Skip to content

လူတစ်ဦးနှင့်တစ်ဦးဖြစ်စေ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဖြစ်စေ ပဋိပက္ခတစ်ခုဖြစ်တည်လာသည့်နောက်တွင် ထိုပဋိပက္ခအား ပြန်လည်သင့်မြတ်စေခြင်း (Reconciliation) အတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်းအား လုပ်ဆောင်ပေးသည့် တစ်စုံတစ်ဦးဖြစ်စေ တစ်ဦးထက်ပိုသူဖြစ်စေ ထိုသူကို “ကြားဝင်ဖျန်ဖြေသူ” (Mediator) ဟုခေါ်ဆိုနိုင်သည်။

( “Mediator” a person who attempts to make people involved in a conflict come to an agreement; a go-between.) ဟု “Dictionary” တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ (Source; Google)

ဤကမ္ဘာလောက စင်္ကြာဝဠာကြီး တစ်ခုလုံး၏ အကြီးမားဆုံးသော ပဋိပက္ခ “Conflict” တစ်ခုအား ပြန်လည်သင့်မြတ်စေခဲ့သူ “Mediator” တစ်ဦးရှိခဲ့ဖူးသည်။ ထိုသူမှာ သခင်ယေရှုခရစ်တော်ပင်ဖြစ်သည်။ အပြစ်တရားကြောင့် အကြီးမားဆုံးသော “Conflict” တစ်ခုဖြစ်သည့် ဘုရားနှင့်လူ ဝေးကွာရခြင်းသည် “Mediator” ဖြစ်သူ သခင်ယေရှုခရစ်ကြောင့်ပင် ဘုရားသခင်နှင့် လူသားတို့၏ “Reconciliation” ပြန်လည်သင့်မြတ်ခွင့်ရရှိခဲ့ခြင်းပင် …

တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၂:၅
ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတဦးတည်းရှိ၏။

ယနေ့တွင်လည်း ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်တွင်လည်း ပဋိပက္ခ အမျိုးမျိုးတို့အား ကြုံရ၊ ဆုံရ ရင်ဆိုင်ရ၊ မြင်ရတွေ့ရတတ်ပေသည်မှာ မြေကြီးလက်ခပ်မလွဲပေ။ မိသားစုအတွင်းဖြစ်လေ့ရှိသော ပဋိပက္ခ၊ အိမ်ထောင်ရေး ပဋိပက္ခ၊ လူမှုရေး ပဋိပက္ခ၊ လုပ်ငန်းခွင်ဆိုင်ရာ ပဋိပက္ခ၊ အသင်းတော်အတွင်း၌ ဖြစ်တတ်သော ပဋိပက္ခ စသဖြင့် ပဋိပက္ခပေါင်းများစွာတို့သည် ပြင်းထန်စွာ ဖြစ်တည်နေတတ်ကြပေသည်။ ထိုပဋိပက္ခများစွာတို့အတွက် “Reconciliation” ပြန်လည်သင့်မြတ်စေတတ်သော ရန်ငြိမ်းစေတတ်သူ “Mediator” သည် ကျွန်ုပ်တို့ယုံကြည်သူတစ်ဦးတစ်ယောက်လည်း ဖြစ်နိုင်ပေသည်။

ရှင်မဿဲခရစ်ဝင် ၅:၉
 သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။

သို့သော်လည်း တခါတလေတွင် ကျွန်ုပ်တို့သည် အောက်စီဂျင်ဖြစ်နေတတ်ကြသည်။ သဘောမှာ အောက်စီဂျင်သည် ကိုယ်တိုင်မီးမလောင်သော်လည်း မီးလောင်ခြင်းကို အားပေးသကဲ့သို့ ကျွန်ုပ်တို့သည် ကိုယ်တိုင်ကိုယ်ကျ ထိုပဋိပက္ခရပ်ဝန်းထဲတွင် မပါဝင်သော်လည်း ဖြစ်တည်နေသည့် ပဋိပက္ခကို သာ၍ ကြီးထွားလာစေရန် မီးလောင်ရာ လေပင့် “ဒီစကား ဟိုပို့၊ ဟိုစကား ဒီပို့” နှင့် သတိလက်လွတ် ပြောမိ ဆိုမိ လုပ်မိတတ်ကြသည့် အခိုက်အတန့်ပေါင်းများစွာ ရှိနေတတ်ကြပေသည်။ သို့တည်းမဟုတ် မိမိကိုယ်တိုင်လည်း လောင်ကျွမ်းတတ်ကြသကဲ့သို့ သူတပါးအားလည်း လောင်ကျွမ်းစေတတ်သည့် ဟိုက်ဒရိုဂျင်များ ဖြစ်နေပါသလားဟုပင် … ဤသို့ မဖြစ်စေဘဲ ကျွန်ုပ်တို့၏ ပြောစကား၊ ကျွန်ုပ်တို့၏ လုပ်ပုံကိုင်ပုံတို့သည် ထိုပဋိပက္ခအတွက် ပြန်လည်သင့်မြတ်စေရေးကိုသာ ဖြစ်စေရန် သတိပြုကြရပေမည်မဟုတ်ပါလား …

ထို့ကြောင့် ပဋိပက္ခတစ်ခု၌ ပြန်လည်သင့်မြတ်စေရန် ပါဝင်ပေးသည့် ကြားခံဖြစ်သူသည် ဟိုက်ဒရိုဂျင်ကဲ့သို့လည်း မဟုတ်၊ အောက်စီဂျင်ကဲ့သို့လည်းမဟုတ်ပေ။ အထူးသဖြင့် သေချာသည်မှာတော့ ဤသူသည် ရန်ငြိမ်းစေတတ်သောသူပင် … ပြန်လည်သင့်မြတ်ခြင်းအတွက် ထိုကြားခံ “Mediator” သည် မိတ်ဆွေလည်း ဖြစ်နိုင်သကဲ့သို့ ကျွန်ုပ်လည်းဖြစ်နိုင်ပါသည်။ ထိုသို့သော ရန်ငြိမ်းစေတတ်သူသည် ဘုရားသခင်၏သားတော်ဟုပင် ခေါ်ဝေါ်ခြင်းကို ခံကြရလတံ့ဟုပင် ကျမ်းစာလာသည်ကို ဆင်ခြင်ရင်း “ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ်အသရေရှိ၏” ဟု သုတ္တံဆရာ၏ သတိပေးခြင်းကို မမေ့မလျော့ နှလုံးသွင်းကာ ပဋိပက္ခများကို ဖြေရှင်းကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။