Skip to content

ယုံကြည်သူ မိတ်ဆွေတို့ဘဝမှာ “တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်” ဆိုတဲ့ စကားစုလေး ဟာ အမြဲလိုလို တရားဒေသနာတွေမှာ ဖြစ်စေ တိုက်တွန်းခွန်အားပေးတဲ့ နေရာမှာ ဖြစ်စေ ကိုယ်ကိုတိုင် ဖြစ်စေ ရင်းနှီးကျွမ်းဝင်စွာ ခွန်အားယူ ကြားဖူးကြမှာဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် Sunday School ကလေးဘဝမှာတည်းက ဘုရားသားသမီးမှန်ရင် တောင်းချင် သမျှကို ဘုရားသခင်ဆီတောင်းလျှောက်ပါ ဘုရားကပေးမယ်ဆိုတာကို ကြားဖူးခဲ့ပါတယ်။ ဒါကြောင့်စာရေးသူငယ်စဉ်က ကိုယ်တိုင်လိုချင်တာမှန်သမျှ ဘုရားဆီတောင်းလျှောက်ခဲ့ပါတယ်။ သို့သော်ဆုတောင်းတိုင်းမရတဲ့အခါဘုရားသခင်က “ကျွန်ုပ်ဆုတောင်းတာကိုမကြားတာလား?ကျွန်ုပ်ကိုမချစ်တာလား?…..ဘုရားသခင်ကတကယ်တန်ခိုးရောရှိရဲ့လား?”ဆိုပြီးငယ်စဉ်ဘဝမှာရှုပ်ထွေးဝမ်းနည်းခဲ့ရပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး နှုတ်ကပတ်တော်နဲ့ လေ့လာကြည့်ရအောင်ပါ။ ရှင်ယောဟန်ခရစ်ဝင် ၁၅ : ၁-၇ ထိလေ့လာကြည့်တဲ့အခါ အပိုင်းနှစ်ပိုင်းကို တွေ့ရမှာ ဖြစ်ပါတယ်။
ပထမတစ်ပိုင်းက “ခရစ်တော်၌ တည်သောအသက်တာ” နဲ့ ဒုတိယတစ်ပိုင်းက “ခရစ်တော်၌ မတည်သောအသက်တာ” ဆိုပြီးလေ့လာတွေ့ရှိရပါတယ်။

“ခရစ်တော်၌ တည်သောအသက်တာ” ကိုလေ့လာကြည့်တဲ့အခါ

၁) များစွာသောအသီး သီးခြင်း (ယော ၁၅း၅)

“ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ထိုသူသည် များစွာသောအသီးကိုသီးတတ်၏”

၂) တောင်းချင်သမျှတောင်း၍ရခြင်း( ယော ၁၅း၇

“သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။” ဆိုပြီး တွေ့ရှိရပါတယ်။

 

ဒုတိယအချက်အနေနဲ့
“ခရစ်တော်၌ မတည်သောအသက်တာ” ကိုဆက်လက်လေ့လာကြည့်ရ အောင်ပါ မိတ်ဆွေ-

၁)အသီးမသီးနိုင်ခြင်း(ယော၁၅း၄)

“ငါ၌တည်နေကြလော့။ငါသည်လည်းသင်တို့၌ တည်နေမည်။ စပျစ်ခက်သည် အပင်၌ မတည်လျှင်၊ ကိုယ်အ လိုလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည်ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။”

၂)အဘယ်အမှုကိုမျှ မတတ်နိုင်ခြင်း(ယော၁၅း၅(ခ))

“ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။”

၃)စွန့်ပစ် / ဖျတ်ဆီးခြင်းခံရခြင်း(ယော၁၅း၆)

“ငါ၌မတည်သော သူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက် များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။” ဆိုပြီး တွေ့ရှိရပါတယ်။

ချစ်သောမိတ်ဆွေ ကျွန်ုပ်တို့ဘဝမှာ “တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်” ဆိုတဲ့နေရာမှာ ကျွန်ုပ်တို့ အသက်တာကို အရင်ဆုံးပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။ဘုရား၌တည်သော အသက်တာ ဘုရားစကား၌တည်သော အသက်တာဖြစ်ပြီလား ဆိုတာကို နေ့စဉ် သမ္မာသတိရှိစွာ ဆင်ခြင်သုံး သပ်ပြီး လက်တွေ့လိုက်လျှောက်ခြင်း အသက်တာရှိဖို့လိုပါတယ်။ ဘုရားသားသမီးမှန်ရင် “တောင်းချင်သမျှကိုတောင်း၍ရကြလိမ့်မည်” ဆိုတဲ့ လိုချင် တဲ့အပိုင်းလောက်ပဲ ဆွဲထုတ်ထားတဲ့ နုတ်ကပတ်တော်ကို ကိုင်ဆောင်ပြီး တောင်းသမျှဆုတွေ မရရှိလာတဲ့အခါ ဘုရားကိုအပြစ်တင်တဲ့အသက်တာ မဖြစ်ဖို့ အရေးကြီးပါတယ် မိတ်ဆွေ။ ဘုရား၌တည်ပြီး ဘုရားစကားတွေဟာ ကျွန်ုပ်တို့၌တည်နေခြင်း အားဖြင့် တောင်းလျှောက်သမျှသောအရာများ၏ အဖြေကို အလိုတော်နှင့်အညီရရှိကာ ကောင်းမြတ်ခြင်းသက်သေနှင့်အတူ အသက်ရှင်ကြပါစို့ မိတ်ဆွေ။

Didi (TBP)