Skip to content

လူအတော်များများတို့သည် မိမိကိုယ်ကိုယ်မိမိ ပြန်လည် ဆင်ခြင်သုံးသပ်မှု အားနည်းတတ်ကြသည်။ ထို့ကြောင့်လည်း မိမိ၏ အခြေအနေအား သတိမထားမိတတ်ကြချေ။ ထိုလူအများစုထဲတွင် ကျွန်ုပ်တို့ ယုံကြည်သူများလည်း ပါဝင်ကြသည်။

တခါတရံတွင် မိမိသည် အတ္တကြီးသူတစ်ယောက်ဖြစ်နေတတ်ပေသည်။ “ငါလုပ်ရင် ကောင်းတယ် နင်လုပ်ရင် မကောင်းဘူး၊ ငါ့ကို ဒါလုပ်ပေး နင့်ကို အရင်က ဘယ်လိုလုပ်ပေးထားတယ်” စသဖြင့် တခုခုဆိုလျှင် မိမိ၏ ကောင်းခဲ့ဖူးသော လုပ်ပေးခဲ့ဖူးသော အရာများဖြင့် အစွဲပြုကာ အနိုင်ယူခြင်းမျိုးဖြစ်သည့် မိမိ၏ အတ္တများစွာကို မဆင်ခြင်မိလျှင် သိနိုင်ပါမည်လော …

ထိုအကြောင်းအရာသည် ဖိနှိပ်တတ်သူများ၏ အပြုအမူများထဲမှ တစ်ချက်အပါအဝင်ပင်ဖြစ်ကြောင်းကို “Darby A. Strickland ၏ Is It Abuse?” စာအုပ်ထဲတွင် တွေ့ရပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဖိနှိပ်သူများဖြစ်နေသလား၊ အတ္တသိပ်ကြီးနေကြသလား ဆိုသည်ကို ပြန်လည်သုံးသပ်ကာ ဆင်ခြင်ဖို့ရန် “Self Evaluation” သည် များစွာအရေးပါသည် မဟုတ်ပါလား …

သူမ၏ စာအုပ်ထဲတွင် ထိုသို့သောလူများ၏ ဖြစ်လေ့ရှိသည့် စိတ်ကို ဤသို့ဆိုထားသည် … “I don’t have to appreciate what you do, but I demand that you appreciate what I do.” သူတပါး၏ လုပ်ဆောင်ခြင်းအား တန်ဖိုးထား အသိအမှတ်ပြုစရာမလိုဘဲ မိမိ၏ လုပ်ဆောင်ခြင်းကိုသာလျှင် သူတပါးက အသိအမှတ်ပြုစေလိုသူများပင် … ထို့ကြောင့် ထိုသူတို့၏ စိတ် … “Mindset” ကို “Bank Account Mentality” ဟုပင် ဆိုထားသေး၏။

ထိုအခြေအနေတို့သည် ကျွန်ုပ်တို့နှင့်များ ထပ်တူကျနေပါသလား … မိမိ၏ လုပ်ဆောင်ခဲ့မှုကိုသာ “Bank Account” အလား မှတ်သားထားပြီး သူတပါး၏ လုပ်ဆောင်မှုကို အသိအမှတ်မပြုသူ၊ သို့တည်းမဟုတ် ထိုအရာများနှင့် နင်း၍သာ သူတပါးအား လုပ်ဆောင်စေသူ … အချိန်မရွေး မိမိလိုအပ်တိုင်း “Bank Account” မှ ထုတ်သကဲ့သို့ ပြန်လည်အစဖော်ကာ ဆိုတတ်သူ … ဤအရာများသည် ဖိနှိပ်တတ်သူများ “Oppressors” များ၏ စိတ်ဓါတ်၊ အတ္တကြီးသူများ၏ နှလုံးသားပင် …

ထို “Bank Account Mentality” သည် သူတပါး၏ ကျေးဇူးပြုခြင်း၊ ကျေးဇူးတရားတို့ကိုပင် မသိတတ်တော့သည်အထိ ဖြစ်ချေသည်ဟုလည်း ကျွန်ုပ်ဆင်ခြင်မိပါသည်။ ယုံကြည်သူတဦး၏ လုပ်ဆောင်ပေးခြင်း ကျေးဇူးပြုခြင်းတို့သည် မှတ်သားထား၍ ပြန်လည်ချေပ အနိုင်ယူရန်မဟုတ်သည်ကိုတော့ သတိထားမိရန်လိုအပ်သကဲ့သို့ ထိုသို့ မိမိ၏ လုပ်ဆောင်ပေးခြင်းများကို နင်း၍ သူတပါးအား အနိုင်ယူကာ စေခိုင်းခြင်း၊ မှတ်သားထား၍ လိုအပ်လျှင် ချေပခြင်း၊ ပြန်လည်ဖော်ထုတ်ကာ ချိုးနှိမ်ခြင်း၊ သူတပါး၏ လုပ်ဆောင်ခြင်းကို အသိအမှတ်မပြုဘဲ မိမိ၏ လုပ်ဆောင်ခြင်းကိုသာ အသိအမှတ်ပြုစေခြင်းတို့သည် အတ္တကြီးသူတို့သာ ဖြစ်သကဲ့သို့ ထိုစာအုပ်အရဆိုလျှင်တော့ ဖိနှိပ်တတ်သူများပင် …

ဖိလိပ်ပိဩဝါဒစာ ၂:၄
ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။

နှုတ်ကပတ်တော်ကတော့ ကိုယ့်အမှုအရာထက် သူ့အမှုအရာကို ရှုမှတ်ဖို့ တိုက်တွန်းနှိုးဆော်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် “Bank Account Mentality” နှင့်သာ ဆက်လက်၍ အသက်ရှင်သွားမည်ဆိုလျှင်ဖြင့် “Oppressors” ဖိနှိပ်တတ်သူများ သို့တည်းမဟုတ် အတ္တသိပ်ကြီးသူများသာ ဖြစ်နေကြပေလိမ့်မည်။ သို့တည်းသာမက မိမိနဘေးမှ ဇနီး၊ ယောကျ်ား၊ ညီအကို မောင်နှမ၊ သမီးရည်းစား၊ သူငယ်ချင်း စသဖြင့် ထိုသူတို့ကိုပါ ထိခိုက်နာကျင်စေရော့မည် မဟုတ်ပါလား … ထို့ကြောင့် “Self Evaluation” သည် ကျွန်ုပ်တို့အား ထိုအခြေအနေတို့မှ ပြောင်းလဲလာစေရန် အရေးပါသည့်အရာပင် ဖြစ်ပါကြောင်း …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

Ref: (Is_It_Abuse? By Darby A. Strickland)