ဒါဝိဒ်ကြီး၏ ဆင်ခြင်အောက်မေ့ခြင်းများသည် ကျွန်ုပ်တို့အတွက်တော့ အင်မတန်အတုယူဖွယ်ကောင်းလှသည်။ အခြေအနေအမျိုးမျိုးကြားထဲမှ သူ၏ ရင်တွင်းဖြစ် ဆာလံများသည် ထင်းကနဲ ဝင်းကနဲ တောက်ပလျက်ရှိနေသည်ကို လက်ခံကြမည်ထင်ပါသည်။
ထိုကဲ့သို့ မြည်တမ်းခြင်းများ၊ ဆင်ခြင်အောက်မေ့ခြင်းများ၊ ချီးမွမ်းခြင်းများ စသဖြင့် အဖွဲ့အနွဲ့ အရေးအသားတို့သည် ကျွန်ုပ်တို့အတွက်တော့ ခွန်အားယူပြီးရင်း ယူနေရသည့် ဆာလံတေးသီချင်းများပင် …
ဒါဝိဒ်၏ “Metaphor” အလင်္ကာဖွဲ့နွဲ့ကာ ဆင်ခြင်အောက်မေ့ခြင်းတို့တွင် သိုးနှင့် သိုးထိန်းသည် ထင်ရှားလှသည်ကိုလည်း ကျွန်ုပ်တို့အသိပင်ဖြစ်သည်။ သိုးကျောင်းခြင်းမှသည် သိုးနှင့် သိုးထိန်းတို့၏ အလေ့အလာနှင့် ထာဝရဘုရားနှင့် သူ၏ ရင်းနှီးကျွမ်းဝင်မှု၊ ယုံကြည်စိတ်ချမှု၊ ထောက်မမှု၊ ကွယ်ကာမှုတို့အား တင်စားကာ ဆင်ခြင်ခဲ့သည်ကို “၂၃ ခုမြောက်သော ဆာလံ” တွင် မြင်တွေ့ခဲ့ကြရသည် မဟုတ်ပါလား …
ထိုနည်းတူ တောင်ရိုးကို မြင်မိကာ မျှော်ကြည့်ရင်း ထိုတောင်ရိုးအပါအဝင်၊ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းတော်မူသော ထာဝရဘုရားထံမှ သူ့အား မစခြင်းသည် ပေါ်ထွက်ပါသည်ဟု ဆင်ခြင်တတ်သူမှာလည်း ဒါဝိဒ်ကြီးပင်ဖြစ်ချေသည်ကို ကျွန်ုပ်တို့ မငြင်းနိုင်ပါ။
ဆာလံကျမ်း ၁၂၁:၂
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
ယနေ့တွင်လည်း ကျွန်ုပ်တို့သည် ဒါဝိဒ်ထံမှ သင်ယူကာ နေ့စဥ်ဆင်ခြင်အောက်မေ့ရင်း …
“နေပူ၊ မိုးရွာ” သည်ကို မြင်သည်နှင့် ဘုရားသခင်သည် ကောင်းသောသူ မကောင်းသောသူ၊ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူ အပေါ်မှာလည်း နေကိုပူစေသကဲ့သို့ မိုးကိုလည်း ရွာစေသူပါတကား …
“ချော်လဲ” သည့်အခါ၌လည်း ဖြောင့်မတ်သောသူသည် ခုနှစ်ကြိမ်လဲသော်လည်း ခုနှစ်ကြိမ်ပြန်ထဦးမည်ဖြစ်သကဲ့သို့၊ အချင်းရန်သူ ငါ့အပေါ်မှာ ဝါကြွားဝမ်းမမြောက်နဲ့ဦး ငါလဲသော်လည်း ထဦးမည်ဟု ကြွေးကြော်ရင်း …
“ဟောက်သံ” ကြားလျှင်လည်း စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မြိုရမည်နည်းဟု လှည့်လည်ကြည့်ရှုနေသည်ကို သတိပြုလျက် …
ခက်ခဲမှုများကြားထဲတွင် အမျိုးမျိုးသောအရာများအား မျှော်လင့်လေ့ မျှော်လင့်ထရှိကြသော်လည်း အရေးအကြီးဆုံးသောအရာမှာ ဒါဝိဒ်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးအပါအဝင် ကျွန်ုပ်တို့အား ဖန်ဆင်းပိုင်သ အုပ်စိုးတော်မူထသော ထာဝရဘုရားသခင်ထံမှ မစခြင်းအကြောင်းကို မျှော်လင့်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။