Skip to content

အုတ်မြစ်တည်ဆောက်ခြင်း

မိတ်ဆွေတို့ အိမ်တစ်အိမ် တည်ဆောက်တဲ့အခါ မည်သည့်အပိုင်းက အရေးကြီးဆုံးဖြစ်မယ် လို့ထင် မြင်မိပါသလဲ? စဉ်းစားကြည့်ရအောင်ပါ။လောကရဲ့ နေထိုင်ရာအရေးကြီးဆုံး တစ်ခုဖြစ်တဲ့ အိမ်တစ် အိမ် တည်ဆောက်ရာမှာ အုတ်မြစ် (Foundation) ကအရေးကြီးဆုံး အပိုင်းဖြစ်ပါတယ်။ ဘယ်လောက် အဆင့်မြင့်ဒီဇိုင်းအပြင်အဆင်နှင့် ပညာရှင်များ ဆောက်လုပ်ပေးပါမူ အုတ်မြစ် ခိုင်မာမှု မရှိပါက ရေရှည်ခိုင်ခံ့ခြင်းမရှိဘဲ ပြိုလဲပျက်စီးသွားမှာဖြစ်ပါတယ်။

ယုံကြည်သူ ကျွန်ုပ်တို့အသက်တာမှာလည်း ထိုနည်းလည်းကောင်းပါပဲ မိတ်ဆွေ။ ကျွန်ုပ်တို့ ဘဝကို တည်ဆောက်တဲ့အခါ အခြေခိုင်ဖို့လိုအပ်ပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် သွားဖို့ လိုအပ်ပါတယ်။ ထိုသို့ အခြေခိုင်ခံ့ရန် ခရစ်တော်၌ တည်ပြီး ရင်းနှီး ကျွမ်းဝင်ခြင်း ရှိရပါမယ်။ ဒီဆောင်ပါးထဲမှာ ယုံကြည်သူတစ်ယောက်ရဲ့ အခြေခိုင်ခြင်း အသက်တာ တည်ဆောက်ပုံကို အပိုင်း(၂) ပိုင်းဖြင့် ဖော်ပြလိုပါတယ်။

ယုံကြည်သူ မိတ်ဆွေတို့ အနေနဲ့ အသက်တာရဲ့ အခြေခံ ဖြစ်တဲ့ နှုတ်ကပတ်တော်ဖတ်ရှုခြင်း နဲ့ ဆုတောင်းခြင်း ဤနှစ်မျိုး က အခြေကျနေပြီလား မိတ်ဆွေ ။ နှုတ်ကပတ်တော်ဖတ်ရှုခြင်း နဲ့ ဆု တောင်းခြင်း မရှိတဲ့ ယုံကြည်သူရဲ့အသက်တာဟာ လေတိုက်တဲ့အခါ လွင့်သွားတဲ့ ဖွဲတွေလိုဖြစ် နေ မှာပါ မိတ်ဆွေ။

ကိုယ်တိုင်နှုတ်ကပတ်တော်ကိုဖတ်ရှုလေ့လာခြင်းဆုတောင်းခြင်းမရှိဘဲ မြင်ရကြားရတဲ့အရာတွေ/သွန်သင်ချက်တွေ အပေါ်အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘဲ အသက်တာကို တည်ဆောက်မယ်ဆို Foundation အုတ်မြစ် မခိုင်တဲ့ အိမ်တစ်အိမ်လို မကြာခင်ပြိုလဲ ပျက်စီးသွားရမှာပါမိတ်ဆွေ။

ယုံကြည်သူ တစ်ဉီးရဲ့အသက်တာ ခိုင်ခံ့ခြင်းအတွက် ပထမဆုံး တစ်ချက်မှာ-

“နှုတ်ကပတ်တော်လက် (၅)ချောင်း”

(၁) ကြားနာခြင်း (ရောမ ၁၀ : ၁၇)

+ ယုံကြည်ခြင်းဟာ ကြားနာခြင်းအားဖြင့် ဖြစ်၏ လို့ဆိုထားတဲ့အတွက် ကျွန်ုပ်တို့နေစဉ်ဘဝ မှာ ဘုရားစကားကို ကြားရဖို့ အလွန်ရေးကြီးပါတယ်။လောကစကားတွေထက် ဘုရားစကား ကြားနိုင်မည့်နေရာ / အခွင့်အရေးတွေကို အမြဲသမ္မာသတိရှိစွာ ရှာဖွေ အားထုတ်လုပ်ဆောင် ဖို့လိုအပ်ပါတယ်။ ဘုရားစကားကိုကြားနာခြင်းဖြင့် ယုံကြည်ခြင်းခိုင်ခံ့ကာ အသက်တာ၏ အုတ်မြစ် သည် ဘုရားစကား၌တည်ထားသောကြောင့် ခိုင်ခံ့နေမှာ ဖြစ်ပါတယ်။

(၂) ဖတ်ရှုခြင်း (ဗျာဒိတ် ၁: ၃)

+ ယုံကြည်သူ ကျွန်ုပ်တို့ဘဝမှာ ဘုရားထံမှလာသောမဂႅလာ နှင့် ကောင်းကြီးများကို လိုချင်တတ်ကြပါတယ်။သို့သော် ကျွန်ုပ်တို့အသက်တာမှာ ((ဗျာဒိတ် ၁: ၃) အရ အနာဂတ္တိကျမ်း စကားကို ကြည့်ရှုဖတ်ရွတ် နားထောင်ပြီး ရေးထားသမျှကို စောင့်ရှောက်ဖို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့ အသက်တာမှာ ဘုရားစကားကိုဖတ်ရွတ်/နားထောင်ခြင်း နှင့် စောင့်ရှောက်ခြင်း များမရှိဘဲ မိမိစိတ်ကြိုက်အသက်ရှင်ပါက အသက်တာဟာ အခြေခိုင်ခံ့ခြင်းမရှိဘဲ များမကြာမီအချိန်တွင် ပြိုလဲပျက်စီးသွားနိုင်ပါတယ် မိတ်ဆွေ။

(၃) လေ့လာခြင်း (တမန်တော် ၁၇ :၁၁)

+ ယနေ့အချိန်မှာ အယူလွဲမှားသော ဩဝါဒများ ၊ဆုံးမသွန်သင်မှုများသည် အလွန်များပြား လာတာကို တွေ့ရမှာဖြစ်ပါတယ်။ကိုယ်တိုင် နှုတ်ကပတ်တော်ကို လေ့လာခြင်းမရှိပါက အယူလွဲ ဩဝါဒများအပေါ် နားယောင်ပြီး သတိမမူမိသည့်အချိန်လေးမှာပင် စာတန်ရဲ့ ကျော့ ကွင်းထဲ ကျရောက်သွားမှာဖြစ်ပါတယ် မိတ်ဆွေ။ နှုတ်ကပတ်တော်ထဲမှာ “ဗေရိမြို့သား တွေဟာ နှုတ်ကပတ်တော်ကို ကြည်ညိုသောစိတ်နှင့် ခံယူပြီး အမှန်အမှားကိုသိရန် နှုတ်ကပတ်တော်ကို နေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြောင်း တွေ့ရပါတယ်။ ဗေရိမြို့သားများ ကဲ့သို့ လုပ်ဆောင်ပြီး အသက်တာကိုခိုင်ခံ့စေပါ မိတ်ဆွေ။

(၄) ကျက်မှတ်ခြင်း (ဆာလံ ၁၁၉: ၁၁)

+ စာရေးသူ အသက်တာမှာ ငယ်စဉ်ကတည်းက ကျမ်းစာအလွတ်ကျက်မှတ်ခြင်းနှင့် လက်တွေ့စောင့်ရှောက်ခိုင်းခြင်းကို မိဘ၊ဘိုးဘွားများက ပြုစုပေးခဲ့ပါတယ်။ ထိုအရာဟာ စာရေးသူရဲ့အသက်တာ၌အုတ်မြစ်ခိုင်ခန့်ခြင်းအကြောင်းတရားဖြစ်ပါတယ်။ နှုတ်ကပတ်တော်ထဲ၌ “ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ” လို့ဆိုထားပါတယ်။ မိတ်ဆွေ ထိုနှုတ်ကပတ်တော်ကို အလွတ်ကျက်မှတ်ပြီး နှလုံးသွင်းထားပါက အသက်တာ၏ မည်သည့်အတက်/အကျ၊ အနှိမ့်အမြင့်မျိုးမဆို ကျေးဇူးတော်ချီးမွမ်းနိုင် ပြီး ဘဝမုန်တိုင်းရိုက်ခတ်မှုများကြုံရပါသော်လည်း ပြိုလဲမသွားဘဲ ခိုင်ခံ့မည်ဖြစ်ပါတယ်။

(၅) ဆင်ခြင်အောက်မေ့ခြင်း (ဆာ ၁ : ၂)

+ ဆင်ခြင်အောက်မေ့ခြင်းဟာ ယုံကြည်သူမိတ်ဆွေတို့ အသက်တာရဲ့အုတ်မြစ်တည်ဆောက် ခြင်း၌ အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။အသက်တာရဲ့ အချိန်တိုင်း မိနစ်တိုင်းမှာ ကြုံ တွေ့ရတဲ့ အတတ်အကျအနိမ့်အမြင့် အရာများ အတွက် သမ္မာသတိရှိစွာ ဆင်ခြင်အောက်မေ့ ပြီး ပြုပြင်တည်ဆောက်ရမည့် အရာများအပေါ် ပြုပြင်တည်ဆောက်ကြရမှာပါ။ အသက်တာ၏ အုတ်မြစ်ခိုင်ခံ့ခြင်း အတွက် ကြားနာခြင်း၊ ဖတ်ရှုခြင်း၊လေ့လာခြင်းနှင့် ကျက်မှတ်ခြင်းတို့ နောက်တွင် ဆင်ခြင်အောက်မေ့ခြင်းအား အမြဲလုပ်ဆောင်ခြင်းဖြင့် လုပ်ဆောင်ရန်တိုက် တွန်းပါရစေ မိတ်ဆွေ။

ဒုတိယအချက်အနေနဲ့ ယုံကြည်သူ တစ်ဉီးရဲ့အသက်တာ ခိုင်ခံ့ခြင်းအတွက်ဆက်လက်လေ့လာကြည့် ရအောင်ပါ-

“ဆုတောင်းခြင်းလက်(၅)ချောင်း”

+ ဆုတောင်းခြင်းဟာ ယုံကြည်သူများအတွက် ဖဘုရားနှင့်ရင်းနှီးကျွမ်းဝင်စေပြီး အသက်ရှင် သောဘုရား၏ သက်သေများကိုရရှိစေပြီး အသက်တာ၏ခိုင်ခံ့ခြင်းအတွက် အဓိကအုတ်မြစ် တည်ဆောက်ခြင်း တစ်ခုဖြစ်ပါတယ်။

(၁) ဂုဏ်တော်ချီးမွမ်းခြင်း ( ဆာ၁၁၉း ၁၆၄)
(၂) အပြစ်ကိုဝန်ချတောင်းပန်ခြင်း ( ဆာ ၆၆း၁၈)
(၃) ကျေးဇူးတော်ချီးမွမ်းခြင်း (၁ သက်၅း၈)
(၄) သူတပါးအတွက် ဆုတောင်းခြင်း (ကော ၄း၁၂)
(၅) မိမိအတွက် ဆုတောင်းခြင်း(မ ၇:၇) တွေ ရှိရပါမယ် မိတ်ဆွေ။

ချစ်သော မိတ်ဆွေ ယုံကြည်သူဘဝအသက်တာကို တည်ဆောက်တဲ့အခါ အုတ်မြစ်ကို အလေးထားကာ ခိုင်ခံအောင်တည်ဆောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တစ်ဆင့်ပြီးမှ တစ်ဆင့် တည်ဆောက်ဖို့လည်းလိုအပ်ပါတယ်။ နေ့စဉ်အသက်တာထဲမှာ နှုတ်ကပတ်တော်ဖတ်ရှုပြီး လက်တွေ့ လုပ်ဆောင်ခြင်း အသက်တာ နှင့် ဆုတောင်းခြင်း အသက်တာ မရှိဘဲ အဆင့်ကျော်ကာ အခြားသော ဆုကျေးဇူးများကို အားကျပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိပါက အလွန်စိုးရိမ်စရာ အသက်တာ အခြေအနေပါ မိတ်ဆွေ။ လောကအရာများ၏ အုတ်မြစ်တည်ဆောက်ခြင်း အခြေခိုင်ခြင်း များအား အလေးထား တည်ဆောက်သကဲ့သို့ ဝိညာဉ်ရေးရာ အုတ်မြစ်တည်ဆောက်ခြင်း၌လည်း အလေးထား တည်ဆောက်ရန် တိုက်တွန်းလိုက်ရပါတယ် မိတ်ဆွေ။