Skip to content

ကောင်းမြတ်တဲ့အရာကို မကြိုက်မနှစ်သက်တတ်သူဆိုတာ မရှိပါဘူး။ သို့ပေမယ့် ထူးဆန်းတာက နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ လူတွေဟာ ကောင်းမွန်တဲ့အရာတွေကို မုန်းလာကာ မနှစ်သက်တတ်ကြတော့ပါဘူး။ ဒီကနေ့ ခေတ်ကာလမှာ ကမ္ဘာနှင့်အဝှမ်း သတိထားကြည့်မိရင် ကောင်းမြတ်တဲ့အရာရဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ မကောင်းသောအရာတွေကို သာချစ်မြတ်နိုးတတ်လာကြပါတယ်။

ရောမဩဝါဒစာ ၁၂း၉
“မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။”

ဒီကနေ့ခေတ်ကာလမှာ မေတ္တာတရားဆိုသည့် စကားက နှုတ်၌သာရှိပြီး၊ လက်တွေ့မှာတော့ မစစ်မှန်ကြတော့ပါ။ ထိုသို့မစစ်မှန်သော မေတ္တာကြောင့် ဆိုးညစ် မကောင်းမြတ်သည့်အမှုအရာတွေကို စက်ဆုပ်ရွံရှာရမည့်အစား၊ ချစ်ခင်နှစ်သက်မြတ်နိုးလာကြသည်။ ပျော်မွှေ့လာကြသည်။ ကောင်းမွန်သောအမှုအရာတွေကိုကြတော့ မှီဝဲဆည်းကပ်သူတွေနည်းပါးလာကြသည်။ ကောင်းသောအမှုရာမှန်းသိလျက်နှင့်၊ ကိုယ့်အတွက်အကျိုးကြီးသည့်အရာမှန်းသိလျက်နှင့်နှစ်နှစ်ကာကာငြင်းပယ်ထားကြလေသည်။

အထူးသဖြင့် ခရစ်ယာန်လူငယ်မောင်မယ်အချို့ကိုကြည့်လျှင် တနင်္ဂနွေဝတ်ပြုခြင်းတွေ၌ လူရှေ့မှာချီးကျူးဖွယ် ဝတ်စားဆင်ယင်မှု၊ ပါဝင်ဆက်ကပ်မှုမျိုး အပြင်သဏ္ဌာန် ကောင်းမွန်မှုတွေရှိတတ်ကြပေမယ့် အခြားသောအချိန်တွေမှာတော့ ဘုရားနှစ်သက်တာထက် ကိုယ်နှစ်သက်သည့်အရာကိုသာ ဦးစားပေးနေကြသည်။ ထိုနည်းတူပဲ အချို့သော အမှုတော်ဆောင်များလည်း ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာအချိန်တွေမှာ လူရိုသေဖွယ်ရာအနေအထားရှိသော်လည်း အချို့သောပုဂ္ဂလိကအချိန်တွေမှာတော့ မကောင်းမြတ်သောအရာတွေကို ချစ်နှစ်သက်ကာ သုံးဆောင်နေကြသည်။

ဒါကြောင့် ကျွန်ုပ်တို့တတွေပြန်ဆန်းစစ်သင့်သည်မှာ ကျွန်ုတို့၏ “မေတ္တာစိတ်သည်စစ်မှန်ပါ၏လော”။ “God is Love”လို့နှုတ်ကဆိုကာ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကိုခံစားရပါတယ်၊ ဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာသာအကောင်းဆုံးပါ၊ အခြားသောအရာဘာမှမလိုချင်တော့ဘူး စသည်ဖြင့်ဟစ်ကြွေးလိုက်သော်ငြားလည်း ဘုရားရှင်နှင့်လူတွေအပေါ်ပြန်ပေးလိုက်သည့် မေတ္တာစိတ်ဟာ စစ်မှန်ပါရဲ့လား။ မစစ်မှန်ဘူးဆိုရင် သေချာတာကတော့ ဆိုးညစ်သောအမှုတွေကို ထိုမစစ်မှန်သည့်မေတ္တာနှင့်အရင်းခံလျက် ကျွန်ုပ်တို့လုပ်ဆောင်မိသွားနိုင်ပေသည်။ စက်ဆုပ်ဖွယ်သောအရာတွေကို မေတ္တာအလွဲနှင့် နှစ်သက်နေမိပေမည်။

ဘုရားရှင်၏မေတ္တာသည် စစ်မှန်သောမေတ္တာဖြစ်သည်။ စစ်ဆေးစရာတောင်မလိုပါ။ ပကတိမေတ္တာစစ်(everlasting love)ပါ။ သို့သော်ကျွန်ုပ်တို့မေတ္တာကရော စစ်မှန်သည် မမှန်သည်ကိုတော့ စစ်ဆေးဖို့လိုအပ်ပါသည်။ တခါတရံ “ဘုရားရှင်မေတ္တာနှင့်သင့်ကိုကျွန်ုပ်ချစ်သည်”လို့ ပြောကြတဲ့အခါမှာ ပိုလို့တောင် စစ်ဆေးဖို့လိုပါသည်။ ဘာကြောင့်လဲဆိုရင် ဘုရားမေတ္တာ ပါလာလို့ပါပဲ။ ဘုရားမေတ္တာပါသောကြောင့် ဘုရားရှင်ပြုသကဲ့သို့ဆိုတဲ့ လုပ်ဆောင်မှု(action)လည်းပါလာသင့်ပါတယ်။

ဘယ်အမှုအရာမဆို အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် လုပ်ပစ်လိုက်ဖို့ရာ မခဲယဉ်းပါဘူး။ သို့သော်လည်း ဆိုးညစ်၍ မကောင်းမြတ်သောအရာတို့ကို ချစ်နှစ်သက်လာသောအခြေအနေဖြစ်သွားလောက်တဲ့အထိတော့ မမိုက်မဲသင့်ပါ။ ကောင်းမြတ်တဲ့အရာတွေကို မနှစ်သက်မုန်းတီးခြင်းက ကိုယ့်ကိုယ်ကိုဖျက်ဆီးနေသည်နှင့်တူသည်မဟုတ်လော။ ယနေ့ခရစ်ယာန်လူငယ်၊ လူကြီး၊ အမှုတော်ဆောင်များလည်း ကောင်းသောအမှု၌ပညာရှိဖြစ်စေပြီး ဆိုးသောအမှု၌အပြစ်ကင်းစေဖို့ရာ သတိပြုကာအသက်ရှင်ဖို့အင်မတန်မှ အရေးကြီးပါတယ်။

ချစ်သောညီကိုမောင်နှမတို့ ကောင်းမြတ်စုံလင်သောအရာရှိသမျှတို့ဟာ အလင်းတို့ရဲ့အဖထံတော်မှလာတယ်ဆိုတာ မမေ့ပါနဲ့။ ဤလောကကြီးထဲမှာ ဆားအဖြစ်၊ အလင်းအဖြစ် အသက်ရှင်ကာ လောကရဲ့ဆိုးညစ်မှုတွေကို လုံးဝချစ်မြတ်နိုးခြင်းမရှိဘဲ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို အသက်တာမှာစစ်မှန်သောမေတ္တာစိတ်ဖြင့် ထင်ရှားစေလျက်၊ အထူးသဖြင့် နောင်ကာလတည်းဟူသောဤခဲယဉ်းသောကာလမှာ သတိပြုနိုင်ပါမည်အကြောင်း တိုက်တွန်းရင်း

မေတ္တာဖြင့်