Skip to content

လက်ဆောင်” ဟု ဆိုလိုက်လျှင် ကောင်းမွန်သော အငွေ့အသက်တစ်ခုအား ခံစားမိတတ်ကြမည်။ မျက်လုံးထဲတွင်လည်း ပါဆယ်ထုတ်ထားသော ပစ္စည်းတစ်ခုခုအား ပြေးမြင်မိလေ့ရှိကြပါလိမ့်မည်။ ထို့အတူ လက်ဆောင်ရလျှင် ပျော်တတ်ကြသူများရှိသကဲ့သို့ လက်ဆောင်ပေးခြင်းအား နှစ်သက်သူများလည်းရှိကြသည်။

လက်ဆောင်ပေးခြင်းသည် ထိုသူအပေါ်၌ ဂရုစိုက်ခြင်း သို့တည်းမဟုတ် စေတနာရှိခြင်းများကြောင့်ဟု ဆိုနိုင်သကဲ့သို့ ထိုလက်ဆောင်အားလက်ခံရရှိသူသည်လည်း ပေးသူ၏ စိတ်အား ခံစားရနိုင်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာစိတ်နှင့်လည်း ပျော်ရွှင်ခံစားရလေ့ရှိပါသည်။

ယခုကာလသည် လက်ဆောင်များ ပေးလေ့ ရယူလေ့ရှိကာ လဲလှယ်ခြင်းများလည်း ရှိတတ်ကြသည့် ဒီဇင်ဘာလပင် … ထို့ကြောင့် အရောင်းစင်တာများ၌ လူစည်ကာ လက်ဆောင်များ ပြင်ဆင်လေ့ရှိကြသည်။ ထိုသူများအထဲ၌ ကျွန်ုပ်လည်း အပါအဝင် …

ခင်မင်သူများဆီသို့ လက်ဆောင်များအား တတ်နိုင်သလောက် စီစဥ်ကာ ပေးလေ့ လဲလှယ်လေ့ ရှိကြသော ဤကာလသည် “Merry Christmas” ဟု နှုတ်ဆက်လေ့ရှိကြသောကာလတစ်ခုပင်ဖြစ်ချေသည်။

ကျွန်ုပ်တို့သည် လူအချင်းချင်း ပေးလေ့ရှိကြသော လက်ဆောင်များအပေါ်၌ မည်မျှ ပျော်ရွှင်ကာ မည်မျှဝမ်းမြောက်ဝမ်းသာ ရှိခဲ့ဖူးကြပါလိမ့်ဟု စဥ်းစားကြည့်ပြီးလျှင် …

သင်နှင့်ကျွန်ုပ်အတွက် ဘုရားပေးသော လက်ဆောင်ကိုသာ ရရှိခဲ့မည်ဆိုလျှင် မည်မျှဝမ်းသာကာ မည်မျှပျှော်ရွှင်ပါမည်နည်း …

ဟေရှာယအနာဂတ္တိကျမ်း ၉:၆
အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။

ထိုတည်းတူ လူအချင်းချင်း လက်ဆောင်များပေးသည့်အခါ စိတ်ထဲ၌ ရှိသဖြင့် ဂရုစိုက်သဖြင့် ချစ်သောကြောင့် ပေးသည်ဟုဆိုလျှင် …

ဘုရားသခင်ပေးသော ထိုလက်ဆောင်သည် သင်နှင့်ကျွန်ုပ်အား ဘုရားသခင်သည် မည်မျှစိတ်တော်ထဲ၌ရှိ၍ ဂရုစိုက်ကာ မည်မျှချစ်ပါလိမ့်မည်နည်း …

ရှင်ယောဟန်ခရစ်ဝင် ၃:၁၆
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။

ထိုလက်ဆောင်သည် သခင်ယေရှုပင် … ထိုသူသည် သင်နှင့်ကျွန်ုပ်အတွက် ဘုရားပေးသော လက်ဆောင်ပင် … ထိုသခင်ယေရှုကြောင့်သာ သင်နှင့် ကျွန်ုပ်သည် အပြစ်ငရဲမှလွတ်မြောက်ရခြင်းဖြစ်သည်။ ယနေ့ပင် ထိုလက်ဆောင်အား လက်ခံရယူသူသည် ပျက်စီးခြင်းငရဲမှလွတ်မြောက်ကာ ထာဝရအသက်အား ရရှိပြီဖြစ်ပါသည်။

ထိုလက်ဆောင်အား ရယူချင်လျှင် (သခင်ယေရှူအား ခေါ်ဖိတ်လက်ခံချင်လျှင်)

ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူကာ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာ ရှင်ပြန်ထ​မြောက်တော်မူတာကို ယုံကြည်လက်ခံပါတယ်။ 

ထို့ကြောင့် “Christmas” ဟုဆိုတိုင်းတွင် လက်ဆောင်အတော်များများရတတ်ကြ ပေးတတ်ကြသော်လည်း “သခင်ယေရှု” တည်းဟူသော သင်နှင့်ကျွန်ုပ်အတွက် ဘုရားပေးသော လက်ဆောင် မပါလျှင် “Christmas” ၏ အနှစ်သာရပျောက်နေပါဦးလိမ့်မည်ဟုပင် ဆိုကာ အားလုံးပဲ “Merry Christmas” ပါ …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။