ကျွန်တော်တို့သည် လူ့သဘောသဘာဝ အရ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သဘာဝလွန်ဖြစ်ရပ်လို့ သတ်မှတ်ကြပြီး အမှန်တကယ်မဖြစ်နိုင်ဘဲ ယုံတမ်းစကားဟူ၍သာ မှတ်ယူတတ်ကြသည်။ သို့သော် နာဇရက်မြို့သား သခင်ယေရှု သည် အပြစ်တစ်စုံတစ်ခုမှမရှိဘဲ ကျွန်ုပ်တို့ အပြစ်များအတွက် အသေခံကာ သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ခြင်းမှာ ဧကန်အမှန်စင်စစ်ဖြစ်ကြောင်းကို သမိုင်းအထောက်အထားအားဖြင့်သော် လည်းကောင်း၊ ဆင်ခြင်တုံတရား အားဖြင့်သော်လည်းကောင်းသိနိုင်ပါသည်။
၁။ သခင်ယေရှု၏ သင်္ချိုင်းဂူသည် လွတ်နေပြီး သမိုင်းပညာရှင်များက ယနေ့တိုင်အောင် သခင်ယေရှု၏ အရိုးစုကို ရှာမတွေ့နိုင်ကြသေးပါ။ သို့သော် ယေရှုခရစ်တော် အမှန်တကယ် တည်ရှိခဲ့ကြောင်းကို သမိုင်းမှတ်တမ်းများတွင်မူကား တွေ့ရှိနိုင်ပါသည်။
ဓမ္မသစ်ကျမ်းကို အထူးပြုသည့်ပညာရှင် တစ်ဦးလည်းဖြစ်၊ ဘာသာမဲ့တစ်ဉီးလည်းဖြစ်သည့် ဘာ့တ်အာမန်း (Bart Ehrman) က သခင်ယေရှု အမှန်တကယ် တည်ရှိခဲ့ကြောင်းကို သမိုင်းအထောက်အထားများတွင် များပြားစွာ တွေ့ရကြောင်း ပြောကြားခဲ့သည်။
၂။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်ယာန်ဘာသာလည်း မရှိနိုင်ပါ။ ထိုခေတ်ကာလအချိန် အစ္စရေးဒေသတွင် ဂျူးဘာသာအများဆုံး ထွန်းကားလျက်ရှိပြီး ရောမအုပ်ချုပ်သောကာလဖြစ်သည်။ သခင်ယေရှုကို ယုံကြည်သည်ဟုဆိုသောသူများကို နှိပ်စက်၊ ညှင်းပန်း သတ်ဖြတ်သောကာလ လည်းဖြစ်သည်။ ထိုအကြောင်းကို …
သမိုင်းပညာရှင်လည်းဖြစ် ၊ ဓမ္မသစ်ကျမ်းကို အထူးပြုလေ့လာသည့်ပညာရှင်တစ်ဦးလည်းဖြစ်သည့် Bishop N.T Wright က “အကယ်၍ သခင်ယေရှုသည် အသေခံပြီး ရှင်ပြန်ထမြောက်ခြင်းမရှိဘဲ သေမြဲသေနေပါက ထိုကဲ့သို့ ခက်ခဲသောကာလတွင် သခင်ယေရှုတပည့်တော်တို့သည် သူတို့၏ ယုံကြည်မှု နှင့် လှုပ်ရှားမှုများကို အမြန် စွန့်လွှတ်လိုက်ကြမည်ဖြစ်ပြီး ကိုယ်မသိသည့်အရာအတွက်သော် လည်းကောင်း၊ အလိမ်အညာတစ်ခုအတွက်သော် လည်းကောင်း အသက်စွန့်ကြမည်မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုသည် ကယ်တင်ရှင်ဘုရားဖြစ်ကြောင်း သူတို့ကို ယုံကြည်စေသည့် ထူးခြားသည့်အဖြစ်အပျက်တစ်ခု သေချာပေါက်ဖြစ်ပျက်ခဲ့ရမည်ဖြစ်သည်။ ဒါကြောင့်မို့လို့ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့ ဆိုရလျှင် သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ပါက ထိုကဲ့သို့ ခရစ်ယာန်များကို အထူးညှင်းပန်းနှိပ်စက်ပိတ်ပင်သောကာလတွင်မှ အဘယ်အကြောင်းကြောင့် ကနဦးခရစ်ယာန်ဘာသာ ထွန်းကားကျယ်ပြန့်လာပုံကို ရှင်းပြနိုင်စရာရှိမှာ မဟုတ်ပါဘူး”
ဟုဆိုခဲ့သည်။ (** ပထမရာစုနှစ်ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်းအကြောင်းကို သမိုင်းအထောက်အထားများတွင်တွေ့နိုင်သည်။)
၃။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကျမ်းစာထဲတွင်မှတ်တမ်းတင် ဟောပြောခဲ့ကြသော ကိုယ်တော်ရှင် ယေရှု၏တပည့်တော်များသည် ဂျူးလူမျိုးများဖြစ်ကြပြီး ၄င်းတို့သည် သေခြင်းမှရှင်ပြန်ထမြောက်သော သခင်ယေရှုအကြောင်းကို ဟောပြောခြင်းဖြင့်ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လှောင်ပြောင်အရှက်ခွဲခံရခြင်း နဲ့ အသေသတ်ခြင်းကိုသာ ခံခဲ့ရပါသည်။ ကျမ်းစာကိုပြန်ကြည့်လျှင်လည်း ရှင်ပြန်ထမြောက်သည့်ဖြစ်ရပ် မတိုင်ခင် ယေရှုလက်ဝါးကပ်တိုင်၌ မသေမီအချိန်တွင် ယေရှုတပည့်တော်များသည် ကြောက်လန့်တတ်သော သူရဲဘောကြောင်သည့် သူများအဖြစ်တွေ့ရှိရပါသည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းဖြစ်ရပ်အပြီးတွင် ထိုသူတို့သည် ယေရှခရစ်တော်၏ သတင်းကောင်းစကားကို ရဲရင့်စွာ အသက်ပေးဟောပြောခဲ့ကြကြောင်းကို သမိုင်းမှတ်တမ်းများတွင်တွေ့ရသည်။ အကယ်၍ ရှင်ပြန်ထမြောက်ခြင်းသည် အလိမ်အညာတစ်ခုဖြစ်ခဲ့လျှင် တပည့်တော်တို့ကလည်း ရှင်ပြန်ထမြောက်သော ယေရှုရှင်အား တွေ့မြင်ခြင်းမရှိခဲ့ပါက ၎င်းတို့သည် အလိမ်အညာတစ်ခုအတွက် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံကာ အသက်ကိုစွန့်ကြမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့လူသားများသည် အမှန်တရား တစ်ခုအတွက်ပင် အသက်စွန့်ဖို့ ကြောက်လန့်တတ်ကြသောသူများ မဟုတ်ပါ၏လော။
၄။ ဘုရားရှင်ယေရှု ၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် ခေတ်နှောင်းပိုင်းရောက်မှ လူအများတီထွင်လုပ်ကြံဖန်တီးမှု မဟုတ်ဘဲ ခေတ်ကာလအစောပိုင်း၏ မှတ်တမ်း အရင်းအမြစ်များထဲက
တွေ့ရနိုင်ပါသည်။
ဘာသာမဲ့တစ်ဉီးလည်းဖြစ်၊ ဓမ္မသစ်ကျမ်းအထူးပြုပညာရှင် ဂရက်ဒ်လူဒမန်း (Gred Ludemann) က ဓမ္မသစ်ကျမ်းတွင်ပါဝင်သော ယေရှု ရှင်ပြန်ထမြောက်ခြင်းအကြောင်းမှတ်တမ်းတင်ထားသည့် ကောရိန္သုဩဝါဒစာပထမစောင် ၁၅:၃-၈ (1 Corinthians 15:3-8) ကျမ်းပိုဒ်သည် ယေရှု လက်ဝါးကပ်တိုင်၌ အသေခံသည့် ဖြစ်ရပ်အပြီး ၂ နှစ်အတွင်းယေရှု တပည့်တော်များကြား ဓလေ့ထုံးတမ်းအဖြစ် ရွတ်ဆိုဖို့ရန် ဖွဲ့စည်းခဲ့သည့်စကားစု ဖြစ်နိုင်လောက်သည်ဟု မှတ်တမ်းတင်ခဲ့သည်။ သမိုင်းပညာရှင်များ၏မှတ်တမ်းအရလည်း ထိုကျမ်းပိုဒ်တွင်ပါသော အချက်အလက်များကို AD 30 မှ AD 33 အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်းပြောကြားခဲ့သည်။
၅။ ကိုယ်တော်ရှင် ယေရှုသည် ရှင်ပြန်ထမြောက်ပြီး သူ၏တပည့်တော်များတို့ ရှေ့တွင် ထင်ရှားပေါ်ထွန်းခဲ့ပြီး သူ၏ခန္ဓာကိုယ်ကိုထိခွင့်ပြုခဲ့သည်သာမက တပည့်တော်များနှင့် အတူ စားသောက်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် တပည့်တော်တို့သည် ထင်ယောင်ထင်မှားဖြစ်ကြခြင်းမဟုတ်ကြောင်းကိုသိနိုင်သည်။
စိတ်ပညာရှင် ဒေါက်တာ ဂယ်ရီဆင်လ်စီ (Psychologist Dr. Gary Sibcy) က လွန်ခဲ့သည့်နှစ် ၂၀ ကျော်အတွင်း ၄င်းရှာဖွေတွေ့ရှိသည့်သုတေသန အရ အုပ်စုလိုက်ထင်ယောင်ထင်မှားဖြစ်ခြင်း (group hallucinations) ဖြစ်ရပ်မျိုးမှာ လုံးဝမရှိခဲ့ကြောင်းပြောကြားခဲ့သည်။
၆။ ရှင်ပြန်ထမြောက်ပြီးသော သခင်ယေရှုအားတွေ့ကြုံခဲ့သော ကိုယ်တော်၏ တပည့်တော်များအပြင် မျက်မြင်သက်သေ ၅၀၀ ခန့်ရှိခဲ့ကြောင်းကို ကျမ်းစာက အတည်ပြုခဲ့သည်။ ခရစ်ယာန်ဘာသာဝင် မဟုတ်သော ဂျူးလူမျိုး ပညာရှင် တစ်ဦးဖြစ်သော ပေါ်လာဖရက်ဒရစ်စင် (Paul Fredrickson) ကလည်း …
“ယေရှုတပည့်တော်များကတော့ သူတို့ ရှင်ပြန်ထမြောက်သည့်ယေရှုကို တွေ့မြင်ခဲ့ကြတယ်လို့ ပြောတယ်၊ မည်သို့ပင်ဆိုစေကာမူ ရှင်ပြန်ထမြောက်တဲ့ ယေရှုကို သူတို့တွေ့မြင်တယ်ခဲ့တယ်လို့ ပြောပြီးတော့မှ သူတို့ရဲ့အသက်တာက ကြောက်ရွံ့ခြင်းမရှိတော့ဘဲ လုံးလုံး ပြောင်းလဲသွားခဲ့တယ်ဆိုတာ သမိုင်းအထောက်အထားအများအရငြင်းလို့မရဘူး၊ ကျွန်တော်က ယေရှုရှင်ပြန်ထမြောက်ခဲ့တယ်ဆိုပြီး ပြောချင်တာတော့ မဟုတ်ပါဘူး၊ သူတို့ ဘယ်အရာကို တွေ့ခဲ့လဲ ကျွန်တော်လဲမသိဘူး၊ ဘာလို့ဆို ကျွန်တော်လည်း အဲ့နေရာမှာ မရှိနေခဲ့လို့ပါပဲ။ ဒါပေမယ့် သမိုင်းပညာရှင် တစ်ယောက်အနေနဲ့ ကျွန်တော် ပြောနိုင်တာကတော့ ယေရှုတပည့်တော်တွေ ဒီလိုလုံးလုံးပြောင်းလဲပြီး ယေရှု အတွက် အသက်ပင်စွန့်ခဲ့ကြတယ်ဆိုတာကို ကြည့်ခြင်းဖြင့် သူတို့ သေချာပေါက် တစ်စုံတစ်ခုကို တွေ့မြင်ခဲ့ကြလို့ပဲဆိုတာကိုတော့ ကျွန်တော်သိပါတယ်။” ဟုပြောကြားခဲ့သည်။
၇။ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကျမ်းစာ (ဓမ္မသစ်ကျမ်း) က ဖန်တီးခဲ့ခြင်း မဟုတ်ပါ။ ရှင်ပြန်ထမြောက်ခြင်းအမှန်တကယ်ဖြစ်ခဲ့ခြင်းကြောင့်သာ ဓမ္မသစ်ကျမ်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သော T.N.D Mettingerနှင့် ဘာသာမဲ့တစ်ဦးဖြစ်သော စာပေပညာရှင် Bart Ehrman ကလည်း …
ခရစ်ယာန်ဘာသာမတိုင်မီက မည်သည့် ဘာသာများတွင်မှ ဘုရားသခင်သည် သေပြီး ရှင်ပြန်ထမြောက်သည် ဟူသော အယူအဆကို ယုံကြည်ကြခြင်းမရှိဘဲ ခရစ်ယာန်ဘာသာသည်သာ ပထမဆုံးဖြစ်ကြောင်း ပညာရှင်အများစုက သဘောတူလက်ခံကြတယ်လို့ ဆိုခဲ့ကြသည်။
ကျမ်းညွှန်းများ
ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။- ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။
– ရှင်လုကာခရစ်ဝင် ၂၄:၅-၆
ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။- ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။
– ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅-၂၆
ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။- သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
– ကောရိန္သုဩဝါဒစာပထမစောင် ၁၅:၃-၄
သေခြင်းတရားသည် နောက်တစ်ဖန် ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့် အတူ ရှင်လိမ့်မည်ဟု သဘောရှိကြ၏။
– ရောမဩဝါဒစာ ၆:၉
ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။
-ကောရိန္သုဩဝါဒစာပထမစောင် ၁၅:၁၇
တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လှန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ဝင်သော်၊- သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။
– ရှင်လုကာခရစ်ဝင် ၂၄:၂-၃
ကိုးကား
– The Resurrection of Jesus (The Historical Evidence)
– Evidence for Christians (FB Page)
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Jon Snow နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။