေသာ ပိုလို့ပြင်းထန်လာကြပါတယ်။ ဒီကနေ့ ယုံကြည်သူများအနေဖြင့်လည်း ကိုယ်တိုင်က လောကီရေးရာ၌သော်လည်းကောင်း၊ ဝိညာဉ်ရေးရာမှာသော်လည်းကောင်း ခရစ်တော်၌ကိုယ့်ရဲ့ဖြစ်ခြင်းကို သိမှတ်ပြီး သခင့်ရဲ့ဘုန်းကိုထောက်ရှုကာ သတိပြုဆင်ခြင်ပြုမှုလုပ်ဆောင်နေပါမည်အကြောင်း တိုက်တွန်းရင်း

မေတ္တာဖြင့်