Skip to content

စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား

လောကမှာအသက်ရှင်နေထိုင်သွားလာရတဲ့အခါမှာ မြောက်မြားစွာသောလောကီအမှုအရာတွေကြောင့် ပင်ပန်းခြင်း၊ ဆင်းရဲခြင်း အစရှိသည့် အရာတွေကို နေ့စဉ်နဲ့အမျှကြုံတွေ့ခံစားရနိုင်ပါတယ်။ နေ့စဉ်နှင့်အမျှ ဘယ်လိုနေထိုင်စားသောက်ရှာဖွေရမလဲ၊ အန္တရာယ်ကင်းအောင် လုံခြုံအောင် ဘယ်လိုနေထိုင်သွားလာကြမလဲ စသည်ဖြင့် ကျွန်ုပ်တို့သည် တွေးတောပူပန်ကာ ကြောက်ရွံ့မှုတို့ကို အလိုလိုနေရင်း ကိုယ်တိုင်တည်ဆောက်ဖန်တီးနေမိတတ်ကြပါတယ်။ ထိုသို့ ကိုယ်တိုင်ဖန်တီးမိရင်း ယုံကြည်သူညီအစ်ကိုမောင်နှမ ခရစ်ယာန်များအနေဖြင့် ကယ်တယ်ခြင်းနှင့်စပ်ဆိုင်သော ယုံကြည်မျှော်လင့်ခြင်းအား စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က လွှမ်းမိုးသွားနိုင်ကြောင်း ရှေးဦးစွာသတိပေးပါရစေ။

“မစိုးရိမ်နှင့်။ ငါသည်သင့်ဖက် မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့်ထောက်ပင့်မည်။”
ဟေရှာယအနာဂတ္တိကျမ်း ၄၁:၁၀
“So do not fear, for I am with you; do not be dismayed, for I am your God. I will strengthen you and help you; I will uphold you with my righteous right hand.”
‭‭Isaiah‬ ‭41:10‬ ‭(NIV)‬‬

သမ္မာကျမ်းစာတော်မြတ်တွင်တော့ ပရောဖက်ဟေရှာယအားဖြင့် ဘုရားသခင်သည် ဣသရေလူမျိုးတို့အတွက်အာမခံချက်ကို ထားရှိခဲ့သည်ကို ကြည့်ရှုခြင်းအားဖြင့် သခင်သည်ကျွန်ုပ်တို့နှင့်အစဉ်အမြဲအတူရှိကာ နှစ်သိမ့်မှုကွယ်ကာမှုတို့အား အစဉ်အမြဲပြုလုပ်နေကြာင်းကိုအတိအလင်းသိရှိနိုင်ပါသည်။ နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ အခက်အခဲပြဿနာတွေက ရှိလာနိုင်သော်ငြားလည်း အထက်ပါကျမ်းပိုဒ်အားဖြင့် ကျွန်ုပ်တို့သည် သခင့်အားဖြင့် စိုးရိမ်ကြောက်ရွံ့ခြင်းများကို ဖြတ်ကျော်လျက် ယုံကြည်ခြင်းကို တည်ဆောက်နိုင်ပါသည်။

ရှေးဦးစွာ သခင်က “မစိုးရိမ်နှင့်။ ငါသည်သင့်ဖက် မှာရှိ၏” ဟု ဖော်ပြထားပါသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် သခင်ကလူတွေသည် စိုးရိမ်ပူပန်တတ်သောသူများဖြစ်သည်ကိုသိပါသည်။ အသွေးနဲ့တည်ဆောက်ထားသောလူသားတို့သည် အမျိုးမျိုးသော စိုးရိမ်ပူပန်မှုတို့အားဖြင့် မိမိရဲ့ ခန္ဓာကိုသော်လည်းကောင်း၊ စိတ်ကိုသော်လည်းကောင်း ညစ်ညူးနေစေမိပါသည်။ စိုးရိမ်ပူပန်ခြင်းဖြင့် လောကရှိလှပကောင်းမြတ်သောအရာများကိုမမြင်တွေ့နိုင်တော့သလို ကိုယ်ကိုယ်ကိုနှင့်လက်တွေ့ကိုအသုံးချမှုကြောင့် ချောင်းမြောင်းတတ်သောစာတန်၏ကျော့ကွင်းထဲသို့ပင်ဝင်ရောက်သက်ဆင်းနိုင်ပါသည်။ ထို့ကြောင့် သခင်သည် မစိုးရိမ် မပူပန်ဖို့ သတိပေးကာ သူသည် ကျွန်ုပ်တို့ဖက်၌ရှိကြောင်း သမ္မာကျမ်းစာအားဖြင့်အာမခံထားပါသည်။ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၆ အခန်းငယ် ၂၄ မှ ၃၃ အထိ ဖတ်ရှုလျှင် ကောင်းကင်ရှိငှက်များနှင့် တောမြက်ပင်တို့အကြောင်းအားဖြင့် သခင်ယေရှုသည် ပုံဥပမာပေးကာ စိုးရိမ်ပူပန်တတ်သောသူများအဖို့ သွန်သင်ကာ ပြောကြားလျက် မစိုးရိမ်ဖို့မှာကြားထားပါသည်။

“ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတ္တံ့။ ထို့ကြောင့်နက်ဖြန်အဘို့မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည်မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့အဘို့လုံလောက်ပေ၏”
ရှင်မဿဲခရစ်ဝင်ကျမ်း ၆:၃၃-၃၄

ထို့ကြောင့် ဖြစ်မလာသေးသည့်အရာ မဖြစ်သေးသည့်အရာများအတွက် စိုးရိမ်ပူပန်ကာ အားနည်းကြောက်ရွံ့မည့်အစား နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းအား ဦးစွာရှာဖွေလျက် သခင့်အားကိုးစားခိုလှုံဖို့ အလွန်အရေးကြီးပါသည်။
ထို့နောက်တွင်တော့ “မကြောက်နှင့်။ သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။” ဟု ဖော်ပြလျက် ကြောက်ရွံ့ခြင်းကင်းကာ ခိုင်ခံ့စေမည်အကြောင်း သခင်က အာမခံထားပါသည်။ “Do not be afraid” “မကြောက်နှင့်” ဟူသည့်စာသားအား သခင်ဘုရားသည် သမ္မာကျမ်းစာထဲတွင်ကြိမ်ဖန်များစွာဖော်ပြခဲ့ပါသည်။ ထိုနည်းတူစွာ သမ္မာကျမ်းစာအားဖြင့်ဖော်ပြထားသည်မှာ

“အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏”
တိမောသေဩဝါဒစာဒုတိယစောင် ၁:၇

ထိုကျမ်းပိုဒ်အားပြန်လည်လေ့လာကြည့်မည်ဆိုလျှင် သခင်ဘုရားသည် ကျွန်တော်ကျွန်မတို့အားကြောက်တတ်သော စိတ်ကိုပေးတော်မူသည်မဟုတ်ဘဲ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်တို့ကိုသာပေးသည်ဖြစ်သောကြောင့် ကြောက်ရွံ့ခြင်းသည် မည်သည်မှလာသည်ကို တွေးတောဆင်ခြင်နိုင်ပါသည်။ FEAR : False Evidence Appearing Real ဟုဆိုသောကြောင့် ကျွန်ုပ်တို့ရဲ့ မတည်ငြိမ်သောစိတ်၊ ယုံကြည်အားနည်းသောစိတ်တို့ကြောင့် စာတန်၏ဖျားယောင်းသွေးဆောင်ခြင်းကိုခံရကာ မမှန်သောအရာများ တနည်းမဖြစ်လာသေးသော အရာများအတွက် ကြောက်ရွံ့ကာ စိုးရိမ်မှုသောကများ ဖြစ်နေရပါသည်။ ထို့ကြောင့် သခင်ပေးသော စိတ်တို့အားမျက်မှောက်ပြုနိုင်ရန်ကြောက်ရွံ့သောစိတ်အားဖယ်ရှားဖို့ အရေးကြီးပါသည်။ လှေဝမ်းထဲ၌သခင်ယေရှုအိပ်ပျော်နေစဉ်တပည့်တော်တို့သည်မုန်တိုင်းကြောင့်ကြောက်ရွံ့သကဲ့သို့ ကျွန်တော်ကျွန်မတို့သည်လည်းထင်ရှားသောအရာများကိုမျက်မှောက်ပြုကာ ကြောက်ရွံ့နေမည်ဆိုလျှင်တော့ သခင်ခရစ်တော်မေးသကဲ့သို့ “သင်တို့၏ ယုံကြည်ခြင်းသည်အဘယ်မှာရှိသနည်း” ဟုမေးရမှာဖြစ်သလို “သူတို့သည်ကြောက်ရွံ့အံ့ဩ၍၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ရေကိုပင်မှာထားတော်မူ၍၊ သူတို့သည် နားထောင်ပါသည်ဟုအချင်းချင်းပြောဆိုကြ၏”ဟု ဖော်ပြသလို ကျွန်ုပ်တို့သည်ကြောက်ရွံ့ခြင်းကိုဖယ်ရှားဖို့ရန် အလို့ငှါ သခင်၏စကားအားနားထောင်လိုက်လျှောက်၍ နှုတ်ကပတ်တော် သမ္မာတရားအားနေ့ညဉ့်မပြတ်ဆင်ခြင်ဖို့ အလွန်လိုအပ်ပါသည်။

“ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေရ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။”
သုတ္တံကျမ်း ၁:၃၃

ထို့နောက်အဆုံးတွင်တော့ “သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့်ထောက်ပင့်မည်”ဟု ကတိတော်ထားသည့်အတိုင်း သခင့်၌ ယုံကြည်ကိုးစား၍ မျှော်လင့်သောသူအပေါင်းတို့သည် ကိုယ်တော်၏ ကွယ်ကာစောင်မခြင်းနှင့်အတူ မိမိရရှိထားသော ကယ်တင်ခြင်းဆုကျေးဇူးကိုလည်း ပိုမိုသိရှိကာ သခင့်ရဲ့ကောင်းမြတ်ခြင်းတို့ကိုအစဉ်ထောမနာပြုနိုင်မည်ပဲဖြစ်ပါသည်။

“ထို့ကြောင့်ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည်ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟု၊ ငါတို့သည်ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့်ရှိကြ၏။”
ဟေဗြဲဩဝါဒစာ ၁၃:၆

ယနေ့မျက်မှောက်ကာလမှာစိုးရိမ်ထိတ်လန့်စရာတွေများပြားသော်လည်း ကျွန်တော်ကျွန်မတို့၌ရှိသော အစဉ်သဖြင့် ကြည့်ရှု ကွယ်ကာစောင်မသည့် အသက်ရှင်သောသခင်ဘုရားအားဖြင့် အမှုအရာတို့၌ စိတ်နှလုံးငြိမ်အေးငြိမ်သက်နိုင်ကြောင်းကို ပြောကြားရင်း “စိုးရိမ်ခြင်းနှင့်ကြောက်ရွံ့ခြင်းတို့အား” သခင့်အားဖြင့်အနိုင်ယူနိုင်ကြောင်း ခွန်အားပေးဝေမျှချင်ပါတယ်။

“သင့်ကိုငါမှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌သင်၏ဘုရားသခင်ထာဝရဘုရားရှိသည်ဟုမိန့်တော်မူ၏”
ယောရှုမှတ်စာ ၁:၉

အားလုံးအပေါ်၌ဘုရားရှင်ကောင်းကြီးပေးပါစေ။