Skip to content

မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း သို့တည်းမဟုတ် ပြန်လည်ဆင်ခြင်ခြင်းဖြစ်သော “Self Evaluation” သည် ခရစ်ယာန်အသက်တာတွင် မရှိမဖြစ်လိုအပ်သော အရာတစ်ခုလည်းဖြစ်သည်။ တခါတရံတွင် ကျွန်ုပ်တို့သည် မိမိ၏ အမှားထက် သူတပါး၏ အမှားကိုသာ မြင်မိခြင်း၊ မိမိ၏ စကားပြောပုံအဆင်မပြေခြင်းထက် သူတပါးကိုသာ မြင်မိခြင်း၊ မိမိ၏ လုပ်ရပ်ထက် သူတပါး၏ လုပ်ရပ်ကိုသာ မြင်မိခြင်း စသဖြင့် သူတပါး၏အလွန်ဟုသာ ထင်မိမြင်မိတတ်ကြသည့် အခိုက်အတန့်ပေါင်းများစွာ ရှိကြပေလိမ့်မည်။

ဤသို့ဖြစ်ခြင်းများသည် အများသောအားဖြင့် မိမိမြင်ရသည့် ဖြစ်ရပ််များအပေါ်၌ လျင်မြန်စွာတုန့်ပြန်မိတတ်ခြင်းကြောင့်လည်းဖြစ်ပေလိမ့်မည်။ လူ့သဘာဝအလျောက် မိမိ၏ အမှားကိုမြင်ခြင်းထက် သူတပါး၏ အမှားကိုမြင်ခြင်း၊ မိမိ၏ အပြစ်ကို မြင်ခြင်းထက် သူတပါး၏ အပြစ်ကိုမြင်ခြင်းသည် ဖြစ်လေ့ရှိကြသည် မဟုတ်ပါလား … ထိုအထဲတွင် ကျွန်ုပ်တို့သည်လည်း ပါဝင်လေ့ရှိကြသည်။ ကျွန်ုပ်တို့ကိုယ်တိုင် သူတပါးအား လက်ညှိုးထိုး၍ မိမိ၏ အခြေအနေကို ပြန်လည်ကာ မသုံးသပ်ခဲ့သည့် ကာလသည် မည်မျှကြာခဲ့ပါပြီနည်း …

တခါတရံတွင် ကျွန်ုပ်တို့၏ အမှားကို မမြင်မိခြင်း၊ ကျွန်ုပ်တို့၏ အပြစ်ကို သတိမထားမိခြင်း၊ ကျွန်ုပ်တို့၏ လိုအပ်ချက်၊ လွဲမှားမှု၊ ဒေါသထွက်လွယ်ခြင်း၊ စိတ်မရှည်ခြင်း စသဖြင့် ကျွန်ုပ်တို့၏ အားနည်းခြင်းများစွာတို့ကို မမြင်မိတတ်ကြချေ။ ဤအရာများသည် ကျွန်ုပ်တို့၏ နေ့စဥ်အသက်တာတွင် ပြုပြင်ရန်လိုအပ်ပါသော်လည်း သတိမပြု မပြင်ဆင် မဆင်ခြင်မိတတ်ကြပါ … အဘယ့်ကြောင့်ဆိုသော် အထူးသဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို သုံးသပ်ခြင်း ပြန်လည်ဆင်ခြင်ခြင်း “Self Evaluation” မရှိသောကြောင့်ပင် …

ရှင်မဿဲခရစ်ဝင် ၇:၃
ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။

ထို့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များ၏ နေ့စဥ်အသက်တာသည် သူတပါးအား မြင်သည့် အမြင်ထက် မိမိကိုယ်ကို သာ၍ မြင်တတ်စေရန်လိုအပ်ပေသည်၊ ထို့အတူ သူတပါးအား သုံးသပ်သည်ထက် မိမိကိုယ်ကို သာ၍ သုံးသပ်ခြင်း၊ ဆင်ခြင်ခြင်း လိုအပ်ပေသည် မဟုတ်ပါလား … ဤသို့ဖြင့် မိမိတို့၏ နေ့စဥ်လှုပ်ရှားသွားလာနေကြသော အချိန်များတွင် တနည်းအားဖြင့် နေ့စဥ်အသက်တာတွင် ကျွန်ုပ်တို့ မည်မျှ စိတ်ဆိုး ဒေါသထွက်တတ်ခြင်း၊ စိတ်မရှည်ဖြစ်လေ့ရှိခြင်း၊ အပြစ်ပြုမိခြင်း၊ ဆဲဆိုမိခြင်း၊ သူတပါးအား လက်ညှိုးထိုးမိခြင်း၊ နူးညံ့သိမ့်မွေ့ခြင်း ပျောက်ကွယ်တတ်ခြင်း၊ နှိမ့်ချခြင်းပျောက်ကွယ်တတ်ခြင်း၊ မာနထောင်လွှားလာခြင်း၊ အနိုင်ယူလိုခြင်း စသဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် လွဲမှားတတ်မှုနှင့် လိုအပ်ချက်များကို သိရှိကာ ပြင်ဆင်ကာ ဆင်ခြင်တတ်လာပေလိမ့်မည် မဟုတ်ပါလား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။