Skip to content

“အပြောကတော့ ရွှေမန်း၊ ကတော့ ချိုမိုင်မိုင်” ဟူသည့် မြန်မာစကားပုံကို အားလုံးသိကြပေလိမ့်မည်။ ထိုစကားပုံလာ အဓိပ္ပါယ်မှာ ဘဘရွှေမန်းတင်မောင်သည် မြန်မာ့ဇာတ်သဘင်လောကတွင် အကနှင့် အပြော အင်မတန်ကောင်းလွန်းသူတစ်ဦးဖြစ်သည်နည်းတူ သူသည် တချိန်က မြန်မာ့ဇာတ်သဘင်လောကကြီးအား ထူးသည်ထက် ဆန်းလာအောင် လုပ်နိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ အပြော၊ အဟော ကောင်းသဖြင့် ယခုခေတ်အခါ အပြောကောင်းသူများကိုတွေ့လျှင် “အပြောကတော့ ရွှေမန်း” ဟုပင် တင်စားကြခြင်းပင် … ထို့အတူ လေကြီးမိုးကြီးပြောတတ်ကြသည့် လူများကိုလည်း “အပြောကတော့ ရွှေမန်း” ဟု ခနဲ့ကြ ရွဲ့ကြသည်မှာ အားလုံးအသိပင်ဖြစ်ပေလိမ့်မည်။

လူတစ်ဦးတစ်ယောက်သည် စကားပြောသည့်အခါ လေကြီးမိုးကြီး ပြောတတ်သော်လည်း လက်တွေ့လုပ်ရပ်သည် ပုံမလာခြင်း၊ အပြောနှင့် အလုပ်မညီခြင်း၊ စကားဆိုသော်လည်း လုပ်ဆောင်ချက်မပါခြင်း သို့တည်းမဟုတ် အပြောကြီးသော်လည်း လက်တွေ့မကျခြင်း၊ လက်တွေ့ပါမလာခြင်းများကိုတော့ “အပြောကတော့ ရွှေမန်းပဲ၊ ကတော့ ချိုမိုင်မိုင်” ဟုပင် ဆိုတတ်ကြပေသည်။ (ကိုးကား – wikipedia, မြန်မာစကားပုံများ)

ကျွန်ုပ်တို့ယုံကြည်သူခရစ်ယာန်များသည်လည်း “ချိုမိုင်မိုင်” ကလေ့ ကထ ရှိတတ်ကြပေသည်။ ထိုအကကို ကျွမ်းကျင်ပိုင်နိုင်စွာ ကတတ်သူများမှာလည်း ကျွန်ုပ်တို့ပင်

“ဆုတောင်းပေးမယ်နော် … ဒီအပတ်ဘုရားကျောင်း လာမယ်နော် … နောက်တစ်ခါ ‘Bible Study” လာမယ်နော်, ‘Live’ လွှင့်ပေးရင် လာနားထောင်မယ်နော် … စစ်ဘေးအတွက် ပါဝင်မယ်နော် … ဧဝံဂေလိအစီအစဥ်အတွက် ပါဝင်မယ်နော် … ဒီတခါ ဘာလုပ်ရင် လူအားဖြင့်ပါဝင်မယ်နော်၊ အလှူငွေအားဖြင့်ပါဝင်မယ်နော်”

စသဖြင့် အမျိုးမျိုးသော အပြောများစွာဖြင့် “ချိုမိုင်မိုင်” ကကြသူများသည်လည်း ကျွန်ုပ်တို့ပင်ဖြစ်ကြသည် မဟုတ်ပါလား … ကောင်းသောရှမာရိ၊ “Love your neighbors” စသဖြင့်တို့ကို ကောင်းစွာ ပြောတတ် ဆိုတတ်ကြသော်လည်း လက်တွေ့မပါလျှင် “ချိုမိုင်မိုင်” ပင် …

ထို့ကြောင့် ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာသည် “ချိုမိုင်မိုင်” မဖြစ်ရဘဲ “Action” ပါသည့် အသက်တာဖြစ်ရပေမည်။ ချစ်ခြင်းမေတ္တာအကြောင်း ပြောနေဆိုနေသော်လည်း မိမိ၏ အသက်တာတွင် ချစ်ခြင်းမေတ္တာမရှိလျှင်၊ စိတ်ရှည်ခြင်းအကြောင်း ဆိုသော်လည်း စိတ်မရှည်လျှင်၊ ခွင့်လွှတ်ခြင်းဟု တတွတ်တွတ်ပြောနေသော်ငြားလည်း ခွင့်မလွှတ်နိုင်လျှင်၊ နှိမ့်ချခြင်းဟုဆိုသော်လည်း မာနထောင်လွှားနေလျှင်၊ ပေးလှူခြင်းကိုဆိုတတ်ကြသော်လည်း တွန့်ဆုတ်နေလျှင် သို့မဟုတ် လက်နှေးနေမည်ဆိုလျှင် စသဖြင့် “ချိုမိုင်မိုင်” ကို ကွေးနေအောင် ကနေသူများပင် ဖြစ်နေပေတော့မည်။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၃:၁၈
ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။

ယခုအခါ ကျွန်ုပ်တို့၏ နိုင်ငံ၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် စစ်ဘေးကြောင့် ဖိနှိပ်ခံရခြင်း၊ အဓမ္မလုပ်ရပ်များနှင့် မတရားမှုပြုခြင်းပေါင်းများစွာကြောင့် လူအများစုတို့သည် ထွက်ပြေးတိမ်းရှောင်နေကြရကာ နာကျင်ငိုကြွေးနေရသည့် အချိန်ကာလလည်းဖြစ်သကဲ့သို့ စားဝတ်နေရေးလိုအပ်ခြင်း၊ ငွေရေးကြေးရေး၊ ကျန်းမာရေးပြဿနာများနှင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ကြုံတွေ့ရင်ဆိုင်နေရသည့် ကာလဟုဆိုလျှင်လည်း မမှားချေ။ ကျွန်ုပ်တို့သည် ထိုသူများအတွက်လည်း ကူညီမစဖို့ရန် လိုအပ်ပေသည်မဟုတ်ပါလား။ ထိုနည်းတူ ကယ်တင်ခြင်းမရရှိသေးသူများအတွက်လည်း လူအားဖြင့်ဖြစ်စေ၊ ငွေအားဖြင့်ဖြစ်စေ၊ ရှေ့တန်းနောက်တန်းမရွေးဘဲ မိမိတို့၏ ဆုကျေးဇူးအလိုက် တတ်အားသ၍ ပါဝင်ဖို့ရန်လည်း လိုအပ်ပေသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ရမည့် ကျွန်ုပ်တို့၏ “Action” ပါသော ချစ်ခြင်းမေတ္တာပင် …

ယခုအချိန်တွင် မပေးလှူလျှင် မည်သည့်အချိန်တွင် ပေးလှူမည်နည်း၊ ယခုအချိန်တွင် မကူညီလျှင် ယခုအချိန်တွင် မ မစလျှင်၊ ယခုအချိန်တွင် မလုပ်ဆောင်လျှင် မည်သည့်အချိန်တွင် လုပ်ဆောင်ကြပါတော့မည်နည်း။ လက်ရှိ အခွင့်အရေးရှိနေစဥ်ကာလတွင် “ချိုမိုင်မိုင်” မကကြတော့ဘဲနှင့် လက်တွေ့လုပ်ဆောင်ပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာသည် လုပ်ဆောင်ချက်လည်းပါဝင်ကြောင်းကို ဖော်ပြကြဖို့ရန်အချိန်ပင်ဖြစ်သည် မဟုတ်ပါလား …

အချုပ်အားဖြင့်ဆိုရသော် မြင်နေရသည့် လူပုဂ္ဂိုလ်၏ ကျေးဇူးပြုခြင်းကိုပင် မသိဘဲနှင့် မမြင်ရသည့် ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို သိပါသည်ဟုဆိုနေလျှင် မည်သို့ ယုံရမည်နည်း၊ ထိုတည်းတူ မြင်နေရသည့် လူကိုမှပင် မချစ်နိုင်လျှင် မမြင်ရသည့် ဘုရားသခင်အား ချစ်ပါသည်ဟု ဆိုနေသည်မှာ မည်သို့ ယုံနိုင်ဖွယ်ရှိရပါဦးလိမ့်မည်နည်း။ ထိုနည်းတူပင် ကျွန်ုပ်တို့ယုံကြည်သူများသည် “အပြောကတော့ ရွှေမန်း ကတော့ ချိုမိုင်မိုင်” ဆိုတာမျိုး မဖြစ်စေဘဲ ဧဝံဂေလိတရားအတွက်၊ အသင်းတော်အတွက် သာသနာအတွက်၊ လက်ရှိလိုအပ်နေသူများအတွက် စသဖြင့် “Action” ပါသည့် ချစ်ခြင်းမေတ္တာဖြင့် ဆုကျေးဇူးအလိုက်၊ လူအား၊ ငွေအား အစရှိသဖြင့် တတ်အားသ၍ ပါဝင်ကူညီကာ လုပ်ဆောင်ကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။