Skip to content

မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ဆိုသည့် ဆိုရိုးလေးအတိုင်းပင် မမှားဖူးသည့် လူရယ်ဟု ရှိမည်မထင်ပါ။ မိတ်ဆွေလည်း မှားဖူးသကဲ့သို့ ကျွန်ုပ်သည်လည်း မှားမိဖူးပါသည်။ သို့သော် အရေးကြီးသည်မှာတော့ ဆက်မမှားဖို့ရန် သို့တည်းမဟုတ် ထပ်မမှားတော့ရန်ဖြစ်ချေသည် မဟုတ်ပါလား …

လူမှန်လျှင် အမှားနှင့် မကင်းကြဘူးဟု ဆိုတတ်ကြပေသော်ငြားလည်းပဲ အမှားကို အမှားမှန်းမသိလျှင်တော့ မည်သို့မှ ပြင်နိုင်လိမ့်မည်ဟု မထင်ပါ။ အချို့သောအရာများ၌ သူတပါးပြော၍ သိခြင်း၊ မြင်၍ ကြား၍ သိခြင်း၊ ဆုံးမစကားကြောင့်၊ သမ္မာကျမ်းစာ၌ တွေ့သဖြင့် သိခြင်း စသဖြင့်သိရှိနိုင်သော်လည်း တခါတရံတွင် ထိုအခြေအနေများ မရှိလျှင် မည်သို့သိနိုင်ပါဦးလိမ့်မည်နည်း။ အကြောင်းအမျိုးမျိုးကြောင့် ပြောမည့်သူမရှိခြင်း၊ ကိုယ်မှန်သည်ဟု ယူဆမိနေခြင်းမျိုးတွင် မိမိ၏ အမှားကိုသိနိုင်ဖို့ရာသည် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း “Self Evaluation” သည် မရှိမဖြစ်လိုအပ်ပေတော့သည်။

ဆာလံဆရာကတော့ “တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏” ဟုဆိုပေသည်။ ထိုတရားတော်သည် အမှန် အမှား၊ ဓမ္မ အဓမ္မ၊ လုပ်ရန် မလုပ်ရန်၊ နားထောင်ရန် နားမထောင်ရန်၊ ပြောရန် မပြောရန်၊ လိုက်နာရန် မလိုက်နာရန် စသဖြင့်လည်း ဖြစ်ချေသည်။ ထိုသို့ ဆင်ခြင်တတ်သောသူသည် မင်္ဂလာရှိသည်ဟုဆိုလျှင် အခြားတဖက်၌ မဆင်ခြင်တတ်သောသူသည် အမင်္ဂလာရှိသကဲ့သို့ပင် အမှန်ကို မသိ၊ ဓမ္မကို နားမလည်၊ လုပ်ရမည့်အရာကို မလုပ်၊ ပြောရမည့်အရာကို မပြော၊ နားထောင်ရမည့်အရာကို နားမထောင်၊ လိုက်နာရမည့်အရာကို မလိုက်နာဖြစ်ကြကာ ဆန့်ကျင်ဘက်သို့ ချွန်ထွက်နေပေရော့မည် မဟုတ်ပါလား …

ဆာလံကျမ်း ၆၃:၅
အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊

ထို့ကြောင့် တနေ့တနေ့ ကျွန်ုပ်တို့၏ ပြောစကား၊ နားထောင်ခြင်း၊ လိုက်နာခြင်း၊ အမူအကျင့်၊ စိတ်နေစိတ်ထား၊ နေ့စဥ်အသက်တာ စသဖြင့်တို့ကို ညစဥ်ညတိုင်း ပြန်လည်ဆင်ခြင်ကာ တရားတော်၌ မွေ့လျော်လျက် မင်္ဂလာရှိသောသူများ ဖြစ်ကြဖို့ရန် “Self Evaluation” ကို မမေ့ကြစို့နဲ့ရယ် …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။