Skip to content

 ရန်ငြိုးဖွဲ့လိုသောသဘောဟာ ကလဲ့စားချေလိုသောစိတ်ရှိခြင်းဖြစ်ပါတယ်။ ခွင့်လွှတ်ဖို့မဖြစ်နိုင်၊ မကျေအေးနိုင်သောစိတ်သဘောလို့ဆိုပါရစေ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ တဦးနှင့်တဦး ရန်ငြိုးထားခွင့်မလွှတ်နိုင်ခြင်းတွေများပြားလာတာနှင့်အတူ ယုံကြည်သူအယောက်စီတိုင်းလည်း သတိထားနိုင်ဖို့ရာအရေးကြီးပါတယ်။ ဘုရားရှင်ရဲ့ခွင့်လွတ်ခြင်းကျေးဇူးကိုခံရပြီး၊ ဘုရားသားသမီးဆိုပြီး ကိုယ့်ကိုနာကျင်စေသူတွေကို ပြန်ပြီးနာကျင်စေချင်သောစိတ်နှင့် မကျေအေးနိုင်၊ အငြိုးထားခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ နှုတ်လျှာပါးစပ်ကနေခွင့်လွှတ်ပြီး၊ စိတ်နှလုံးကနေ အငြိုးအတေးထားကာ ဟန်ဆောင်ခြင်းကဘုရားလူရဲ့ဟန်မဟုတ်ဘဲ လောကဆန်ခြင်းသာ။

သုတ္တံကျမ်း ၁ဝး၁၈
“အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။”

ရန်ငြိုးဖွဲ့ခြင်းသဘောဟာ ကလဲ့စားချေလိုစိတ်ရှိတယ်လို့အထက်မှာပြောခဲ့ပါပြီ။ ကလဲ့စားချေလိုစိတ်ရှိပြီဆိုကတည်းက ချစ်တတ်သောစိတ်ထက် မုန်းတီးမှုက ပိုများနေပါပြီ။ သုတ္တံဆရာကတော့ ထိုသဘောကိုဘာနဲ့ကျွန်ုပ်တို့တတွေဖုံးအုပ်ထားတတ်ကြသလဲဆိုတာကိုပြောပြနေပါတယ်။ အခြားတော့မဟုတ်ပါဘူး “မုသားနှုတ်ခမ်းပါ”။ ကျွန်ုပ်တို့ နှုတ်ခမ်းက ကျွန်ုပ်တို့ရဲ့ အတွင်းနှလုံးသဘောကို ဖွင့်လှစ်ပြတတ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့တတွေသူတပါးအပေါ်ခွင့်လွှတ်ပါတယ်ဆိုတဲ့စကားက မုသားနှုတ်ခမ်းနှင့်ပြောပြီး၊ မုသားတွေနှင့်ဖုံးအုပ်လိုက်တာမျိုး မဖြစ်စေဖို့ ကိုယ်တိုင်သတိပြုဆင်ခြင်ဖို့အင်မတန်မှလိုအပ်ပါတယ်။ စကားနှင့်ခွင့်လွတ်တာမခက်ပေမယ့်၊ စကားနောက်တရားပါဖို့ကတော့ ခက်ပါတယ်။

သုတ္တံကျမ်း ၂၆း၂၄
“အ​ငြိုး​ထား​သော​သူ​သည် နှုတ်​ဖြင့်​လျှို့​ဝှက်၍၊ ကိုယ်​ထဲ​မှာ လှည့်​စား​သော​သ​ဘော​ကို ဝှက်​ထား​တတ်၏။”

‭‭ချစ်ခြင်းထက် အမုန်းတွေသာရှိနေသူကတော့ အမြဲဟန်ဆောင်တတ်ကြပါတယ်။ ပြောစကားတွေနဲ့ဟန်ဆောင်ကောင်းပြီး အတွင်းသဘောမှာလှည့်စားခြင်းတွေကနေရာယူနေပါတယ်။ ဒီလိုအသက်ရှင်နေတာကို အခြားသူတွေမမြင်မသိပေမယ့် ကိုယ့်အခြေအနေကိုတော့ကိုယ်တိုင်သာ ကောင်းကောင်းကြီးသိပါလိမ့်မယ်။

ဓမ္မရာဇဝင်ထဲမှာ ယွာဘရဲ့အငြိုးကြီးခြင်းကို သတိထားမိကြမှာပါ။ ညီအာသဟေလသေခြင်းအတွက် အာဗနာအားအငြိုးအတေးထားကာ သတ်ခဲ့ကြပါတယ်။ ရှင်ဘုရင်ဒါဝိဒ်ရဲ့ခွင့်လွတ်ပေးလိုက်ခြင်းကိုတောင် စောဒကတက်ပြီး အနောက်ကနေလိုက်ကာ ရှင်းပစ်တဲ့အထိအငြိုးထားခဲ့တာကိုမြင်တွေ့ရမှာပါ။ ဒါကြောင့်တခါတရံ ကျွန်ုပ်တို့ယုံကြည်သူတွေလည်းထိုနည်းတူပါပဲ။ ယေရှုခရစ်အားဖြင့် ဘုရားရှင်ရဲ့ခွင့်လွှတ်ခြင်းကိုခံရသောကြောင့် သခင်ခွင့်လွှတ်သလိုခွင့်လွှတ်ဖို့နှုတ်ကပတ်တော်ကရှင်းလင်းစွာ သတိပေးလျက်နှင့်ပင်၊ ကိုယ်တိုင်ကလည်းသိနေလျက်ပင် အငြိုးထားကာ ခွင့်မလွှတ်နိုင်သည့်အဖြစ်က စိတ်မကောင်းစရာပင်။ ကိုယ့်ကိုယ်ကို လှည့်စားနေခြင်း မဟုတ်လော။

သုတ္တံကျမ်း ၁ဝး၁၂
“မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား၊ ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။”

အမြဲတမ်း ရန်မူလိုစိတ်က ဘာကြောင့်ဖြစ်နေရသလဲဆိုရင် အဖြေကရှင်းပါတယ်။ မုန်းသောစိတ်ကြောင့်ပါပဲ။ ကိုယ့်အပေါ်ဘာမှမလုပ်ရင်တောင်မှ အကြောင်းမဲ့သူတပါးကို ထိခိုက်စေချင်တာ၊ နာကျင်စေချင်တာ၊ ဒုက္ခရောက်စေချင်နေတဲ့စိတ်မျိုးပေါ့။ ဘာမှမဟုတ်သေးငယ်တဲ့အရာလေးတွေမှာတောင် တစိတ်ကိုတအိတ်ချဲ့ပြီးမုန်းတဲ့စိတ်နှင့်ကိုယ့်ကိုကိုယ်ပြဿနာထဲဦးတည်သွားစေတဲ့အနေအထားမျိူးပါ။ သို့သော် ချစ်သောစိတ်ကတော့ မုန်းသောစိတ်နှင့်ဆန့်ကျင်ဖက်ပါပဲ။ အသေးအမွှားမကလို့ အကြီးအမားဆုံးအပြစ်တွေကိုပင်လျှင် ဖုံးအုပ်နိုင်စွမ်းရှိပါတယ်။

ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်သလို ထိုချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အပြစ်ရှိနေစဉ်ပင် ထင်ရှားစွာပြလျက် အပြစ်ရှိသမျှကိုဆေးကြောကာကယ်တင်ပြီးချစ်သော အံဩဖွယ်ဘုရားပါ။ ဒါကြောင့် နေ့ရက်တိုင်းအသက်တာမှာ အံဩဖွယ်ရာလက္ခဏာကိုမြင်ချင်တယ်ဆိုရင် အငြိုးမထားဘဲ၊ အမုန်းစိတ်နှင့်အသက်မရှင်ဘဲ သခင်ချစ်သလို ချစ်ကြည့်ပါ။ ချစ်သောစိတ်ရှိခြင်းက မတရားခံနေရ၊ အကြောင်းမဲ့လူတွေရဲ့လက်ညိုးထိုး ကဲ့ရဲ့ခံနေရ၊ အငြိုးအတေးခံနေရခြင်းတွေကို ရန်တုန့်မမူဘဲ ဖုံးအုပ်ပစ်လိုက်နိုင်တာပါ။ နာကျင်နေလျက်နဲ့ခွင့်လွှတ်ပေးလိုက်နိုင်တာပါ။ နာကျင်ခြင်းကို အခြေပြုပြီး ကြင်နာဖို့ကိုသာရွေးချယ်ခြင်းလို့တောင်ဆိုနိုင်ပါတယ်။

နောက်ဆုံးသောကာလတည်းဟူသော ခဲယဉ်းသောအချိန်အခါမှာ ရန်ငြိုးဖွဲ့လိုသောစိတ်သဘောကိုဖြစ်စေတဲ့ အရာတွေကို အသက်တာမှာအခွင့်မပေးဘဲ ကိုယ့်ကိုယ်ကိုစောင့်ရှောက်တတ်ဖို့သတိပြုပါမည်အကြောင်းတိုက်တွန်းရင်း

မေတ္တာဖြင့်