Skip to content

 “လုံလောက်တယ်” လို့ဆိုကြတဲ့အခါ ဘယ်အရာတွေအပေါ်မူတည်ပြီးပြောကြပါသလဲ။ ပမာဏတခုအပေါ်၊ အရေအတွက်အပေါ် ဒါမှမဟုတ် တတ်နိုင်စွမ်းရှိသည့်အပေါ်မှာ မူတည်ကာပြောတတ်ကြသည်မဟုတ်လား။ ငွေတသောင်းတန်သည့်ပစ္စည်းကို လိုချင်သူတယောက်မှာ ငွေငါးထောင်ပဲရှိသောကြောင့်၊ တတ်နိုင်သည့်ငွေနှင့်ဝယ်နိုင်သည့်ပစ္စည်းကိုဝယ်ယူပြီး “ဒါလည်း အဆင်ပြေပါတယ်”လို့ဆိုလိုက်ခြင်းက သူလုပ်ဆောင်စရာရှိသည့်အလုပ်အတွက်တော့လုံလောက်ကောင်းလုံလောက်ပေမယ့်၊ ငွေတသောင်းတန်သည့်ပစ္စည်းထံကို သူ့စိတ်ထဲရှိနေသေးမှာကတော့အမှန်ပါပဲ။ နောက်ထပ်ငွေတသောင်းကိုရအောင်ရှာမယ်၊ စုဆောင်းမယ်ဆိုတဲ့ဆန္ဒတောင်ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါဟာ ဘယ်လူသားမဆို ဖြစ်တတ်တဲ့သဘာဝလို့ဆိုရမှာပါပဲ။

မြန်မာအဘိဓာန်မှာ “လုံလောက်”ဆိုတဲ့စကားရဲ့အနက်အဓိပ္ပါယ်ကို “ပြည့်စုံစေ့ငသည်”လို့ဖော်ပြထားပါတယ်။ ဘယ်လိုအခြေအနေတရပ်ဖြစ်နေပါစေ၊ ပမာဏအတိုင်းအတာဖြစ်နေပါစေ၊ ရှိနေသည့်အရာက “ပြည့်စုံ”တယ်ဆိုတဲ့သဘောပင်။ ယနေ့ခေတ်ကာလအနေအထားကိုဦးတည်ပြီးနှိုင်းယှဉ်ရလျှင် ထိုစကားလုံးလေးက နှုတ်ခမ်းပေါ်မှာသာလုံလောက်ပြီး၊ နှလုံးသားမှာတော့ချို့တဲ့နေသည့်ပုံစံမျိုးထဲမှာရှိနေသည်။

ဝိညာဉ်ရေးရာအသက်တာမှာလည်းထိုနည်းတူပါပင်၊ အောင်မြင်သည့်အခါ၊ အဆင်ပြေသည့်အခါ၊ လစာကောင်းသည့်အခါ၊ သက်တောင့်သက်သာနေနေရသည့်အခါ၊ ကျန်းမာရေးကောင်းမွန်နေသည့်အခါမျိုးတွေမှာသာ “ကိုယ်တော်လုံလောက်တယ်”ဆိုပြီးဝမ်းပန်းတသာချီးမွမ်းကြွေးကြော်တတ်ကြပါတယ်။ သို့သော်လည်း ထိုအခြေအနေတွေနဲ့ဆန့်ကျင်ဖက်မျိုးတွေမှာတော့ “လုံလောက်တယ် တနည်း ပြည့်စုံစေ့ငခြင်း”က ရွေ့လျော့သွားလို့များလားမသိ နှုတ််ဆိတ်နေသူကနှုတ်ဆိတ်၊ မြော်လင့်ခြင်းမရှိတော့သလိုဝမ်းနည်းပက်လက်ဖြစ်နေသူကဖြစ်၊ စာတန်နှောင့်ယှက်တယ်ဆိုပြီးနာမတော်နဲ့နှင်ထုတ်တဲ့သူကထုတ်နဲ့ အတော်လေးဆောက်တည်ရာမရအဖြစ်တွေကြုံတွေ့ဖူးပါတယ်။

အကောင်းအဆိုးက နေ့စဉ်အတက်အကျမြန်ပြီး ပုံမှန်မဟုတ်တဲ့လောကထဲမှာ အသက်ရှင်နေရတာကိုယုံကြည်သူတွေအနေနဲ့ မမေ့သင့်ပါဘူး။ စာတန်ကတော့ဒီလောကကြီးကိုအစိုးရတဲ့အရှင်ဖြစ်သလို သူလုပ်စရာရှိတာကိုလုပ်နေတဲ့ ကျရှုံးပြီးသားသူတယောက်ပါ။

သခင်ကတော့သေခြင်းကိုအောင်မြင်ပြီး၊ လောကကိုအောင်တဲ့ဘုရားပါ။ ယောဘလိုမျိုး ဘုရားရဲ့လုံလောက်ခြင်းကိုသိပြီးချီးမွမ်းနိုင်ဖို့လိုသလို၊ ယောဘရဲ့ဇနီးလိုဘုရားရဲ့လုံလောက်တဲ့လက်တော်ရှိခြင်းကိုမမြင်ဘဲ ပြစ်တင်ကာစွန့်ပစ်ဖို့ကြံစည်သူများမဖြစ်ဖို့လည်းအရေးကြီးပါတယ်။

ယောဘကတော့ ဘုရားသခင်သည်လုံလောက်သောကြောင့် ဘာပေးပေးယူဖို့အသင့်ဖြစ်နေခဲ့ပါတယ်။ ဘုရားကိုအစဉ်ခိုလုံနေသူ၊ မြော်လင့်နေသူ၊ ကြောက်ရွံ့နေသူအဖို့ အခြေအနေပေါ်မူမတည်ဘဲ ချီးမွမ်းဝန်ခံနိုင်ဖို့ ဝန်မလေးပါ။ ကောင်းကြီးနှင့်အဆင်ပြေနေချိန်မှာသာ ချီးမွမ်းနေသူကတော့ ဘုရားကိုစွန့်ပစ်ဖို့လည်း ဝန်လေးနေမည်မဟုတ်ပေ။ အစဉ်လုံလောက်သော သူမှာဘုရားသခင်ပင်ဖြစ်ပါတယ်။ ထိုဘုရားသခင်က ကျွန်ုပ်တို့ရဲ့အသက်တာမှာ ခွင့်ပြုတဲ့အဆိုးပင်လျှင် သူရှိနေသောကြောင့် လုံလောက်တယ်ဆိုတာကိုသိမှတ်လျက်စိတ်ချနိုင်တာဖြစ်ပါတယ်။

ဒီကနေ့ကျွန်ုပ်တို့တတွေ ဖတ်ရှုဆင်ခြင်နေရတဲ့ သမ္မာကျမ်းစာကိုဘာသာပြန်ဆိုခဲ့ပေးတဲ့ ဆရာကြီးယုဒသန်ကိုစာဖတ်သူတွေသိပြီးသားပါ။ ဒါပေမယ့် ဘုရားရှင်ဟာလုံလောက်တယ်ဆိုတာကိုတော့ သူ့လောက်ကျွန်တော်တို့သိမှာမဟုတ်ပါဘူး။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် “ခရစ်တော်အတွက်သာမဟုတ်ခဲ့ရင်”ဆိုတဲ့စကားကသူအသက်တာမှာ ဘယ်လိုဘာတွေကြုံရပါစေ “သခင်ခရစ်တော်လုံလောက်တယ်”ဆိုတာကို စိတ်ချနေတယ်၊ ရှိနေတယ်ဆိုတွေ့ရပါတယ်။ စဉ်းစားကြည့်ပါ ဒီလောက်ဒုက္ခအခက်အခဲတွေကြားထဲမှာ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကို ပျောက်ဆုံးနေသောသူတွေအတွက် အလင်းပေးဖို့ နာကျင်ခြင်းတွေကြုံရလည်း၊ ဖြေမဆည်နိုင်စရာတွေရင်ဝယ်ပိုက်ခဲ့ရလည်း သူ့ကိုသိပြီး သူသိတဲ့သခင်ဟာ ထာဝရကာလထိတိုင်လုံလောက်တယ်ဆိုတာ ဘယ်လောက်တောင်စိတ်ချနေသလဲဆိုတာကိုပေါ့။

ဒီကနေ့သမ္မာကျမ်းစာကို ဖွင့်ဖတ်လိုက်တိုင်း သခင်ရဲ့လုံလောက်ခြင်းကိုခံစားရပါစေ။ အဲ့ဒီအပြင် ထိုကျမ်းစာအားဘာသာပြန်ဆိုပေးခဲ့တဲ့ဆရာကြီးယုဒသန်ဟာ သခင်ရဲ့လုံလောက်ခြင်းကိုစိတ်ချကာ အကြွင်းမဲ့ကိုးစားခဲ့ခြင်းကိုလည်းအမှတ်ရ ဆင်ခြင်နှလုံးသွင်းနိုင်ဖို့တိုက်တွန်းလိုပါတယ်။

နောက်ထပ်သတိထားရမည့်အပိုင်းကတော့ ဩဝါဒအပိုင်းပါပဲ။ လူကြိုက်များခေတ်စားတဲ့ “ကျန်းမာချမ်းသာဒေသနာ”တွေမှိုလိုပေါက်လာကြတဲ့အခါ၊ ကယ်တင်တော်မူသောသခင့်ရဲ့လုံလောက်သောနာမတော်ဟာ “လောဘ”နှင့်ယှဉ်လာပါတော့တယ်။ လုံလောက်ခြင်းနဲ့လောဘ ဟာလုံးဝဆန့်ကျင်ဖက်ပါ။ အထက်မှာပြောခဲ့သလိုပါပဲ လုံလောက်တယ်ဆိုတဲ့စကားက ပြည့်စုံစေ့ငတယ်ဆိုတဲ့သဘောရှိပြီးသားပါ။ လောဘကတော့အဲ့လိုမဟုတ်ပါဘူး။ လောဘတက်တယ်ဆိုတဲ့စကားပဲကြားဖူးပါလိမ့်မယ်၊ လောဘကျတယ်ဆိုတာမရှိပါဘူး။ လုံလောက်တယ်လို့အမှန်ဆိုနိုင်တဲ့သူမှာ လောဘတက်ခြင်းအင်မတန်နည်းပါတယ်။ ယုံကြည်ရင် ချမ်းသာမယ်၊ ကျန်းမာမယ်ဆိုရင် မချမ်းသာတာ၊ မကျန်းမာတာတွေက မယုံကြည်လို့ဖြစ်တဲ့သဘောသက်ရောက်နေပါပြီ။ မယုံကြည်လို့ဖြစ်တာဆိုပြီး တကူးတကတောင်ပြောစရာမလိုတော့ပါဘူး။ ဒီကနေ့ခရစ်ယာန်တွေထဲမှာ မချမ်းသာ၊ မကျန်းမာတဲ့သူတွေအများကြီးပါပဲ။ အဲ့ဒီလူတွေထဲမှာ ယုံကြည်ခြင်းအရာ၌ အံ့ဩမှင်သက်ဖွယ်ကောင်းလှတဲ့သူတွေအများကြီးပါပဲ။ ကြီးမြတ်တဲ့ဘုရားရဲ့အမှုတော်မှာ မချမ်းသာလို့၊ မကျန်းမာလို့ဆိုပြီး တွန့်ဆုတ်ညည်းတွားမသွားဘဲ ရှေ့ဆက်ကာအမှုဆောင်လျက်ရှိကြသူတွေအများကြီးပါပဲ။

သခင်ပေးတဲ့သရဖူနဲ့ပြင်ဆင်ထားတဲ့အခန်းရှိနေတယ်ဆိုတာ၊ ထိုအရာကိုပေးတဲ့သခင်အစဉ်လုံလောက်တယ်ဆိုတာကို ယုံကြည်လျက်ကောင်းကင်ဘဏ္ဌာကို သိုမှီးဆည်းပူးနေသူတွေကို သင်မမြင်ဘူး၊ မကြားဘူး၊ မထင်ရှားပေမယ့်လည်း သစ္စာရှိစွာအစေခံနေကြပါတယ်။ လုံလောက်သောသခင်ရဲ့စစ်မှန်တဲ့ သတင်းကောင်းကို ဝါကြွားခြင်းကင်း၊ လောဘရှင်းစွာဝေငှနေသောသူတိုင်းကို သခင်မြင်ပါတယ်၊ မစနေပါတယ်။ ဘာလို့လဲဆိုရင် သခင့်ရဲ့လူဇာတိခံ၊ အသေခံအသွေးသွန်း၊ ထမြောက်ခဲ့ခြင်း ဆိုတဲ့သတင်းစကားအတွက် အဖိုးအခပေးကာအမှုဆောင်နေသူကို သခင်သိလို့ပါပဲ။ လုံလောက်တဲ့သခင်နဲ့သခင့်ရဲ့ကယ်တင်ခြင်းအကြောင်းကို ဘယ်တော့မှလုံလောက်မလာနိုင်တဲ့လောကကြီးထဲမှာ ဟောပြောဝေငှအသက်ရှင်နေဖို့လိုပါတယ်။

ကျန်းမားချမ်းသာဒေသနာကတော့ ဘယ်တော့မျှလုံလောက်ခြင်းကိုပြညွှန်လိမ့်မည်မဟုတ်သလို၊ ရောင့်ရဲတင်းတိမ်လာနိုင်မှာလည်းမဟုတ်ပါဘူး။ ထိုသို့သဘောရှိသည့်အတွက် သခင်ကြောင့် ဟုဆိုကာ မလုံလောက်နိုင်သည့်အရာတွေကိုသာတက်မက်စေပါတယ်။ ကြီးမြတ်တော်မူ၍လောကကိုအောင်သောနာမတော်အား လောဘလွန်ကျုးတက်မက်ခြင်း၌သာ အသုံးပြုလိုက်ခြင်းက ဆိုးရွားသည့်အမှုထက်မပိုနိုင်တော့ပါဘူး။

မျက်မှောက်အသင်းတော်များအနေနဲ့လည်း ဝတ်ပြုကိုးကွယ်ခြင်းအရာမှာ မလုံလောက် မတင်းတိမ်နိုင်သည့်အရာတွေနှင့်ဖြစ်လာကြသည်မှာလည်း စိတ်မကောင်းစရာပင်။ ဝတ်ပြုကိုးကွယ်ခြင်းမှာ သခင်ဘုရား၏လုပ်ဆောင်ပေးခြင်း၊ ကျေးဇူးပြုခြင်း၊ ကွယ်ကာမစခြင်း၊ ကောင်းမြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ ဘုန်းတန်ခိုးနှင့်ကြွယ်ဝခြင်းတို့ကို အမှန်တကယ်သိမှတ်ပါက ဘုရားရှင်တောင်းဆိုမည့်တခုတည်းသောအရာကလည်း ကျေးဇူးတင်တတ်သောနှလုံးသားကိုပင်။ ဒါကလုံလောက်ပါတယ်။ စျေးကြီးတဲ့ရုပ်ဝတ္တုပစ္စည်းတွေနဲ့ပြုတဲ့ဝတ်မှသာ ဘုရားရှင်လက်ခံတာမှမဟုတ်ဘဲလေ။ ထိုစျေးကြီးတာတွေနဲ့ဝတ်ပြုခြင်းကမှားတယ်လို့မဆိုလိုပေမယ့် ထိုအရာတွေနဲ့မှပိုလို့ဝတ်ပြုလို့ကောင်းတယ်ဆိုတာကို လက်ခံထားတဲ့သူတွေအနေနဲ့ သတိပြုသင့်ပါတယ်။

တခါရံမှာ “အစဦးနှင့်နောက်ဆုံး” ဖြစ်တဲ့သခင်က နောက်ဆုံးပေါ်ပစ္စည်းလောက်တောင် အလေးထားမခံရတဲ့အနေအထားတောင်ဖြစ်နေပါတယ်။ “လောင်သောမီး”ဖြစ်တဲ့ဘုရားကို ကြောက်ရွံ့ရိုသေစွာကိုးကွယ်ခြင်းထက် အကောင်းစားပစ္စည်းတွေ၊ အဆင့်မြင့်တဲ့ပစ္စည်းတွေရှိတဲ့နေရာမှာပဲကိုးကွယ်ချင်တဲ့ “ကျွမ်းလောင်”နေတဲ့စိတ်သဘောတွေများလာပါတယ်။

ဘုရားရှင်ကိုကိုးကွယ်ခြင်းမှာ ရောင့်ရဲသောစိတ်ရှိဖို့အရေးကြီးဆုံးပါပဲ။ ထိုသို့မှမဟုတ်ရင်တော့ သခင့်ရဲ့အလိုတော်ပြည့်စုံဖို့ထက်၊ သွေးသားဆန္ဒ “လိုတရ” ဖို့အတွက်သာ ကိုးကွယ်သည်ပုံစံမျိုးဖြစ်နေမှာပါပဲ။ သခင်ဟာ ပြည့်စုံစေ့င တယ်ဆိုရင် အခြားအရာသောအရာတွေထက် သခင့်ကိုပဲစေ့စေ့မြော်ကြည့်နေဖို့ပဲလိုပါတယ်။

“ကိုယ်တော်ကျွန်ုပ်အသက်တာမှာလုံလောက်တယ်”လို့ ပါးစပ်ကနေပြောရတာ မခက်ပါဘူး။ ဘာကြောင့်မခက်လဲဆိုရင် ဧကန်လုံလောက်သောအရှင်ဖြစ်လို့ပဲလေ။ ဒါပေမယ့် အသိမှာလုံလောက်သောသခင်အဖြစ်သိမှတ်ဝန်ခံချီးမွမ်းတတ်သလို၊ အရှိမှာလည်း သူ့ရဲ့လုံလောက်ခြင်းကို အထင်အရှားပြသ အသက်ရှင်နေသောသူတွေဖြစ်ဖို့လည်း အရေးကြီးပါတယ်။ စားဖို့သောက်ဖို့ခက်ခဲနေသူပဲဖြစ်ဖြစ်၊ နေထိုင်ဖို့ခက်ခဲနေသူပဲဖြစ်ဖြစ်၊ အခက်အခဲရှိနေသူပဲဖြစ်ဖြစ် ယေရှုခရစ်တော်ရဲ့စိတ်သဘောတော်ရှိနေပါက ယေရှုခရစ်တော်လုံလောက်တယ်ဆိုတာကိုသိမှတ်လျက်၊ ကြုံတွေ့နေရတဲ့အရာတွေမှာ အားမလိုအားမရဖြစ်နေမှာမဟုတ်ဘဲ သခင်ကောင်းမြတ်တယ်ဆိုတာကိုယုံကြည်လျက် လုပ်ဆောင်စရာရှိနေသည်ကို လုပ်နေမည်မှာအမှန်ပင်။

သခင် ဟာ ကျွန်ုပ်တို့ရဲ့ “ပြည့်စုံစေ့ငသော” ခွန်အား၊ အစွမ်းသတ္တိ၊ ဥာဏ်ပညာ၊ အထောက်အမ၊ အကူအညီ၊ ခိုလှုံရာ ဖြစ်ပါတယ်။ ကိုယ်တိုင်သိမှတ်လျက် ထိုအပေါ်မှာရပ်တည်နိုင်ဖို့ရာအရေးကြီးပါတယ်။ ဒါကြောင့် ချစ်သောညီကိုမောင်နှမတို့ “ပြည့်စုံစေ့င”သော သခင်နှင့် သူ့ရဲ့ကျေးဇူးတော်၊ ကရုဏာတော််ကို ခံစားရသူတွေဖြစ်သောကြောင့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်နေပါစေ ကျေးဇူးတော်ကို သိသောစိတ်နှင့်ရောင့်ရဲတင်းတိမ်လျက်၊ “ပြည့်စုံစေ့ငသော”သခင့်ဘုန်းတော်၏လွမ်းခြုံခြင်းကိုခံလျက် ထွန်းလင်းနေသောအသက်တာများဖြစ်ပါမည်အကြောင်းတိုက်တွန်းနှိုးဆော်ရင်း

မေတ္တာဖြင့်