Skip to content

အခြေအနေကို ကြည့်ရင်တော့ စိတ်ပျက်စရာ
ဘေးဘယ်ညာ ကြည့်ပြန်လည်း အားငယ်စရာ
စီးပွားရေးလား အဆင်မပြေသလိုလို
ပညာရေးလား တန့်နေတုန်းပေါ့
အို …
နိုင်ငံရေးလား ပြောမနေပါနဲ့တော့ …

ချိုမြိန်ခြင်းဆိုတာ မေ့တေ့တေ့
ပျော်ရွှင်ခြင်းဆိုတာ ကြောက်ရွံ့ခြင်းများလား
အနာဂတ်လည်း ပျောက်တောက်တောက်ရယ်ပေါ့။

နားလည်မိတယ် အတူတူခံစားမိတယ်
နာကျင်မှုရယ် နာကျည်းမှုရယ်နဲ့
မပျော်တဲ့ နေ့များရယ်
မပျော်နိုင်တဲ့ ညများရယ်နဲ့
မချိုမြိန်နိုင်ခဲ့ကြဘူး။

စိတ်ပျက်စရာအခြေအနေကြီးမှာမှ ဘာလို့များ ချိုမြိန်ခြင်းကို စာစီကုံးသလဲ …

ဒီလောက်ခါးသက်လွန်းလို့ မချိုမြိန်ပါဘူးဆိုမှ ဘာလို့ ချိုမြိန်တယ်လို့ ဖွဲ့နွဲ့သလဲ …

ခေတ်အဆက်ဆက်သတ်မှတ်ခဲ့ကြသည့် ဒီလ … ဟေရှာယ၏ အဆို 

“ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်း”
“နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်း”
“ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်း”
အကျဥ်းခံလျက် ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်း”
“ထာဝရဘုရား၏ မင်္ဂလာနှစ်”
“စိတ်မသာညည်းတွားသူတို့အား နှစ်သိမ့်စေခြင်း”

ဤသတင်းကောင်းသည် မချိုမြိန်လွန်းဘူးလား …

“Poor and Needy” “Brokenhearted” “Captive and Oppressed” ဒီလူများအတွက် သတင်းကောင်းသည် “Liberty, Deliverance, Forgiveness” လွတ်မြောက်ခြင်း၊ လွှတ်ခြင်း၊ ခွင့်လွှတ်ခြင်း …ထိုမျှော်လင့်ချက်နှင့် မျှော်လင့်ခြင်းသည် မေရှိယပင် …

ကျွန်ုပ်တို့လူသားအားလုံးအတွက်လည်း ထိုနည်းတူပင်ဖြစ်သည် မဟုတ်ပါလား … လက်ရှိကာလကြောင့် ကျွန်ုပ်တို့သည် “Poor and Needy ဖြစ်သည်နည်းတူ Brokenhearted လည်းဖြစ်သည်။ သူ့ချည်းသာမက Captive and Oppressed လည်း ဖြစ်နေကြသေး၏”

ထိုနည်းတူ အပြစ်၏ ချည်နှောင်ခြင်း၊ မိမိ မလုပ်နိုင်သော မကျင့်ကြံ မကြံဆောင်နိုင်၊ မည်သို့ပင် ကြိုးစားအားထုတ်ပါစေဦးတော့ မလုပ်ဆောင်နိုင်သော တမလွန်အတွက်၊ မိမိ၏ ကောင်းမှုကုသိုလ် အကျင့်သီလများဖြင့် မကူးခတ်နိုင်သော တမလွန်အရေးအတွက် “Deliverance” သည် ယေရှုခရစ်တော်ပင် … ထို့ကြောင့်လည်း ကျွန်ုပ်တို့၏ မျှော်လင့်ချက်နှင့် မျှော်လင့်ခြင်းသည်လည်း “Jesus Christ” ဟုပင် ဆိုရာ၏။

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၃-၄
ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
သြင်္ဂိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။

ထို့ကြောင့် မိတ်ဆွေနှင့် ကျွန်တော့် အပြစ်အတွက် ကိုယ်စားအသေခံ အသွေးသွန်းကာ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့တွင် ထမြောက်တော်မူသော သခင်ယေရှုခရစ်အားဖြင့် ယခုပင်ယုံကြည်ခြင်းအားဖြင့် အပါယ် တံခါးပိတ်လျက်ရှိသည်ဖြစ်သောကြောင့် ဤနေ့ရက်တွင် “Sweet December” ဟုနှုတ်ခွန်းဆက်ရင်း မချိုမြိန်ခြင်းများဝန်းရံနေသော်လည်း ချိုမြိန်သောအကြောင်းအရင်းကြောင့် ချိုမြိန်သောဒီဇင်ဘာဟု ကြွေးကြော်ရင်း … သတင်းကောင်းကို ဝေမျှလိုက်ပါတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။