Skip to content

ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း

ဘုရားမဲ့ဝါဒီသမား (Atheist) တွေက “ဘုရားဆိုတာ တကယ်ရှိပြီး အရာအားလုံးကို ဖန်ဆင်းတယ်ဆိုရင် ဘုရားကို​ရော ဘယ်သူက ဖန်ဆင်းတာလဲ” ဆိုပြီး မေးလေ့ရှိကြပါတယ်။ ထိုကဲ့သို့ မေးလိုက်ကတည်းက သူတို့ပြောနေတဲ့ ဘုရားက အချိန် ၊ အကန့်အသက်
ထဲမှာရှိနေတဲ့ ဖန်ဆင်းခံဘုရားအကြောင်းကိုသာ
ရည်ညွန်းပြီး ​ပြောနေကြခြင်းဖြစ်ပါသည်။ ဘုရားသခင်တည်ရှိသည်ဟု ယုံကြည်ကြသူ (Theist) တို့သည် ဘုရားသခင်၏သဘောသဘာဝ (nature of God) နှင့်ပတ်သက်၍ ယုံကြည်မှု မူကား ဖန်ဆင်းခြင်းမခံရတဲ့ ဘုရား (uncreated God) တနည်းအားဖြင့် ထာဝရတည်ရှိတဲ့ ဘုရား (Eternal God) ကို ကိုးကွယ် ယုံကြည်ကြခြင်း ဖြစ်ပါတယ်။ ထို့အ​ကြောင်းနှင့် ပတ်သက်၍ စာရေးသူဘက်မှ လူအများစု ယုံကြည်ကြသည့် “တည်ရှိနေသည့် ​အရာအားလုံး၌ အစရှိခဲ့သည်” ဟူသော အယူအဆ နှင့် လူအနည်းစု ယုံကြည်ကြသည့် “အစမရှိဘူးဆိုသော infinite regress” ဆိုတဲ့ အယူအဆ ဟူသော ရှုထောင့် နှစ်မျိုး ဖြင့် တင်​ပြသွားမည်ဖြစ်ပါသည်။


၁။
လူအချို့တို့ သည် ကျိူး​ကြောင်းဆင်ခြင်ခြင်းနိယာမ (the law of causality) ကို “တည်ရှိနေသည့် ​အရာအားလုံး၌ အစရှိခဲ့သည်” ဟု မှားယွင်းစွာအဓိပ္ပါယ်ဖွင့်လေ့ရှိကြသည်။ ကျိူး​ကြောင်းဆင်ခြင်ခြင်း (the law of causality) အရ မူကား တစ်စုံတစ်ခု ဖြစ်တည်လာတယ် (begin to exist) ဆိုမှ ဖြစ်တည်လာခြင်းဆိုတဲ့ အကျိုးတရား (effect) ကို ဖြစ်ပေါ်စေတဲ့ အ​ကြောင်းတရား (cause) ရှိရမည်ကို ဆိုလိုခြင်းဖြစ်သည်။ ဖြစ်တည်လာခြင်း (begin to exist) မဟုတ်ဘဲ အမြဲတမ်းတည်ရှိနေသည့် (always existed) ဆိုသည့် အရာအတွက်တော့ အကြောင်းတရား မလိုအပ်ပါ။
ဥပမာအားဖြင့်ဆိုရသော်
အရာအားလုံးသည် မဟာပေါက်ကွဲမှုကြီးဟုခေါ်သော Big Bang အားဖြင့် စတင်ခဲ့သည်ဟု လူအများစု ယုံကြည်ကြပါသည်။စကြဝဠာကြီး(Universe) သည်လည်း Big Bang ဟုခေါ်သည့် အကြောင်းတရားအားဖြင့် ဖြစ်ပေါ်လာပါသည်။ တစ်စုံတစ်ခု ဖြစ်တည်ရန် နေရာ(Space) ၊ အချိန်(Time) ၊ ဒြပ်(Matter) တို့လိုအပ်ပါသည်။ နေရာ(Space) ၊ အချိန်(Time) ၊ ဒြပ်(Matter) တို့သည်လည်း ထာဝရတည်ရှိခဲ့ခြင်း မဟုတ်ဘဲ အစရှိခဲ့သည်ဟု သိပ္ပံပညာရှင်များကဆိုကြပါသည်။ ထိုအစ ဖြစ်တဲ့ အကြောင်းတရား (cause) ကလည်း Big Bang ပဲ ဖြစ်ပါသည်။ ဘာမှမရှိသည့်အခြေအနေ မှ Big Bang အားဖြင့် အရာအားလုံး စတင်ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ကြပါသည်။ မဟာပေါက်ကွဲမှုကြီး ဟု ခေါ်သည် Big Bang သည် အဘယ်အကြောင်းကြောင့်ဖြစ်လာမှန်း မ​သိသေးတဲ့ အကျိုးတရားတစ်ခုဖြစ်​နေပါသည်။ ထို့ကြောင့် ကျိုးကြောင်းဆင်ခြင်ခြင်းနိယာမ အရ ၄င်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရား ရှိကိုးရှိရမည်​ဖြစ်သည်။ ထိုမှမဟုတ်လျှင် ဘာမှမရှိသည့်အခြေအနေမှ တစ်စုံတစ်ခုဖြစ်ပေါ်လာသည့်သဘော (something comes out of nothing) ဖြစ်နေသောကြောင့် ယုတ္တိ တန်ခြင်း မရှိပါ။ တစ်စုံတစ်ခုတည်ရှိ​နေသည့်အခြေအနေမှသာ တစ်စုံတစ်ခုဖြစ်ပေါ်လာနိုင်ပါသည် (something can only come out of something)။ ထို့​ကြောင့် ယုတ္တိရှိရှိ ကျိုး​ကြောင်းဆင်ခြင်ကြည့်လျှင် ထိုအချိန်၊ နေရာ၊ ဒြပ် တို့ကို ဖြစ်ပေါ်စေတဲ့အကြောင်းတရား(cause) က ထိုအချိန်၊ နေရာ၊ ဒြပ်ထဲတွင် မရှိနိုင်ပါ။ ဥပမာ ကွန်ပြူတာ ကို ဖန်တီးပြုလုပ်​သောသူသည် ကွန်ပြူတာထဲတွင် မရှိနိုင်ပါ။ သို့သော် ကွန်ပြူတာထဲမှာ ပါရှိနေသည့် အရာ၊ ဖြစ်ပျက်နေတဲ့ အရာ အားလုံးကို သိနိုင်ပါသည်။ နေရာ၊ အချိန်၊ ဒြပ် တို့ ကို စတင် ဖြစ်ပေါ်စေတဲ့ အရာ သည်လည်း ၄င်းတို့ထဲတွင် ရှိမနေနိုင်ဘဲ နေရာမဲ့ (Spaceless) ၊ အချိန်မဲ့ (Timeless, Eternal) ၊ ဒြပ်မဲ့ (Immaterial) အရာတစ်ခုခုဖြစ်ရမည်​ ဖြစ်သည်။ ဆက်လက်၍ တွေးခေါ် ကြည့်လျှင် စကြာဝဠာ တစ်ခုလုံးကို ဘာမှမရရှိသည့် အခြေအနေမှ ဖန်ဆင်းခဲ့ခြင်းဖြစ်သောကြောင့် တန်ခိုးကြီးမားသော (Powerful) ၊ ဖန်ဆင်းဖို့ ရွေးချယ်(choose) ခဲ့သည့် အတွက် တွေးခေါ်နိုင်ပြီး ဉာဏ်ရည်မြင့်မားသော(Intelligent) ၊ ပုဂ္ဂိုလ် (Person) ဖြစ်ကိုး ဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရားသခင်သည် ဖန်ဆင်းရှင်မလိုဘဲ အချိန် ၏ပြင်ပတွင်ရှိသော အကြောင်းတရားမလိုသည့် ခပ်သိမ်းသောအကျိုးတရားများကို ဖြစ်ပေါ်စေတဲ့ ပထမဦးဆုံးသော အ​ကြောင်းတရားကြီး (The Uncaused First Cause/ The Unmoved Mover) ဖြစ်ပါသည်။


၂။
နောက်ထပ်ရှုထောင့် တစ်ခုကနေ ကျွန်တော်တို့ ကျိုးကြောင်းဆင်ခြင်ကြည့်ရအောင်ဗျ။ လူတချို့ ယုံကြည်ကြတာကတော့ အစမရှိ၊ အဆုံးမရှိ၊ ဆိုသော infinite regress ဆိုတဲ့ အယူအဆ ပဲ ဖြစ်ပါသည်။

Infinite regress ဆိုသည်မှာ တစ်စုံတစ်ခုကို ဖြစ်ပေါ်စေတဲ့ အ​ကြောင်းတရား (cause) က ဘယ်အရာဖြစ်မလဲဆိုတာ တစ်ခုချင်းစီ အရှေ့ကို ပြန်လိုက်ပြီး အဖြေရှာတဲ့ပုံစံမျိုးဖြစ်သည်။

ဆိုလိုရင်းမှာ အကြောင်းတရားတိုင်းတွင် အကြောင်းတရားရှိသည် ဟုဆိုလိုခြင်းဖြစ်သည်။ ဥပမာ – P1 ကိုဖြစ်ပေါ်စေတာက P2 , P2 ကို ဖြစ်ပေါ်စေတာ P3 , P3 ကို ဖြစ်ပေါ်စေတာ P4 စသည်ဖြင့် အဆုံးမဲ့ စီးရီး နဲ့ ရှေ့ကို ပြန်သွားပြီး ၄င်းတို့ကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားကို ရှာဖွေ သတ်မှတ်​ခြင်းဖြစ်ပါသည်။ အကယ်၍ စကြာဝဠာ(universe) ရဲ့ အကြောင်းတရား ကို infinite regress အယူအဆ အားဖြင့် အဖြေရှာကြည့်မည် ဆိုလျှင် ထို စကြာဝဠာ (universe) ကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရား က သူ့ရှေ့က အကြောင်းတရား ​ဖြစ်တဲ့ မဟာပေါက်ကွဲမှုကြီး (Big Bang) ကိုပဲ ညွှန်ပြရမည်​ဖြစ်သည်။ အဲ့ အကြောင်းတရား ကို ဘယ်အရာကဖြစ်စေလဲဆိုရင် သူ့အရှေ့က အကြောင်းတရား ကိုပဲ ဆက်လက် ပြန်​ပြရမည်ဖြစ်သည်။ တကယ်တော့ infinite regress အတိုင်းသာ အဆုံးထိသွားနေရင်လည်း အဆုံးမဲ့ (infinite) ဖြစ်သောကြောင့် ဘယ်တော့မှ ပြီးမည် မဟုတ်ပါ။ ရှေ့က အ​ကြောင်းတရား တွေကိုပဲ ဆက်လက်ညွှန်ပြနေရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် infinite regress ကို လက်ခံခြင်းသည် argument ကို မပြီးမြောက်သွား​စေပါ။
ဒဿနိကပညာရှင်တွေကတော့ အကြောင်းတရားများကိုသိရှိရန် ရှေ့သို့ အဆုံးမဲ့ညွန်ပြနေတဲ့ infinite regress အရေအတွက် က အကန့်အသတ်မရှိဘူး ဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ အစ ရှိကိုးရှိရပါမယ်တဲ့။
ဥပမာအားဖြင့်ဆိုရလျှင်
ပုံတွင်ပြထားသည့် တန်းစီထားတဲ့ domino (ဒိုမီနို) လိုင်း တွေက လက်ရှိအချိန် ဆီသို့ ညွှန်ပြနေသည့် အတိတ်က ဖြစ်ပျက်ခဲ့တဲဖြစ်ရပ် တွေကို ကိုယ်စားပြုတယ်ဆို​ကြပါစို့။ နောက်ဆုံး domino ကတော့ လက်ရှိအချိန် (present) ကိုညွှန်ပြနေတယ်လို့မှတ်ယူကြည့်ရအောင်။ ရှေ့ဆုံးက တစ်ခုကို စတင်တွန်းလိုက်တာနဲ့ တန်းစီပြီး နောက်ကအကုန်လဲကျ ကုန်မည်​ဖြစ်သည်။ သဘာဝတရားနိယာမ အရပြောရလျှင် ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ် များက လက်ရှိအချိန်ကို အကျိုးသက်ရောက်မှုရှိ​​နေခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ အကယ်၍ ရှေ့ဆုံးက ပထမဆုံး domino ကို စတင်မတွန်းသေးဘဲ သူ့ရဲ့ရှေ့မှာ domino တွေ ကြီးပဲ တစ်ခုပြီး တစ်ခု ထပ်ထပ်ထည့်ကြည့်ရအောင်။ အဆုံးမဲ့ domino တွေ
ဘယ်လောက်ပဲ ထပ်ထည့်ထပ်ထည့် စတင်ပြီးမတွန်းဘူး ဆိုရင် နောက်က ဟာတွေကလည်း ဘယ်တော့မှ လဲကျမှာ မဟုတ်ပါဘူး။ စတင် တွန်းလိုက်မှသာ လဲကျမည် ဖြစ်သည်။

ထိုနည်းတူ အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ အရာတွေကသာ အစမရှိခဲ့ဘဲ အနန္တ (infinite) ဖြစ်ခဲ့မယ်ဆိုရင် ခုလက်ရှိအချိန်ဆိုတာကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ အချိန် နဲ့ အဖြစ်အပျက်များက အနန္တ မဟုတ်ခဲ့ဘဲ အချိုးအကွေ့တစ်ခုတွင်စတင်ခဲ့ပြီး အကန့်အသက် (finite) ဖြစ်​နေခဲ့လို့သာ ခုလက်ရှိအချိန် တွင် ကျွန်တော်တို့ တည်ရှိနေကြခြင်းဖြစ်ပါသည်။

ထိုအကြောင်းအရာကို ကြည့်ခြင်းဖြင့် အစဆိုတဲ့ အကြောင်းတရား မလိုသည့် ခပ်သိမ်းသောအကျိုးတရားများကို ဖြစ်ပေါ်စေတဲ့ ပထမဦးဆုံးသော အ​ကြောင်းတရားကြီး (The Uncaused First Cause/ The Unmoved Mover) ဆိုတာ ရှိနေလို့သာ ဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုရသော် ထာဝရဘုရားသခင် တည်ရှိနေသည် ဖြစ်ကြောင်းကို ယုတ္တိကျကျ သိမြင်နိုင်ပါသည်။
အကယ်၍ သင်သည် အခြားသောစကြဝဠာများ (multiverses) များတည်ရှိသည်ဟု ယုံကြည်တဲ့သူဖြစ်ပြီး မည်ကဲ့သို့သော စကြဝဠာ ပေါင်းများစွာရှိလျှင်လည်း အထက်တွင် တင်ပြထားသည့် ရှုထောင့်နှစ်ခုလုံးအရ ထို စကြဝဠာများ ကို စတင် ဖန်ဆင်းခဲ့သူ အကြောင်းတရားမလိုသည့် ပထမဦးဆုံးသော အ​ကြောင်းတရားကြီး( The Uncaused First Cause) ဆိုတဲ့ ထာဝရဘုရားသခင် တည်ရှိနေသည် ဆိုတာကို လက်ခံရမည်ဖြစ်ပါသည်။


ကျမ်းညွှန်းများ


“အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင် နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။”
(က​မ္ဘာ​ဦး​ကျမ်း ၁:၁)


“ယေ​ရှု​ခ​ရစ်​သည် မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ မ​ပြောင်း​မ​လဲ နေ​တော်​မူ၏။”
(ဟဗွေဲဩဝါဒစာ ၁၃:၈)


“ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။”
(ရှင်​ယော​ဟန်​ခ​ရစ်​ဝင် ၄:၂၄)


“ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​စွန်း​တိုင်​အောင် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်​ပန်း​တော်​မူ​ခြင်း​မ​ရှိ၊ စစ်၍ မ​ကုန်​နိုင်​သော​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည် မ​သိ​မ​ကြား​ဖူး​သ​လော။”
(ဟေ​ရှာ​ယ​အ​နာ​ဂ​တ္တိ​ကျမ်း ၄၀:၂၈)