Skip to content

ရှင်ပေါလုသည် အာသင်မြို့၌ရှိစဥ်အခါ “ယေရှု၏တရားနှင့် ထမြောက်ခြင်းတည်းဟူသော ဧဝံဂေလိတရာကို ဟောသတည်း” ဟုကျမ်းစာတွင် တွေ့ရပေသည်။ သို့နှင့် ဆက်ဖတ်ကြည့်လျှင် ရှင်ပေါလုအား အာရေတောင်သို့ခေါ်သွားကာ သူတို့မသိသော ထိုအကြောင်းအရာအား သိချင်ပါသည်ဟု ဆိုကြသည်ကိုတွေ့ရသည်။

အာသင်မြို့သည် အတွေးအခေါ်ပညာရှင်များရှိရာမြို့၊ ရုပ်တုဆင်းတုပေါများရာမြို့လည်း ဖြစ်သည့်နည်းတူ နတ်ဘုရားများအား ကိုးကွယ်ဆည်းကပ်ကြရာမြို့လည်းဖြစ်သည်ကို ရှင်ပေါလုသိနားလည်သည်။ ထိုတည်းတူ ကျမ်းစာဖတ်သူ ကျွန်ုပ်တို့လည်း သိထားခဲ့ပြီးဖြစ်သည်။

အာသင်တို့၏ ပုံစံအခင်းအကျင်းနှင့် နတ်ဘုရားတို့အား ကိုးကွယ်ရိုသေမှုကို အခြေပြုကာ ဧဝံဂေလိတရားသို့ ဆွဲခေါ်ခဲ့သည့် ရှင်ပေါလု၏ ဥာဏ်ပညာ၊ စေတနာတို့၏ စွမ်းရည်သည် အံ့မခန်းဟု တင်စား၍ပင် ရနိုင်သည်။ တနည်းဆိုရလျှင် သူတို့၏ ယဥ်ကျေးမှု၊ သူတို့၏လုပ်ဆောင်ကြမှု၊ စိတ်ဝင်စားမှုတို့အပေါ်၌သာ ဧဝံဂေလိလမ်းကြောင်းသို့ ဆွဲငင်ယူဆောင်ခဲ့ခြင်းတည်း …

တမန်တော် ဝတ္ထု ၁၇:၂၃
လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှု သည်တွင်၊ ငါတို့မသိသောဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။

ဤအကြောင်းအရာမှတဆင့် လူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်သည်ဟူ၍ မှတ်တမ်းတင်ထားသည်ကို တမန်တော်ဝတ္ထုတွင် တွေ့ရပေသည်။
ထိုအချဥ်းအရာအားဆင်ခြင်ကာ “Thanksgiving Day, Sweet December, Christmas” စသဖြင့် ဘာကြောင့် နှုတ်ဆက်ကြသလဲ၊ ဘာကြောင့် ချီးမွမ်းကြသလဲ၊ ဘာကြောင့် တရားဟောကြသလဲ၊ ဘာကြောင့် ဘာကြောင့်ဆိုသည်ကို ပြန်လည် သုံးသပ်ကာ စစ်မှန်သည့် ရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်လျှင် အင်မတန်ပြီးပြည့်စုံ လှပနေပေလိမ့်မည်။

မှန်ပါသည်။
နေ့ရက်တိုင်းသည် ကျေးဇူးတော်ချီးမွမ်းရာနေ့ …

မှန်ပါသည်။
လတိုင်းလတိုင်းသည် ချိုမြန်သောလ …

မှန်ပါသည်။
December လရက် Christmas သည် ခရစ်တော်မွေးဖွားရာ လရက် အတိအကျ မဟုတ်ပါ …

သို့သော် ထိုသို့ နှုတ်ခွန်းဆက်နေကြခြင်း၊ လုပ်ဆောင်နေကြခြင်းများ၏ စစ်မှန်သောရည်ရွယ်ချက်သည် အဘယ်နည်း။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် စစ်မှန်သော ဘုရားသခင်တစ်ဆူတည်းရှိ၏၊ စစ်မှန်သော ဧဝံဂေလိတရားသည် တစ်ခုတည်းရှိ၏၊ ထိုစစ်မှန်သော ကယ်တင်ခြင်းလမ်းသို့ လူအပေါင်းတို့ရောက်စေနိုင်ဖို့ရာ သခင့်အစေခံကျွန်ဖြစ်သော ကျွန်ုပ်တို့သည် ထိုသူတို့ ကြားနာစေဖို့ရာ အစေကိုခံနေကြသည် မဟုတ်ပါလား …

ရှင်ပေါလု၏ အာသင်မြို့သူ မြို့သားများအား မည်သို့ချဥ်းကပ်ကာ မည်သို့မည်ပုံ စိတ်ဝင်စားမှုရယူခဲ့သည်ကို ဆင်ခြင်ကြည့်လျှင် ကျွန်ုပ်တို့သည် “Happy Thanksgiving ဟု ကြွေးကြော်ကာ ဘာကြောင့် ဤသို့ ကျေးဇူးတော်ချီးမွမ်းရကြောင်း၊ Sweet December ဟု နှုတ်ဆက်ကာ ဘာကြောင့် ချိုမြိန်ခြင်းဟု ဆိုရကြောင်း၊ Merry Christmas ဟု ဆက်ဆက်နှုတ်ဆက်ကြရင်း ဘာကြောင့် ဒီခရစ္စမတ်သည် သင့်အတွက်ဖြစ်ကြောင်း” စသဖြင့် မဝေမျှနိုင်ဘူးလားဟု ဆင်ခြင်မိပါတော့သည်။

ထို့ကြောင့် ဤနေ့ရက်များသည် ရည်ရွယ်ချက်ရှိရှိ “Intentionally” လုပ်ဆောင်ကြခြင်းသည်သာလျှင် အဓိကကျသည်ဟု ခံယူရင်း “ရှင်ပေါလုနှင့် အာသင်လူတို့အဖြစ်ကဲ့သို့” ထိုနေ့ရက်များကို သိကြသော်လည်း ဧဝံဂေလိတရားကို မသိသော မယုံကြည်သူများအတွက် ထိုနေ့ရက်များကို အကြောင်းပြုခြင်းသည်လည်း ဧဝံဂေလိတရားအတွက်သာဖြစ်ကြောင်း “Intentionally” ရေးသားဖော်ကျူးလိုက်ပါတော့သည်။

Pastor Jae Kim သင်ကြားပို့ချသော Shepherd Leadership Academy (Gateway Seminary Advance Center) မှ သင်ယူခဲ့သည့် “Hook” ဆိုသည့် သင်ခန်းစာအား ပြန်လည်ဆင်ခြင်ရင်း လက်ရှိခရစ်ယာန်များအကြား တစ်နှစ်တစ်ခါ ရေပန်းစားလေ့ရှိသော အကြောင်းအရာများအပေါ် ဆင်ခြင်ကာ ရေးသားခြင်းဖြစ်သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။