Skip to content

ချစ်လှစွာသောစာဖတ်သူ .. ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရများဖြစ်သည့် Gap Creationism ဟုခေါ်သည့် “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ”၊  “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ”၊ “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”၊ “Theistic Evolutionism” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ”၊ “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ”၊ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း” များထဲမှ Gap Creationism ဟူသော “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” ၏ သမိုင်း၊ “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ” နှင့် “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”များ၏ သမိုင်း စသည့်အကြောင်းများကို ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၁)  (၂)(၃)(၄) နှင့် (၅) တို့တွင် ပြည့်စုံစွာဖော်ပြခဲ့ပြီးဖြစ်ပါသည်။ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း” အနက် နောက်ဆုံးကျန်ရှိနေသေးသော သမိုင်းများကို ဆက်လက်လေ့လာကြရအောင်။

Theistic Evolutionism” ဟူသည့် ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ” နှင့် 
Evolutionary Creationism” ဟူသည့် ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ” များ၏ သမိုင်း


ဇီဝဗေဒ ဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်းသိပ္ပံသီအိုရီနှင့် လူသိများထင်ရှားသူမှာ ဆရာကြီး ချားလ်စ်ဒါဝင် (Charles Robert Darwin) ဖြစ်ပါသည်။​ သို့သော် သိပ္ပံသမိုင်းကို လေ့လာသော သမိုင်းပညာရှင်များကမူ ချားလ်စ်ဒါဝင် ခေတ်မတိုင်ခင်ကပင် သက်ရှိတို့၏ ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာအယူအဆကို စူးစမ်းဆင်ခြင်လေ့လာနေခဲ့ကြသော သိပ္ပံပညာရှင်အများရှိနှင့်ပြီးဖြစ်သည်ဟု ထောက်ပြကြပါသည်။ ၎င်းတို့အနက် ၁၇ ရာစုက အင်္ဂလီကန်အသင်းတော် ဘုန်းတော်ကြီးလည်းဖြစ်၊ ရုက္ခဗေဒပညာရှင်(Botanist)တဦးလည်းဖြစ်သည့် ဂျွန်ရေး​ (John Ray) သည်လည်း တဦးအပါအဝင်ဖြစ်သည်။ ၁၈ ရာစုက သိပ္ပံပညာရှင်တဦးဖြစ်သည့် Carl Linnaeus (1707-1778) ကလည်း ၎င်း၏စာအုပ် “Systema Naturae (1735)” ထဲတွင် “အပင်မျိုးစိတ်အမျိုးမျိုးသည်လည်း မျိုးစပ်ခြင်းနည်းလမ်း(Hybridization) ဖြင့် နောက်ထပ်အပင်မျိုးစိတ်အသစ်(new species)များ ပေါ်ထွက်စေနိုင်သည်၊ သို့သော် ဘုရားသခင်ခွင့်ပြုထားသည့် အတိုင်းအတာတခုအောက်မှာပဲဖြစ်နိုင်သည်” ဟု ရေးသားခဲ့ဖူးသည်။ Linnaeus သည် ယခင်က အရစ္စတိုတယ်၏ “မျိုးစိတ်တို့၏ မပြောင်းလဲခြင်း” အယူအဆ The Immutability of Species idea ကို ဖက်တွယ်ခဲ့သူဖြစ်ဖူးသော်လည်း သူ၏နောက်ပိုင်းအသက်တာတွင် ၎င်းအယူအဆကို စိန်ခေါ်ဖို့ရန် စတင်ကြိုးပမ်းလာခဲ့လေသည်။ ဒိန်းမတ်-အမေရိကန် ကပြား ရုက္ခဗေဒပညာရှင် Jens Christian Clausen (1967) က သိပ္ပံပညာရှင် Carl Linnaeus ၏ သီအိုရီကို “ချားလ်စ်ဒါဝင်ထက် နှစ် ၁၀၀ နီးပါးရှေးကျသော အမေ့လျော့ခံ ဆင့်ကဲပြောင်းလဲခြင်းသီအိုရီ” ဟုဆိုခဲ့လေသည်။ ထို့အပြင် Linnaeus ကို မျိုးစပ်ခြင်းနည်းလမ်း (Hybridization) အား လက်တွေ့စမ်းသပ်ခဲ့သော ရှေ့ဆောင်လမ်းပြသိပ္ပံပညာရှင်တဦးအဖြစ် သူက တင်စားခဲ့သည်။ ယခုဖော်ပြခဲ့သော သိပ္ပံပညာရှင်များသည် ခရစ်ယာန်များဖြစ်ကြပါသည်။ 

နောက်ပိုင်းခေတ်တွင်မူ လက်တွေ့စမ်းသပ်ထားသည့် လေ့လာချက်များအပေါ်မူတည်၍ ရုက္ခဗေဒပညာရှင်နှစ်ဦးဖြစ်သည့် Carl Friedrich von Gartner (1772-1850) နှင့် Joseph Gottlieb Kolreuter (1733-1806) တို့က အရစ္စတိုတယ်၏ “မျိုးစိတ်တို့၏ မပြောင်းလဲခြင်း” အယူအဆ The Immutability of Species idea ကို ငြင်းပယ်ခဲ့ပြီး ထိုကဲ့သို့သော အယူအဆမျိုးကို သမ္မာကျမ်းစာက မည်သည့်အချိန်တုန်းကမျှ မသွန်သင်ခဲ့ပါဟု ဆိုခဲ့ကြသည်။​ ၎င်းသိပ္ပံပညာရှင်များသည်လည်း ပရိုတက်စတင့်ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါသည်။ မျိုးစပ်/သားစပ်သောနည်းလမ်းဖြင့် ဇီဝဗေဒဆိုင်ရာအပြောင်းအလဲများဖြစ်ပေါ်စေခြင်းကို Kolreuter က မျိုးစိတ်တို့၏ သန္ဓေပြောင်းလဲခြင်း (Transmutation of species) ဟူ၍ ခေါ်ဝေါ်သုံးနှုန်းခဲ့လေသည်။ ၁၈၅၉ ခုနှစ်၌ ဆရာကြီး ချားလ်စ်ဒါဝင်၏ “သဘာဝ၏ ရွေးချယ်မှုအရ မျိုးစိတ်တို့၏ မူလအစ” (On the Origin of Species by means of Natural Selection) ဟူသည့် စာအုပ်ထွက်ရှိလာပြီးသည့်နောက် အင်္ဂလီကန်အသင်းတော်မှ ရှေးရိုးစွဲခရစ်ယာန်ဘုန်းတော်ကြီးများ (Conservative Christians) ဖြစ်ကြသည့် Charles Kingsley (1819-1875) နှင့် Frederick Temple (1821-1902) တို့က ဖန်ဆင်းခြင်းဆိုင်ရာ ဓမ္မဗေဒကို ဘုရားသခင်ထိန်းချုပ်ထားသော သဘာဝနိယာမများအားဖြင့် တိုက်ရိုက်မဟုတ်သော ဖန်ဆင်းခြင်း အချင်းအရာများအဖြစ် သွန်သင်ခဲ့ကြသည်။ ဆရာကြီး Charles Dawrin ၏ သူငယ်ချင်းဖြစ်သူ Asa Gray (1810-1888) ကလည်း ဆင့်ကဲပြောင်းလဲခြင်းသီအိုရီ၏ နှင်တံဖြစ်သော “သဘာဝ၏ ရွေးချယ်မှု” အယူအဆကို သမ္မာကျမ်းစာနှင့် ကိုက်ညီကြောင်းခုခံချေပခဲ့သည်။ Darwiniana သည် သိပ္ပံပညာရှင် Asa Gray ၏ စာစီစာကုံးပေါင်းချုပ်ဖြစ်သည်။ Darwiniana ထဲတွင် Gray က ရုက္ခဗေဒရှုထောင့်မှနေ၍ ဆင့်ကဲပြောင်းလဲခြင်းသီအိုရီဘက်မှ ခုခံချေပရုံသာမက “သဘာဝ၏ ရွေးချယ်မှု” အယူအဆနှင့် ခရစ်ယာန်ဓမ္မဗေဒကို ပြန်လည်ပေါင်းစည်းသင့်မြတ်ပေးသည့် ရှင်းပြချက်များစွာကို ရေးသားခဲ့လေသည်။  အမေရိကန် သိပ္ပံပညာရှင် Asa Gray သည် ၂၀ ရာစု၏ အရေးပါဆုံးသော ရုက္ခဗေဒပညာရှင်တဦးဖြစ်ပြီး ၎င်းသည် ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒီတဦး (Thesitic Evolutionist)လည်း ဖြစ်လေသည်။ မျက်မှောက်ခေတ်တွင် ထင်ရှားသော ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒီ (Evolutionary Creationist) တဦးမှာမူ Francis Sellers Collins (1950) ဖြစ်သည်။ ဆရာကြီး Francis Collins သည် အမေရိကန်လူမျိုး ဆရာဝန်တဦးဖြစ်ရုံသာမက Human Genome Project ကို ဦးဆောင်ခဲ့သော မျိုးရိုးဗီဇနှင့်ဆက်စပ်သည့် အချို့သောရောဂါများအသစ်အဆန်းများကို ရှာဖွေတွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပညာရှင်တဦးလည်းဖြစ်သည်။ Francis Collins သည် ယနေ့ထိတိုင် သက်ရှိထင်ရှားရှိနေသေးပြီး သူ၏ ထူးခြားသည့်အချက်မှာ အခြားသော မျက်မှောက်ခေတ်သိပ္ပံပညာရှင်များနှင့် မတူဘဲ ခရစ်ယာန်ဘာသာတရားကို နက်နက်ရှိုင်းရှိုင်းယုံကြည်သက်ဝင်သူတဦးလည်း ဖြစ်ပေသည်။ စာရေးသူ ဤစာကိုရေးနေသည့်အချိန်တွင် ၎င်းသည် အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးတက္ကသိုလ်၏ ဒါရိုက်တာ တဦးအဖြစ် နိုင်ငံ့ဝန်ထမ်းကိုထမ်းဆောင်းနေသည်။  ဤသည်မှာ Theistic Evolutionism နှင့် Evolutionary Creationism ဖြစ်ပေါ်လာပုံ သမိုင်းဖြစ်လေသည်။

နိဂုံး

ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၇) တွင်မူ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ” အကြောင်းကို ဖော်ပြပေးမည်ဖြစ်သောကြောင့် ဆက်လက်၍ ဖတ်ရှုလေ့လာကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်


– Old Earth Creationism (National Center for Science Education) — https://ncse.ngo/old-earth-creationism

– Old Earth Creationism (Wikipedia) — https://en.wikipedia.org/wiki/Old_Earth_creationism

– The Creation/Evolution Continuum (National Center for Science Education) — https://ncse.ngo/creationevolution-continuum

– Gap Creationism (Wikipedia) — https://en.wikipedia.org/wiki/Gap_creationism

– Day-age Creationism (Wikipedia) — https://en.wikipedia.org/wiki/Day-age_creationism

– Theistic Evolution (Wikipedia) — https://en.wikipedia.org/wiki/Theistic_evolution

– Old Earth (Progressive) Creationism: History and Beliefs (BioLogos) — https://biologos.org/series/science-and-the-bible/articles/old-earth-progressive-creationism-history-and-beliefs

– What is Evolutionary Creation? (BioLogos) — https://biologos.org/common-questions/what-is-evolutionary-creation

– How is Evolutionary Creation different from Evolutionism, Intelligent Design and Creationism? (BioLogos) — https://biologos.org/common-questions/how-is-biologos-different-from-evolutionism-intelligent-design-and-creationism/

– အလင်းမှီ အစာစုဖွဲ့ခြင်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/biology101/bio101_tp9_photosynthesis/

– ချားစ်ဒါဝင် မည်သူနည်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2015/06/13/charles_darwin/

– Why Geology Matters စာအုပ် အနှစ်ချုပ် ( Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2021/01/29/why-geology-matters-summary/

– သိပ္ပံနဲ့ ဘာသာတရားရဲ့ ဆက်ဆံရေး (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2016/07/28/relations-betw-science-and-religion/

– Yom (Hebrew: יום) — Wikipedia — https://en.wikipedia.org/wiki/Yom