Skip to content

တစ်ဦးအပေါ် တစ်ဦး ခွင့်မလွှတ်နိုင်ခြင်းတည်းဟူသော အရာတစ်ခုသည် ကျွန်ုပ်တို့၏ မိသားစုအရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အသင်းတော်၏ အရေးအတွက်လည်း အင်မတန်အန္တရာယ်ရှိသည့် အဆိပ်အတောက်တစ်ခုဖြစ်သည်။ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ထိုသူတစ်ဦးတစ်ယောက်၏ အပြုအမူ၊ အပြောအဆို၊ လုပ်ရပ်များသည် အင်မတန်ဆိုးရွားကောင်း ဆိုရွားပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း ခွင့်လွှတ်ရန်မှာ ခက်ခဲတတ်ပေသည်မဟုတ်ပါလား …

ထိုအရာ၏ ချည်နှောင်ခြင်းတို့သည် မိမိတို့၏ စိတ်နှလုံးကိုပါ နာကျင်စေတတ်သည်မှာ အမှန်ပင် … လုပ်ငန်းခွင်၏ ခွင့်မလွှတ်နိုင်ခြင်းအဖြစ်သည် နေ့စဥ်နှင့်အမျှ ကြီးစိုးလာတတ်သကဲ့သို့ လူမှုရေး၏ ခွင့်မလွှတ်နိုင်ခြင်းသည်လည်း ထို့အတူပင် … အသင်းတော်၌ ခွင့်မလွှတ်နိုင်ခြင်းသည်လည်း များစွာသော ပဋိပက္ခတို့ကိုသာ ကြီးထွားစေရုံသာမက (အသင်းတော်သို့ မသွားချင်တော့လောက်သည်အထိ သို့တည်းမဟုတ် မိသဟာရပျက်ဆီးသွားသည်အထိပင်) ဆိုးကျိုးများစွာ ရှိလာနိုင်သည်မှာ ကျွန်ုပ်တို့အသိပင်ဖြစ်သည်မဟုတ်ပါလား … သင်းကွဲခြင်း၏အစသည်လည်း ထိုပဋိပက္ခကြောင့်ပင် ဖြစ်စေနိုင်သည်မှာ သတိထားစရာပင်။

ထို့ကြောင့် ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏ အသက်တာအတွက် အင်မတန်အရေးပါသော အရာတစ်ခုပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် မထိုက်တန်သော်လည်း ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းကို ရရှိခြင်း (Vertical Forgiveness) ကို မမေ့မလျော့သင့်သကဲ့သို့ သူတပါးအားလည်း ပြန်လည်ခွင့်လွှတ်ခြင်း၊ အချင်းချင်းခွင့်လွှတ်ခြင်း (Horizontal Forgiveness) ကို ပြန်လည် စီးဆင်းစေရန် သတိပြုရပေမည်။

ကောလောသဲဩဝါဒစာ ၃:၁၃
တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။

ထို့အတူ ဖိလေမုန်၏ အခြေအနေကို ဝင်ရောက်ခံစားကြည့်လျှင် ဩနေသိမ်သည် သူ၏ယုံကြည်မှုအား အလွဲသုံးစားလုပ်ခြင်း၊ သစ္စာဖောက်ခံရခြင်းတည်းဟူသော လူယုံသတ်ခြင်း၊ တန်ဖိုးရှိသည့်အရာများ ခိုးယူခံရခြင်း စသည့် ခံစားချက်များကို ဖြစ်ကောင်း ဖြစ်စေပေလိမ့်မည်။ ထို့ကြောင့် ဩနေသိမ်အား အင်မတန် စိတ်ဆိုးနေမည့် အခြေအနေ သို့တည်းမဟုတ် ခွင့်လွှတ်နိုင်ဖွယ်မရှိသည့် အနေအထားပင် … ဆုံးရှုံးခဲ့ရသူ၊ နာကျင်ခဲ့ရသူဖြစ်သည့် ဖိလေမုန်သည် “ကိုယ့်ဝမ်းနာ ကိုယ်သာသိ” ဟုပင် ဆိုနိုင်ဖွယ်ရှိပေဦးလိမ့်မည်။

ကျွန်ုပ်တို့ဆိုလျှင်လည်း ထိုခံစားချက်တို့အတိုင်းပင်ဖြစ်နေဦးလိမ့်မည်။ မိမိထံမှ ခိုးယူသွားခြင်း၊ သစ္စာဖောက်ခံရခြင်း၊ ယုံကြည်မှု အလွဲသုံးစားလုပ်ခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း စသည့်အခြေအနေတို့သည် လူ့သဘာဝအလျှောက်ကြည့်လျှင် ခွင့်လွှတ်ရန်ပင် မထိုက်တန်ဘူးဖြစ်သော်လည်း ကျွန်ုပ်တို့ကိုယ်တိုင်ပင်လျှင် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းကို ခံစားရရန်မထိုက်တန်သူများလည်း ဖြစ်ပေသည်မဟုတ်ပါလား …

သို့သော်လည်း ဖိလေမုန်သည် ဩနေသိမ်အား ခွင့်လွှတ်နိုင်မည်ကို ရှင်ပေါလု သိနားလည်ထားသည့်နှယ် … မိမိ၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့သူ၊ မိမိထံမှ ခိုးယူခဲ့သူ၊ မိမိအား သစ္စာဖောက်ခဲ့သူ စသဖြင့် ခွင့်လွှတ်ရန် မထိုက်တန်သော်ငြားလည်းဘဲ ခွင့်လွှတ်ခဲ့ခြင်းသည် မူလအရင်းအမြစ်ဖြစ်သည့် (Vertical Forgiveness) ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းပင် … ဖိလေမုန်ဩဝါဒစာ၏ အနှစ်သာရသည်ပင်လျှင် “Forgiveness” ဟုပင်ဆိုရပေအံ့။ ဩနေသိမ်၏ ပြောင်းလဲခြင်းနှင့် နောင်တရခြင်းသည် စစ်မှန်သည်မမှန်သည်ထက် ဖိလေမုန်သည် ခွင့်လွှတ်ခဲ့ခြင်းပင် …

ဖိလေမုန်ဩဝါဒစာ ၁:၂၁
သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက၊ ငါပြောသည်ထက်သာ၍ ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ၏။

ထို့ကြောင့် ယနေ့တွင် ကျွန်ုပ်တို့၏ အသက်တာ၌ ခွင့်မလွှတ်နိုင်ခြင်းများစွာတို့အား ထိုအရင်းအမြစ်ဖြစ်သည့် (Vertical Forgiveness မှသည် Horizontal Forgiveness) သို့ စီးဆင်းကာ ပဋိပက္ခများအား ကုသကြဖို့ရန်လိုအပ်ပေလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းကို မထိုက်တန်သော်လည်း ထိုခွင့်လွှတ်ခြင်းကို ခံစားရသူများဖြစ်သကဲ့သို့ သူတပါးအားလည်း ထိုက်တန်သည်ဖြစ်စေ မထိုက်တန်သည်ဖြစ်စေ ပြန်လည်ခွင့်လွှတ်တတ်စေရန် ဆင်ခြင်ရင်း“သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ” အဖ …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။