ပန်းကန်ဆေးဖို့ရာ ရေဖွင့်လိုက်သည်နှင့် ရေပူများထွက်ကျလာခဲ့လေသည်။ ရေပူများဖွင့်ထားမိသလားဟု မိမိတွေးလိုက်မိသေးသော်လည်း ထိုသို့မဟုတ်။ ပူလွန်းနေသည်တော့မဟုတ်သော်ငြားလည်း နွေးနွေးကလေးတော့ဖြစ်နေလေသည်။
ပုံမှန်ရေများသည် ရေပူမဖွင့်ထားလျှင် အေးနေတတ်သော်လည်း ယခုနွေးနေသည်။ အကြောင်းမှာ အပြင်ဘက်မှ ရာသီဥတုကြောင့်ပင် … အပူချိန်မည်မျှရှိသည်ကို တိတိကျကျမသိသော်လည်း သေချာသည်မှာတော့ အပြင်ဘက်တွင် ပူလွန်းနေခဲ့ပြီ။ နွေးဦးမို့ လေရူးတွေပင်တိုက်နေသည့်အလား …
“Spring” မို့ပင်ဖြစ်မည်။ ထို့ကြောင့်လည်း ရေပူမဖွင့်ထားသော်လည်း ပိုက်လိုင်းတလျှောက်စီးလာသော ရေများသည် ပူနေခြင်းပင် … တနည်းဆိုရလျှင် အပြင်ပိုင်း၏ အပူရှိန်ကြောင့် အတွင်းပိုင်းမှ ပိုက်လိုင်းတလျှောက်စီးထွက်လာသည့် ရေများပင် ပူလာခြင်းဟုဆိုလေရော့မလား …
တခါတရံတွင် ကျွန်ုပ်တို့၏ အသက်တာတွင် အပြင်ဘက်မှ အရာများကြောင့် အတွင်းပိုင်းတွင်လည်း ပြောင်းလဲလာတတ်သည်။ အပြင်ဘက်၏ ရိုက်ခတ်မှုကြောင့် အတွင်းပိုင်းတွင် လဲပြိုကျတတ်သကဲ့သို့ လောကဓံတရား၏ ရိုက်ခတ်ခြင်း၊ အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် အတွင်းပိုင်းသည် ပြောင်းလဲသွားတတ်ကြသည်။ သို့သော် ယနေ့တွင် ထိုရေ၏ အပြင်ဘက်ရာသီကိုလိုက်၍ ပြောင်းလဲခြင်းအား ဆင်ခြင်ကာ နှုတ်ကပတ်တော်အား ခွန်အားယူကြပါစို့။
ရောမဩဝါဒစာ ၈:၃၆
အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။
ရောမဩဝါဒစာတွင် တွေ့ရသကဲ့သို့ ဆင်းရဲခံရခြင်း၊ အမျိုးမျိုးသော “Suffering” များကြောင့် သို့တည်းမဟုတ် အပြင်ဘက်မှ အကြောင်းအရင်းများစွာကြောင့်ပင်ဖြစ်စေ အတွင်းပိုင်း၌လည်း မပြောင်းလဲကြဖို့ရန် သမ္မာသတိရှိဖို့ရန် ဘုရားရှင်ကောင်းကြီးရှိပါစေ။
ယနေ့မှစ၍ မည်သည့်အကြောင်းအရာဖြစ်ပါစေ၊ အပြင်ပိုင်းမှ မည်သည့်အရာများ၏ ဆွဲချခြင်း၊ နှိမ့်ချခြင်း၊ Suffering အမျိုးမျိုးပင်ဖြစ်ပါစေ သခင်ယေရှုခရစ်တော်၏ မေတ္တာတော်နှင့် ကျွန်ုပ်တို့သည် မကွာစေကြောင်း သတိပြုကာ အတွင်းပိုင်း၌ တည်ကြည်ခိုင်ခံ့သူများဖြစ်ကြပါစို့။
ဆုတောင်းချက်။ အိုအဖ … လက်ရှိကာလ၏ အခြေအနေအမျိုးမျိုးကြောင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စသည့် အရေးအရာများစွာကြောင့်ပင်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဥ်ပိုင်းဆိုင်ရာ နာကျင်မှုအမျိုးမျိုးကြောင့်ဖြစ်စေ၊ “Suffering” အမျိုးမျိုးကြောင့်ဖြစ်စေ အတွင်းပိုင်းတွင်လဲကျမသွားစေရန် မစပါ။ ဘယ်လိုအကြောင်းအရာမျိုးပင်ဖြစ်စေ ကိုယ်တော်၏ မေတ္တာတော်နှင့် အကျွန်ုပ်တို့အား မကွာစေနိုင်သည်ကို သတိပြုမိ၍ ခိုင်ခံ့စေပါမည့်အကြောင်း အရှင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင် …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။