Skip to content

ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ” ဟူသည့် ရှင်ပေါလု၏ စကားသည် ထိုတရားတော်အတွက် သူ၏ စိတ်အားထက်သက်ခြင်းလည်း ဖြစ်သကဲ့သို့ အပြောသက်သက်သာ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခြင်းများလည်း ပါဝင်ပေသည်။

ရှင်ပေါလုသည် လူတိုင်းအား ကယ်တင်ခြင်း ဧဝံဂေလိသတင်းစကား ကြားပြောရန်အတွက်သည် သူ၏ ဝန်တာတစ်ခုဟုပင် ခံယူထားသူဖြစ်သည့်အလျောက် ယုဒလူဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ လူမျိုးမရွေး၊ အသားအရောင်လည်း မခွဲခြားသကဲ့သို့ အဆင့်အတန်းလည်း မရွေးခဲ့ချေ။ လူအမျိုးမျိုးတို့အား သူဟောပြောရမည့်အကြွေးပင် ရှိသည်ဟု ခံယူကာ ထိုအကြွေးသည် “ငါ၌ တင်လျှက်ရှိ၏” ဟူ၍လည်း ဆိုတတ်သူတစ်ဦးဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုရသော် လူတိုင်းဧဝံဂေလိသတင်းစကားကြားကာ ကယ်တင်ခြင်းရရှိရန်အတွက် အမြဲတံခါးဖွင့်ထားသော သူတစ်ဦးပင် …

ရောမဩဝါဒစာ ၁:၁၄
ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။

ထို့ကြောင့်လည်း မည်သို့သော လူမျိုးပင်ဖြစ်စေကာမူ ကယ်တင်ခြင်း သတင်းစကားကြားနိုင်ရန်အတွက် မိမိကိုယ်တိုင် ပါဝင်ကာ ကြိုးစားအားထုတ်ခြင်းများစွာကိုလည်း ရှင်ပေါလု၏ အသက်တာတလျှောက်လုံးတွင် တွေ့ရပေလိမ့်မည်။ အခက်အခဲပေါင်းများစွာကို ကြုံတွေ့ရသော်လည်း နောက်မဆုတ်သူ၊ ဒုက္ခဆင်းရဲများစွာကို ရင်ဆိုင်ရသော်လည်း မတွန့်ဆုတ်သူ၊ ဖိနှိပ်ချုပ်ခြယ်ခြင်းများစွာတို့ကို ခံစားခဲ့ရသော်လည်း ရှေ့ဆက်တိုးသူ၊ ဆူးနှောက်ယှက်ခြင်းကြောင့် မကျန်းမာသော်လည်း မလဲကျသူဖြစ်သည့်အပြင် မိမိကိုယ်တိုင် တဲရှင်ချုပ်၍ပင် ဧဝံဂေလိတရားအတွက် လက်မလျှော့ဘဲ သာသနာအတွက် ဆက်လက်ပါဝင် လုပ်ဆောင်ခဲ့သူလည်းဖြစ်သည် မဟုတ်ပါလား။

ထိုသို့လုပ်ဆောင်သော်လည်း ယုဒလူဘယ်နှစ်ယောက်၊ ဟေလသလူ ဘယ်နှစ်ဦး၊ အခြားသောတပါးအမျိုးသားဘယ်နှစ်မျိုး၊ လူဖြူ လူမဲ ဘယ်လောက်တို့သည် သူ၏ လုပ်ဆောင်ချက်ကြောင့် ပြောင်းလဲခဲ့သည်ဟု မသတ်မှတ်ခဲ့၊ မမှတ်ယူခဲ့ … အခြားသောလူများကပင်လျှင် ထိုသို့ မှတ်ယူကြမည်ကို စိုးရိမ်မိသောကြောင့် “အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏” ဟုပင် ဆိုခဲ့သည်လော …

ရှင်ပေါလုသည် လူအမျိုးမျိုးတို့၏ အကြွေးသည် သူ့အပေါ်၌ တင်နေသည်ဟု မှတ်ယူသကဲ့သို့ ထိုအရာအတွက်လည်း ပေးဆပ်ခဲ့သည်မှာ ငြင်းဆိုဖွယ်ရာ မရှိပါ။ ထိုအကြွေးအတွက်ပင်လျှင် ဆင်းရဲဒုက္ခခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ ဘေးအမျိုးမျိုးကြုံရခြင်း၊ အချမ်းအအေး ခံစားရခြင်း၊ ဓါးပြဘေး၊ အငတ်ဘေး စသဖြင့်တို့သည် သူကိုယ်တိုင် ပေးဆပ်အစေခံကာ စုထားသည့် စုဘူးအလားပင် … ဤစုဘူးသည် ကယ်တင်ခြင်းအတွက်၊ ဤစုဘူးသည် ဧဝံဂေလိတရားအတွက်၊ ဤစုဘူးသည် လူအမျိုးမျိုးတို့အား ကယ်တင်ခြင်းသတင်းကောင်းကို ကြားနိုင်ရန်အတွက်၊ ဤစုဘူးသည် လူအများ ကယ်တင်ခြင်းသို့ရောက်ရန်အတွက်ပင် …

ထိုသို့သော ရှင်ပေါလု၏ ဝန်တာ၊ ရှင်ပေါလုကဲ့သို့သော အကြွေးသည် ကျွန်ုပ်တို့ယုံကြည်သူတိုင်း၌လည်း ရှိသည်ကို ကျွန်ုပ်တို့ပြန်လည်ကာ သတိရရန်အတွက်လည်း လိုအပ်ပေသည်မဟုတ်ပါလား … ထို့ကြောင့် လူအမျိုးမျိုးတို့အား ကယ်တင်ခြင်းသတင်းစကားကြားနိုင်ရန် ကြားပြောရန် အကြွေးသည် ကျွန်ုပ်တို့အပေါ်၌လည်း တင်လျှက်ရှိနေသည်ကို သတိရကာ ဧဝံဂေလိတရားအတွက် စုဘူးများကို ယနေ့မှစ၍ ပြင်ဆင်ကြပါစို့ … ထိုစုဘူးသည် ငွေအား၊ လူအား၊ ဆုတောင်းအား၊ ပေးဆပ်ခြင်းအား၊ အစေခံခြင်းအား စသဖြင့် အားအသီးသီးလည်း ဖြစ်ကြောင်းကို ဝေမျှရင်း …

“ကျွန်တော်ကတော့ ၁ပတ် ၅ ဒေါ်လာ စုကာ ဧဝံဂေလိတရားအတွက် စုဘူးကို ပြင်ဆင်ထားဖြစ်ကြောင်းလည်း သက်သေခံ၍ ချစ်သော ယုံကြည်သူ ဓမ္မမိတ်ဆွေ ညီကိုမောင်နှမများသည်လည်း လုပ်ဆောင်ကြရန် အားပေးကာ တိုက်တွန်းနှိုးဆော်ချင်ပါသည်။” ယနေ့ ကျွန်ုပ်တို့၏ စုဘူးများသည် မည်သို့သော အရာများအတွက်သာ ဖြစ်နေပါသနည်း။ 

ဘုရားရှင်ဆက်လက်စကားပြောပါစေ။