Skip to content

ခြေလှမ်းတိုင်း

အနာဂါတ်ဆိုတာ ဘာနဲ့တူလဲဆိုတော့ ရုတ်တရက် ရှေ့မှာ ဘွားခနဲပေါ် ပေါ်လာတတ်တဲ့တောင်တန်းကြီးတွေလိုပဲ။ ပြီးတော့ သင့်ရဲ့အတွေးအာရုံထဲ ခဏခဏစိုးမိုးနေတတ်တယ်။ ဒါတောင်မကသေး တဖက်မှာလည်း မသိစိတ်ကလည်း သင့်ဘဝရဲ့ အဲ့ဒီတောင်ကြီးလို ဘဝပြဿနာအခက်ခဲတွေကိုဘယ်လိုထပ်ကျော်ဖြတ်ရမလဲဆိုပြီးပူပန်နေတတ်သေးတယ်။ ဒီအတွေးအာရုံတွေက ထပ်ကာထပ်ကာအတွင်းထဲမှာ လာလာတိုက်ခိုက်နေတာ တနေ့တမျိုး မရိုးနိုင်အောင်ပါပဲ။ တဆက်တည်းမှာ သင် ဒီအရာတွေကို ဘယ်လို ခွန်အားနဲ့ ကျော်ဖြတ်ရပါ့မလဲလို့ စဥ်းစားနေမိနေသေးတယ် မဟုတ်လား။

တကယ်တော့ သင်ကိုယ်က သင်ရဲ့အတွေးထဲမှာအမြဲပိတ်ဆို့နေတတ်တဲ့ ကြီးမားတဲ့တောင်တန်းကြီးတွေလိုအခက်အခဲပြဿနာကိုပဲ သင်စူးစိုက် ကြည့်နေတာကိုး။ ပြဿနာက အဲ့ဒီတောင်တန်းကြီးတွေ မဟုတ်ဘူး။ အဲ့ဒီတောင်တန်းကြီးတွေကိုပဲ ကြည့်တတ်တဲ့ သင့်မှာ ပြဿနာရှိနေတာ သင်ကိုယ်သင် သတိမထားမိလိုက်ဘူးမလား။ ပိုဆိုးတာက သင်တယောက်တည်းမဟုတ်ဘူးဆိုတာ မသိတာဘဲ သင်ဘေးမှာ သင်နဲ့အတူရှိတဲ့ ပုဂ္ဂိုလ်က သင်လိုအပ်သောအရာတွေကိုကူညီပေးရုံသာမက သင်နဲ့အတူဒီတောင်တန်းကြီးတွေကို အတူတူကျော်ဖြတ်ပေးမယ့်သူဆိုတာ သတိမထားမိလိုက်တာပဲ။
တကယ်တော့ ဒါဟာသင်တယောက်တည်းရဲ့ပြဿနာ မဟုတ်ပါဘူး။ လောကမှာရှိတဲ့ မြောက်များစွာသောလူများစွာမှာလည်း သူလိုကိုယ်လိုလူတွေချည်းပါပဲ။ အနာဂါတ်ဆိုတဲ့ကြီးမားတဲ့တောင်တန်းကြီးတွေက သင်နှင့်ကျွန်ုပ်ကို စိုးရိမ်ပူပန်စေတယ်ဆိုတာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ မမြင်ရသေးတဲ့အရာ၊ မပိုင်ဆိုင်ထားသေးတဲ့အရာမို့လို့ပါပဲ။ တကယ်တော့ လောကမှာ သင်နှင့်ကျွန်ုပ် မြဲအောင်ဆုပ်ကိုင်ထားလို့ရတဲ့အရာ ဘာတခုမှမရှိပါဘူး။ အထူးသဖြင့် အချိန်ဆိုတဲ့အရာထဲမှာမှ အနာဂါတ်ဆိုတဲ့အရာတခုအပါအဝင်ပေါ့။
ဒါကြောင့် အနာဂါတ်ဆိုတဲ့အရာကို ပိုင်တဲ့သူ တနည်းအားဖြင့် ဘာတွေဖြစ်လာမလဲဆိုတာကို အလုံးစုံ သိ၊ ထိန်းချုပ်ထားတဲ့သူထံ သင်ရဲ့ခြေလှမ်းတိုင်း၊ သင်ရဲ့အနာဂါတ် စိုးရိမ်ပူပန်မှု အခက်အခဲပြဿနာအလုံးစုံကို လုံးဝဥသုံ အတူတူ အပ်နှံကြစို့လား … ချစ်မိတ်ဆွေ။

ဆင်ခြင်နှလုံးသွင်းရန်နှုတ်ကပါတ်တော်များ –

ဆာလံ ၁၈:၃၁-၃၂ –
“ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း။ ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။”

ဆာလံ ၉၁း၁၁-၁၂ –
“သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။”

ကောရိန္ဿုသြဝါစာဒုတိယစောင် ၅း၇ – “အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍။”

ရှင်ပေတရုသြဝါဒစာပထမစာစောင် ၅း၇ –
“သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။”

ဆာလံ ၁၂၁:၁-၈
“ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရ သော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။ သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော် မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။ အကယ်စင်စစ် ဣသရေလအမျိုးကို စောင့် သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။ ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ျာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။ နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညဉ့်အချိန်၌ လအားဖြင့်၎င်း အထိအခိုက်မရှိရာ။ ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော် မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူ လိမ့်မည်။”