အမှောင်နိုင်ငံဖြိုခွင်းရန် ဘုရားသခင်၏လက်နက်စုံများထဲမှ သစ္စာတည်းဟူသော ခါးပန်း၊ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာနှင့် ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောခြင်းငှာပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ် စသည့်အကြောင်းများကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် သစ္စာတည်းဟူသော ခါးပန်း (The Belt of Truth)ကိုစည်းထားမှသာလျှင် တနည်းကား သစ္စာတော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ အရှင်သခင် ယေရှုခရစ်ကို ယုံကြည်ကိုးစားမှသာလျှင် မည်သို့သောအခြေအနေ၊ အခက်အခဲများကို မဆို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်သလို ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းပါရမီရှိဖို့အတွက် သခင်ယေရှုပေါ်တွင် လုံးဝဥုသုံမူတည်နေဖို့ရန် လိုအပ်သည်သာမက ထိုသခင်၏ ဧဝံဂေလိတရားအတိုင်း အသက်ရှင်နေထိုင်ရန်နှင့် ထိုတရားကို ထပ်ဆင့်ဟောပြောနေခြင်းအားဖြင့် မာန်နတ်အား ဆီးတားတိုက်လှန်နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်မည့် ယုံကြည်ခြင်းတည်းဟူသော လွှား (The Shield of Faith) အကြောင်းကို ဆက်လက်ဖော်ပြချင်ပါသည်။
ခရစ်ယာန်အသက်တာ၌ ယုံကြည်ခြင်းသည် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ သမ္မာကျမ်းစာ၌လည်း “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်စိတ်တော်နှင့်မတွေ့” ဟုဖော်ပြထားပါသည်။ လွှား(ခေါ်) ဒိုင်းသည် ရန်သူပစ်သော မီးစက်လက်နက်၊ မြှားတို့ကို ကာကွယ်နိုင်သကဲ့သို့ ခရစ်ယာန်များအဖို့ ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ လွဲချော်သွားစေမည့် စာတန်မာရ်နတ်၏ ထိုးနှက်၊ တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်ပါသည်။ “ဘုရားဆိုတာမရှိဘူး၊ ဘုရားကမင်းကို မချစ်ဘူး၊ မင်းဆုတောင်းလည်း ဘာမှရမှာမဟုတ်ဘူး၊ ဆုမတောင်းနဲ့” စသော ထိုးနှက်တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ပါလိမ့်မည်။ မည်သို့ပင်တိုက်ခိုက်စေကာမူ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ ခိုင်ခန့်မြဲမြံ၍ ကျွန်ုပ်တို့၏ စိုးရိမ်ခြင်းရှိသမျှကို ဘုရားသခင် ကိုယ်တော်မြတ်အား အပ်နှံမည်ဆိုပါလျှင် ရန်သူ၏ တိုက်ခိုက်မှုကို အကောင်းဆုံးခုခံ၍ အောင်မြင်ဖို့ရန် ပြန်လည်တိုက်ခိုက်ပါမည်။ ထို့ကြောင့် လွှားတည်းဟူသော ယုံကြည်ခြင်းသည် ခရစ်ယာန်အသက်တာ၌ အလွန်အရေးကြီးပါသည်။
“သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။- လူအပေါင်းတို့ရှေ့၌ သင် တို့၏ ဖြည်းညင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။- အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။- ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဖွယ်သော အကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့် ဆိုင်သောအကျင့်တို့ကိုလည်းကောင်း၊ နှလုံးသွင်းကြလော့။- သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။”
(ဖိလိ ပ္ပိ ဩဝါဒစာ ၄ : ၄ – ၉)
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Ambassador of Christ နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။