Skip to content

မစိုးရိမ်နဲ့ အားယူပါ

“ကိစ္စများမြောင် ဤလူ့ဘောင်” ဟု ဆိုသည့်အတိုင်း ကျွန်တော်တို့ စားရေးသောက်ရေး၊ နေရေးထိုင်ရေး ကိစ္စအဝဝတို့သည့် တစ်နေ့ထက် တစ်နေ့ ရှုပ်လွန်းထွေးလွန်းလှပေသည်။ အလုပ်ကိစ္စလည်း ပူရပန်ရ၊ သားသမီးရေးလည်း ပူရပန်ရ၊ မိသားစုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နေရေးထိုင်ရေး စသဖြင့် ပူပန်ရလွန်းလှသည်မှာလည်း ဤလူ့ဘောင်ပေတည်း။

စိုးရိမ်မှုပေါင်း သောင်းခြောက်ထောင်အား ရင်ဝယ်ပိုက်ကာ ရင်တမမနှင့် ဖြတ်သန်းလာခဲ့ကြသည်မှာ အတော်အသင့်တော့ ခရီးရောက်ခဲ့ကြပေမှာ ပေါ့။ စိတ်ပူခြင်း၊ စိုးရိမ်မိခြင်းသည် မမှားချေ၊ သို့သော်လည်း အစိုးရိမ်လွန်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်စေတတ်သည်ကိုတော့ သတိချပ်စေချင်သည်။

ယနေ့တွင်တော့ မိမိတို့၏ စိုးရိမ်စိတ်များအား ခဏအနားပေးကာ အနည်းငယ်လောက်ပင်ဖြစ်စေ အချိန်ယူ၍ သေသေချာချာ အာရုံစိုက်ကာ ပြန်လည် ဆင်ခြင်ကြည့်ကြပါစို့။

(၁) အခက်ခဲရဆုံးသော အချိန်ကာလများအား ပြန်လည် မြင်ယောင်ကြည့်ပါ။

(၂) အဆင်မပြေသည့်အရာများအား ပြန်လည် စဥ်းစားကြည့်ပါ။

(၃) ကျော်ဖြတ်ခဲ့သော အချိန်ကာလများနှင့် ကျော်ဖြတ်နေချိန်၊ ကျော်ဖြတ်ခဲ့ပြီးသည့် အချိန်ကာလများနှင့်အတူ စိတ်ခံစားချက်များအား ပြန်လည် တွေးကြည့်ပါ။

ထိုသို့ ပြန်လည် ရေတွက်ကြည့်ရင်း “မစိုးရိမ်နဲ့ အားယူပါ ဘုရားဖြေရှင်းပေးမှာ” ဟူသော ဆရာဦးညွန့်လှသီဆိုချီးမွမ်းသည့် သီချင်းလေးအား ပြန်လည် နားထောင်ကာ မြည်တမ်း ချီးမွမ်းကြခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်စီ စိုးရိမ်လွန်နေခြင်းများအား ကျော်ဖြတ်ကြပါစို့။

ရောမဩဝါဒစာ ၈:၂၆
ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။

ချစ်သောမိတ်ဆွေ … သင်နှင့်ကျွန်တော်တို့ မတောင်းခင်ကတည်းကသိသော ဘုရားသခင်ဖြစ်သည်ဟု ကျမ်းစာလာသည်အတိုင်း ထိုဘုရားသခင်သည် ကျွန်ုပ်တို့၏ ကိုယ်စီကိုယ်စီ စိုးရိမ်ခြင်းများ၊ အဆင်မပြေခြင်းများ၊ လိုအပ်နေခြင်းများ အားလုံးကို သိသောဘုရားလည်းဖြစ်ပေသည် မဟုတ်ပါလား …

အခက်အခဲများအား ကျော်ဖြတ်ခဲ့ဖူးသကဲ့သို့ ကျော်ဖြတ်နိုင်ဦးမည်၊ အဆင်မပြေခြင်းများအား ဖြတ်ကျော်နိုင်ခဲ့ဖူးသကဲ့သို့ ဖြတ်ကျော်နိုင်ဦးမည်၊ စိုးရိမ်ခြင်းများအား ကျော်လွှားဘိသကဲ့သို့ ကျော်လွှားရဦးပေလိမ့်မည်။

ယနေ့ တီးတိုးဆုတောင်းခြင်းပင် မပြုခဲ့သော်လည်း ဘုရားသခင် အဖြေပေးခဲ့သည်မှာ မည်မျှရှိခဲ့ပြီနည်း။

ယနေ့ ဆုမတောင်းခဲ့သော်လည်း စိတ်ထဲမှတောင့်တမှုအား ပြည့်စုံစေခဲ့ဖူးပါသလား။

ယနေ့ ဆုလည်းမတောင်း၊ တွေးလည်းမတွေးမိသော်လည်း ဘုရားသခင်ပေးခဲ့ဖူးပါသလား။

ယနေ့ ဤအရာများအားလုံးကိုလည်း ပြန်လည်ဆင်ခြင်အောက်မေ့ရင်း “မစိုးရိမ်နဲ့ အားယူပါ” ဟုထပ်လောင်း ခွန်အားပေးကာ သင်နှင့်ကျွန်ုပ်အား ဘုရားသခင်၏ အလိုတော်နှင့်အညီ ရုပ်လုံးဖော်ပါစေသား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။