Skip to content

နောင်ကာလသည် ခဲယဥ်းသောကာလဖြစ်မည် “in the last days perilous times shall come.” ဟု ရှင်ပေါလု၏ စာစောင်ထဲတွင် တိမောသေအား သတိပေးထားသည်ကို တွေ့ရပေသည်။

လူတို့သည် ဘုရားသခင်အား ချစ်ရမည့်အစား မိမိကိုယ်ကိုသာ ချစ်သောသူ၊ ကိုယ်နှင့် စပ်ဆိုင်သောသူဆိုလျှင် ဝေလာဝေး … ငွေကိုသာ တပ်မက်တတ်သောလူများ … ဝါကြွားခြင်း၊ ထောင်လွှားစော်ကားခြင်းတို့၌သာ ကျင်လည်သောသူများ … မာန်မာန၌ ယစ်မူးလေ့ရှိသောသူများ … ဘုရားသခင်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ နှစ်သက်သောသူများ၊ ဘုရားဝတ်၌ ဟန်ဆောင်ကာ မွေ့လျော်တတ်သောသူများ စသဖြင့် ပြည့်နှက်နေမည်ဟု တွေ့ရသည်။

တနည်းအားဖြင့်ဆိုရလျှင် ဟန်ဆောင် ချစ်ခြင်း၊ ဟန်ဆောင် အပြုံး၊ ဟန်ဆောင် မေတ္တာ တို့နှင့် ချစ်ခြင်းကင်းမဲ့၊ မေတ္တာကင်းမဲ့ကာ အရေခြုံ ဘာသာရေးသမားများနှင့် ဘာသာရေးဆရာများလည်း (အမည်ခံ ခရစ်ယာန်၊ အမည်ခံ ဓမ္မဆရာ) ဖြစ်ကြပေဦးလိမ့်မည်။ ဤသူတို့သည် သမ္မာတရား၌ အချော့ကြိုက် အပျော့ကြိုက်သူများဖြစ်ကြသကဲ့သို့ လောကအရာများကိုသာ မြင်တတ်၊ တပ်မက်လေ့ရှိကြသည်ဟု နားလည်ရပေသည်။ ရှင်ပေါလုသည် ထိုသို့သောသူများအား သတိနှင့် ရှောင်ပါဟု တိမောသေအား သေသေခြာခြာ သတိပေးခဲ့လေသည်။

သို့သော်လည်း ကျွန်ုပ်တို့ကြားကြားနေရသော ယုံကြည်သူဖြစ်လျှင် ကျန်းမာရမည်၊ ချမ်းသာရမည်ဆိုသည့် တိုက်ဆောက်၊ ကားစီး ဟူသော “ကျန်းမာ၊ ချမ်းသာတရားတု” (Prosperity Gospel) များကိုသာ ဆိုတတ်ကြသူများရှိကြသကဲ့သို့ ထိုဒေသနာကိုသာ ကြိုက်နှစ်သက်သူများလည်းရှိကြသည်မှာ အမှန်ပင် … ထိုအရာများကို နှိုင်းယှဥ်ကြည့်ရမည်ဆိုလျှင် ရှင်ပေါလုမှာကြားခဲ့သည်နှင့် ဆန့်ကျင်ဘက်ဖြစ်သကဲ့သို့ သခင်ယေရှုစကားနှင့်လည်း မညီပေ …

“Prosperity Gospel” ကျန်းမာချမ်းသာ တရားတုများနှင့် ထိုတရားတုကို ဟောပြောသွန်သင်သောသူတို့အား ဤစာစောင်နှင့် ချိန်ထိုးရမည်ဆိုလျှင် သူတို့ကိုယ်တိုင် ငွေကိုတပ်မက်ခြင်းနှင့် ငွေကိုသာ မြင်ခြင်းအပြင် သူတပါးအားလည်း ငွေကိုသာ မြင်စေခြင်း တပ်မက်စေခြင်း (Lovers of money) … တနည်းဆိုရလျှင် ဤအရာသည် “Idolatry” ရုပ်တုကိုးကွယ်ခြင်းတစ်ခုပင် … ဘုရားသခင်ကို နှစ်သက်ခြင်းထက် ကာမဂုဏ်ခံစားရခြင်းကို သာ၍ နှစ်သက်သူ (Lovers of pleasure) … စသည်တို့သည် သတိနှင့်ရှောင်ပါဟုဆိုသည်အတိုင်း ရှောင်ကြရပေမည် မဟုတ်ပါလား …

တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁၀

 “ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို၎င်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို၎င်း၊ သင်သည် ရှာဖွေနားလည်ရပြီ။”

ဤစာစောင်သည် ရှင်ပေါလု ခေါ်တော်မူခြင်း မခံရမီအချိန်တွင် သူ၏ သားတပည့်ဖြစ်သူအား မိမိ၏ အတွေ့အကြုံများကို သက်သေခံရင်း သတိပေးစကားများကိုလည်း ကရုတစိုက် မှာကြားထားခဲ့ခြင်းပင် … အဘယ့်ကြောင့်ဆိုသော် ခရစ်ယာန်တစ်ဦး၏ ဘဝ၊ ဓမ္မဆရာတစ်ဦး၏ ဘဝသည် လွယ်ကူ ချောမွေ့ မနေခြင်း၊ ခက်ခဲမှုများလည်း ရှိကာ နာကျင်ရခြင်း၊ ပင်ပန်းဆင်းရဲခြင်း စသဖြင့် အတိုက်အခိုက်များနှင့် အသက်ဘေး အန္တရာယ်များကိုလည်း ကြုံတွေ့ခံစားရတတ်သည်ကို ရှင်ပေါလုသိထားပေသည် မဟုတ်ပါလား …

ရှင်ပေါလု၏ ခံစားကြုံတွေ့ခဲ့ရသော အတွေ့အကြုံတို့သည် မလွယ်ကူခဲ့ပါ … တနည်းဆိုရလျှင် သူ၏ ဘဝသည် လှပကျော့ရှင်း မနေခဲ့သည့်အပြင် ပိုင်ဆိုင်မှု ကြွယ်ဝချမ်းသာမှုများလည်း မရှိခဲ့ချေ။ (၂တိ ၃:၁၀) တွင် တွေ့ရသော သူ၏ သက်သေခံခြင်းမှာ ဓမ္မဆရာတစ်ဦး သို့တည်းမဟုတ် ခရစ်တော်၏ တရားတော်နှင့်အညီ ဘုရားဝတ်၌ မွေ့လျော်သူတစ်ဦး၏ ညှဥ်းဆဲခံရခြင်း၊ အခက်အခဲဒုက္ခများနှင့် ပင်ပန်းဆင်းရဲများဟုပင် ဆိုပေအံ့ …

“အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို၎င်း” ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့ ပြန်ကြည့်မည်ဆိုလျှင် ခရစ်ယာန် ဖြစ်ကာမှ … ယေရှုနောက် လိုက်ကာမှ … ကိုယ့်လက်ဝါးကားတိုင် ကိုယ်ထမ်းကာမှ … မိမိကိုယ်ကိုယ် ငြင်းပယ်ကာမှ … ကြုံတွေ့ရသော ဘေးဒုက္ခများဖြစ်သော “ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အချမ်းအအေး ခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ မြစ်ကူးသော ဘေး၊ ဓါးပြ ဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တပါးအမျိုးသား ပြုသောဘေး” ဤအရာများသည် သက်သေများပင် …

ဘုရားဝတ်၌ မွေ့လျော်သူများ၊ ယေရှုနောက်လိုက်သူ ခရစ်ယာန်များသည် အောင်မြင်ကြီးပွား အဆင်ပြေမည်ဟု ရှင်ပေါလု မဆိုခဲ့ပါ။ ထိုသူသည် ဆင်းရဲဒုက္ခ၊ ညှဥ်းဆဲခြင်းကို ခံရမည်ဟုသာဆိုခဲ့သည်။ ထိုအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အထက်၌ ဖော်ပြပြီးခဲ့သော သူများကိုလည်း ရှောင်ပါဟုသာ သတိပေးခဲ့သည် မဟုတ်ပါလား … ထို့အတူ “သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏” ဟုသာ သခင်ယေရှုဆိုခဲ့သည်။

ထို့ကြောင့် ခရစ်ယာန်လောက၌ ကြားကြားနေရသော ခရစ်ယာန်ဖြစ်လျှင်၊ ဘုရားသားဖြစ်လျှင်၊ ယေရှုနောက်လိုက်လျှင် အောင်မြင်ရမည်၊ ကျန်းမာရမည်၊ ချမ်းသာရမည်၊ အဆင်ပြေရမည်၊ တိုက်ဆောက်ကားစီးရမည်ဟုသာ ဆိုတတ်ကြသော ကျန်းမာချမ်းသာ တရားတုများဟုခေါ်သည့် “Prosperity Gospel” နှင့် ထိုဒေသနာပိုင်ရှင်များသည် ရှင်ပေါလု ရှောင်ရှားခိုင်းသည့် အဖွဲ့များပင် ဖြစ်ပေလိမ့်မည်။ ယေရှုကတော့ “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်” ဟုသာ ဆိုသကဲ့သို့ … ရှင်ပေါလုကလည်း “ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှါအလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်” ဟုသာ ဆိုခဲ့ကာ တိမောသေအား သေသေခြာခြာပင် သတိပေးခဲ့ပေသည် မဟုတ်ပါလား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။