Skip to content

စကားပြောရာတွင် စကားပြောနှေးသောသူ၊ မြန်သောသူ၊ ကြမ်းစွာ ပြောတတ်သောသူ၊ သူတပါး နားဝင်အောင် ပြောတတ်သောသူ စသဖြင့် အမျိုးမျိုးရှိတတ်ကြသည်။ ဤနည်းတူ ကျွန်ုပ်တို့သည်လည်း စကားပြောဆိုရာ၌ ပုံစံအမျိုးမျိုး ရှိတတ်ကြပေသည်။ မိမိတို့၏ မိသားစု၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်နှင့် အသင်းတော်တွင်လည်း ထိုသို့သောသူ အမြောက်အများ ရှိတတ်ကြပေလိမ့်မည်။

အချို့သော အခြေအတင် ကိစ္စရပ်များသည် စကားပြောခြင်းမှတဆင့် ဖြစ်ပေါ်လာတတ်သော ကိစ္စရပ်များဖြစ်ကြသဖြင့် စကားပြောခြင်းဆိုင်ရာ ပဋိပက္ခဟုပင် ဆို၍ရပေသည်။ မိသားစုတွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ အသင်းတော်တွင်ပင်ဖြစ်စေ အကြောင်းအရာတစ်ခုကို အခြေပြုကာ စကားပြောဆိုရာမှတဆင့် ပဋိပက္ခကဲ့သို့သော ဂယက်တစ်ခု ဖြစ်တည်ခြင်းကို သတိပြုမိတတ်ကြပေလိမ့်မည်။
စကားပြောဆိုခြင်း၊ အမြင်ဖလှယ်ခြင်း၊ စည်းဝေးခြင်းများမှာပင်လျှင် အထူးသဖြင့် ကြမ်းတမ်းသော စကား၊ အနိုင်ယူလိုသော စကား၊ အထက်စီးမှပြောတတ်သော စကား၊ နားဝင်မချိုသော စကား၊ ကပ်သီးကပ်ဖဲ့ စကား၊ “destructive way” အဖျက်သဘောဆိုင်ရာ စကား၊ နာကျင်စေတတ်သော စကား စသဖြင့်သော စကားတို့အားဖြင့် ပဋိပက္ခတစ်ခုကို စတင်ဖြစ်တည်လာရန် စက်နှိုးလိုက်သည့် အင်ဂျင်အလားပင် …

ထို့ကြောင့် ကျွန်ုပ်တို့၏ စကားပြောဆိုရာတွင် ဘာရယ်မဟုတ်သည့် စကားတစ်ခွန်းမှလည်း စတင်၍ တစ်ဦးနှင့်တစ်ဦး၊ မိသားစုချင်း၊ ယုံကြည်သူချင်း၊ အသင်းသားချင်းတို့ကိုပင်လျှင် နာကျင်စေတတ်၍ စိတ်ဝမ်းကွဲစေကာ ပဋိပက္ခကြီးတစ်ခုကို ဖြစ်တည်လာတတ်သည်မှာ အမှန်တကယ်ပင် …

မည်သို့ပင်ဖြစ်စေကာမူ စကားပြောဆိုရာတွင် မိမိတို့၏ စကားများသည် ကြည်နူးဖွယ်သော စကား၊ သာယာသောစကား၊ သင့်လျော်သော စကား၊ မေတ္တာအခြေခံသည့် “pleasant words” ဖြစ်စေရန် အင်မတန်မှပင် အရေးကြီးပေသည်။ ဤသို့သော စကားသည်သာလျှင် ကြားရသူများ၏ စိတ်နှလုံးတွင် သက်သာခြင်းကိုဖြစ်စေပေလိမ့်မည်။ အချို့သော ပဋိပက္ခများသည် စကားပြောဆိုရာ၌ ပုံစံမကျသဖြင့် တနည်းအားဖြင့်ဆိုရသော် “pleasant words” မဖြစ်သောကြောင့်သာလျှင် ဖြစ်ပေါ်လာတတ်သော ပဋိပက္ခများလည်းဖြစ်ကြသဖြင့် ကျွန်ုပ်တို့သည် မည်သည့်စကားကို ပြောဆိုရမည်ကို မသိလျှင် မပြောဘဲ နေခြင်းသည်သာလျှင် အကောင်းဆုံးဟုပင် ဆိုရပေဦးလိမ့်မည်။

သုတ္တံကျမ်း ၁၆:၂၄
 သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။

ထို့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူများသည် “ကြမ်းတမ်းသော စကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏” ဟူသည်ကို သတိရကာ “သာယာသော စကား၊ ဖြေးညှင်းသော စကား၊ မေတ္တာစကား၊ ကြည်နူးဖွယ်သော စကား၊ သူတပါးအတွက် တည်ဆောက်စရာဖြစ်စေတတ်သော စကား” တို့ကိုသာ အသုံးပြုတတ်ဖို့ရာ ဆင်ခြင်နှလုံးသွင်းကြရင်း … ကျွန်ုပ်တို့ယုံကြည်သူများ၏ မေတ္တာအခြေခံသော စကားပြောခြင်းသည်ပင်လျှင် အနုပညာတစ်ခုဟုပင် တင်စားကာ စကားပြောခြင်းမှတဆင့် ဖြစ်ပေါ်လာတတ်သော ပဋိပက္ခများကို “pleasant words” များဖြင့် ရှောင်ရှားကာ ထိန်းကျောင်းဖြေရှင်း၍ ထိုပဋိပက္ခများအား ကုသကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။