Skip to content

ခုနောက်ပိုင်းခရစ်ယာန်အချို့ရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာတဲ့စကားတခုရှိပါတယ်။ “ဘုရားတာဝန်ယူတယ်/လိမ့်မယ်” ဆိုတဲ့စကားပါပဲ။ ရုတ်တရက်ကြည့်ရင်တော့ ဟုတ်မလိုလိုပါပဲ။ ဒါပေမယ့်တကယ်တမ်းစဉ်းစားကြည့်တော့ ကိုယ့်ရဲ့တာဝန်ဝတ္တရားမဲ့မှုကြီးကလည်း တဖက်မှာထင်ရှားမြင်သာနေတာကို သတိပြုမိသူက မရှိသလောက်ပါပဲ။ နှုတ်ကပတ်တော်တလျှောက်ကြည့်လိုက်ရင် ဘုရားကသူ့အလုပ်ကိုသူလုပ်ဆောင်နေတာကိုတွေ့ရမှာဖြစ်သလို၊ ဘုရားသခင်ရဲ့လူတွေ၊ ပရောဖက်တွေ စသည့်အသီးသီးသောလူတွေဟာဆိုရင်လည်း ဘုရားသခင်ခွဲခန့်သောတာဝန်ကို လုပ်ဆောင်ခဲ့ရသူတွေပါပဲ။ ဘုရားသခင်တာဝန်ယူပါလိမ့်မယ် ဆိုတဲ့စကားထက် ဘုရားသခင်ပြုမည့်အမှုကိုသာရှေ့တန်းတင်ပြီး၊ ကိုယ်လုပ်ဆောင်စရာရှိတာကိုလုပ်ဆောင်ခဲ့ကြသူတွေသာ။ နောက်ပြီး ဘုရားတာဝန်ယူတယ် တဲ့စကားကိုစဉ်းစားကြည့်ရင် ကျွန်ုပ်တို့အပေါ်မှာ ဘုရားသခင်ကကျေးဇူးကြွေးပဲရှိနေသလိုမျိုးပုံစံပင်။

ခရစ်ယာန်တွေကိုကြည့်ရင် များသောအားဖြင့် ဘုရားထံကနေ ကောင်းကြီးပေးပါလို့ တောင်းတတ်ကြပါတယ်။ ထိုသို့တောင်းတဲ့အခါမှာလည်း တပ်မက်သောကြောင့်တောင်းသူရှိသလို၊ လိုအပ်သောကြောင့်တောင်းသူတွေလည်း ရှိကြပါတယ်။ တောင်းတာမှားလား။ မမှားပါ။ ဘုရားသားသမီးဖြစ်လာသူတွေ ဘုရားထံမှကောင်းကြီးကိုသာမြော်လင့်ခြင်းက ကောင်းတဲ့အမှုပါ။ ထိုသို့ကောင်းကြီး တောင်းခံပြီးရလာတဲ့အခါကြရင်၊ ထိုကောင်းကြီး မင်္ဂလာကိုပြုစုတာဝန်ယူတတ်ဖို့အရေးကြီးပါတယ်။ ဥပမာပြောရရင် အိမ်ထောင်ပြုချင်သူတယောက်ဟာ ဘုရားထံမှအိမ်ထောင်ဖက်ကိုတောင်းမယ်ဆိုပါစို့။ ဒီလိုအမျိုးသား၊ ဒီလိုအမျိုးသမီးကိုပေါင်းသင်းချင်တယ်၊ ဘုရားသခင်မစကောင်းကြီးပေးပါလို့ ဆုတောင်းမယ်။ ထိုသို့သောကောင်းကြီးကို ရလာတဲ့အခါမှာ ဤအမှုအရာဟာဘုရားသခင်၏ကျေးဇူးပြုခြင်းဖြစ်ပါတယ်။ ကောင်းကြီးကိုခံစားရခါစကတော့ ကျေးဇူးတွေတင်ချီးမွမ်းပေမယ့်၊ အချိန်တွေကြာလာတာနဲ့အမျှကောင်းကြီးလို့ မမြင်လာတော့တဲ့အခြေအနေတွေလည်း ဖြစ်လာတတ်ကြပါတယ်။ မြင့်မြတ်သန့်ရှင်းစုံလင်တော်မူသောဘုရားသခင့်ထံမှတောင်းလျှောက်ထားတဲ့ကောင်းကြီးကို တန်ဖိုးထားပြုစုတာဝန်ယူရမည့်အစား၊ ဘုရားတာဝန်ယူတယ်ဆိုပြီးတော့ မပုံအပ်လိုက်ပါနှင့်။ ဘုရားသခင်ရဲ့ဦးဆောင်မှုနဲ့သွားနေသော အိမ်ထောင်ဟာဘယ်သောအခါမျှ “ဘုရားတာဝန်ယူတယ်”ဆိုပြီး လက်လွတ်စပယ်မတည်ဆောက်တတ်ပါ။ ကိုယ့်ရဲ့တာဝန်ရှိသောဝတ်ကိုသာကျေပွန်စွာထမ်းရွက်လျက်၊ ဘုရားသခင်ဆက်လက်ကောင်းကြီးပေးတိုးပွါးစေသော သားသမီးမျိုးဆက်များထိတိုင်လုပ်ဆောင်နေခြင်းပင်ဖြစ်ပါသည်။ အိမ်ထောင်ရေး၌သာမက စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့်ကဏ္ဍများ၌ပင်လျှင် တာဝန်ယူစရာဝတ္တရားများရှိပေသည်။

ဘုရားသခင်ယခုတိုင်အောင်အလုပ်လုပ်နေသောဘုရားဖြစ်တယ်ဆိုတာဘယ်သူမှ မငြင်းပါဘူး။ ယခုတိုင်အောင်အလုပ်လုပ်သောဘုရားရဲ့လုပ်ဆောင်မှုတွေဟာ တခါတရံကျွန်ုပ်တို့ရဲ့ကျဉ်းမြောင်းတဲ့တကိုယ်စာအမြင်မှာတော့ သိပ်ပြီးမကြီးကျယ်ဘူးထင်ရပေမယ့်၊ ယုံကြည်သူတွေစုဝေးပြီး နှုတ်ကပတ်တော်ကိုဆင်ခြင်တဲ့အခါမှာတော့ အလွန်ပင်ကြီးကျယ်ခမ်းနားတယ်ဆိုတာကိုသိနိုင်ပါတယ်။ ဆိုလိုချင်တာက အချိန်တော်တော်များများမှာ ကျွန်ုပ်တို့တတွေ ကိုယ်လုပ်ချင်တာတွေကိုလုပ်ပစ်လိုက်ပြီး ဘာထူးခြားမှု၊ တိုးတက်မှုကိုမှမမြင်လာရတဲ့အခါ အလိုမကျ၊ မကျေနပ်စိတ်တွေနဲ့ဘုရားရှင်ထံကိုပုံချတတ်ကြပါတယ်။ ဒီလိုပုံချလိုက်လို့ ဘုရားသခင်အလုပ်လုပ်နေသည့်အရာက ပြောင်းလဲ၊ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ကသာ ဘုရားသခင်ရဲ့အလိုတော်ကိုစွဲလမ်းကာ၊ ခွဲ့ခန့်တော်မူသောတာဝန်ကိုထမ်းရွက်ဖို့အတွက်ဆန္ဒပြင်းပြဖို့လိုအပ်ပေသည်။

ကမ္ဘာဦးမှစလို့ကြည့်ရင် ဖန်ဆင်းခံလူတိုင်းဟာ တာဝန်မဲ့မှုတွေကနေ အကျိုးဆက််ကိုကြုံခဲ့ရသူတွေပါပဲ။ သမ္မာကျမ်းစာကိုလေ့လာဖတ်ရှုနေသူတယောက်ဆိုရင်တော့ ဒါကိုသိပါလိမ့်မယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့ပက်သက်ပါဝင်နေရတဲ့နေရာတိုင်းမှာ တာဝန်တွေကိုခွဲခန့်ပေးတယ်ဆိုတာကို သိဖို့လိုအပ်ပါတယ်။ ဖခင်နေရာ၌ရှိနေသောသူဟာ ဖခင်တာဝန်ကိုလုပ်ဆောင်ရသလို၊ သင်းအုပ်နေရာ၌ရှိနေသောသူဟာဆိုရင်လည်း သင်းအုပ်တာဝန်ကိုထမ်းရွက်ရပါတယ်။

လုပ်ချင်တာလုပ်ပြီး ဘုရားရှိတယ် ဟုဆိုကာပေါ့ပါ့ပါးပါး မနေသင့်ပါ။ ဘုရားတာဝန်ယူတယ်ပြောပြီး အနောက်မှာတော့ အိုးနင်းခွက်နင်း အခြေအနေတွေနဲ့ကျန်ခဲ့တဲ့အဖြစ်တွေကလည်းစိတ်ပျက်စရာပင်။

သခင်ခရစ်တော်ဟောပြောခဲ့သောပုံဥပမာစကားတခုကိုသိပါလိမ့်မယ်။ ငယ်သားသုံးယောက်ကို တာဝန်တွေနဲ့အတူပုံအပ်ပြီးခရီးထွက်သွားခဲ့တဲ့သခင်၊ ပြန်လာချိန်မှာတော့ “သာဓုသစ္စာရှိသောငယ်သားကောင်း”လို့ချီးမွမ်းခံရသူ နှစ်ဦးသာရှိပါတယ်။ ထိုနှစ်ဦးဟာ အပ်နှင်းထားသောတာဝန်ကိုကျေပွန်သောကြောင့် သခင့်ကိုကျေနပ်စေခဲ့ပါတယ်။ သခင်ပေးခဲ့တဲ့ဥစ္စာ ပျောက်ရင်လျော်နေရဦးမယ်ဆိုပြီး မြှုပ်နှံမထားသင့်ပါ။ ဒါကြောင့် သခင်က ကျွန်ုပ်တို့အယောက်စီတိုင်းမှာ သူကိုယ်တိုင်ပေးတဲ့အမှုအရာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ကရွေးချယ်တဲ့အရာပဲဖြစ်ဖြစ် ဘယ်အမှုအရာကိုမဆိုတာဝန်ကျေပြီးမြောက်စေချင်တယ်ဆိုတာကို သတိချပ်စေလိုပါသည်။ အချိန်တိုင်းဘာမှမလုပ်ဘဲ ဘုရားထံပုံအပ်နေတဲ့အသက်တာမျိုးကတော့ သခင့်ကိုကျေနပ်နှစ်သိမ့်စေမှာ မဟုတ်ပါဘူး။ ဒီလိုပြောလို့ ဘုရားကိုမကိုးစားရဘူး၊ ဘုရားရဲ့အကူအညီမလိုအပ်ဘူးလို့ဆိုနေခြင်းမဟုတ်ပါ။ ဘုရားခိုင်းတာကိုလုပ်တတ်ပြီး၊ ပေးအပ်တဲ့တာဝန်ကိုကျေပွန်စွာထမ်းရွက်အစေခံတတ်စေခြင်းငှါ ဆိုလိုခြင်းသာ။ ဒုက္ခ၊ အခက်အခဲ၊ လောကဓံကြမ်းတွေထဲ “မစိုးရိမ်နဲ့ငါသည်လောကကိုအောင်ပြီ”လို့ဆိုတဲ့သခင့်ကို၊ မုန်တိုင်းကြုံတိုင်း “လှေထဲမှာအတူရှိပြီးကျိန်းစက်”နေတဲ့သခင့်ကို တာဝန်တွေပြန်ပေးလိုက်တာထက် သခင့်ရဲ့အတူရှိခြင်း၊ ကောင်းမြတ်ခြင်းတွေကိုသိမှတ်ပြီး၊ ကိုယ့်ရဲ့ ယုံကြည်ခြင်း၊ စိတ်ချခြင်းတွေကိုစစ်ဆေးဖို့ကပိုပြီးအရေးကြီးပါတယ်။

ချစ်သောညီအကိုမောင်နှမတို့ “ဘုရားတာဝန်ယူတယ်” ဆိုတဲ့စကားကတကယ်တမ်းတော့ ကျွန်တော်တို့ပြောရမယ့်စကား မဟုတ်ပါဘူး။ ကျွန်တော်တို့အမှန်တကယ်ဆိုပြောရမယ့်စကား၊ နှုတ်ကနေထွက်လာသင့်သည့်စကားက “ကျွန်ုပ်ယုံကြည်ပါ၏”၊ “ကျွန်ုပ်မယုံကြည်နိုင်သည်ကိုမစပါ” ဆိုတဲ့စကားမျိုးသာ ဖြစ်သင့်ပါသည်။ ဒါကြောင့် ဘုရားတာဝန်ယူတယ်လို့ နှုတ်ကဆိုပြီး အသက်တာမှာ တာဝန်မဲ့စွာအသက်ရှင်နေသော ခရစ်ယာန်များမဖြစ်ဖို့အထူးသဖြင့် သတိပြုနိုင်ပါမည်အကြောင်း

မေတ္တာဖြင့်