Skip to content

အိပ်ပျော်ရခြင်းနှင့် နိုးထရခြင်း

ကျွန်တော်တို့၏ နေ့ရက်များသည် တစ်ရက် တစ်ပတ် တစ်လနှင့် လများ ရက်များ နှစ်များသာ ကူးပြောင်းရင်း ဤလောကကြီးထဲတွင် လှုပ်ရှားရုန်းကန်နေကြသည်။ အိပ်ပျော်ရာမှ နိုးထခြင်းသာမက နိုးထရာမှ အိပ်ပျော်ခြင်းသည်လည်း နိစ္စဓူဝပင် …

တခါတရံတွင် အိပ်ပျော်ခြင်းနှင့် နိုးထခြင်းသည်ပင်လျှင် ကျေးဇူးတော်ဆိုသည်ကို ကျွန်ုပ်တို့မေ့လျော့တတ်ကြသည်မဟုတ်ပါလား …

ဒါဝိဒ်ကတော့ ရန်သူများ၏ ဝန်းရံခြင်း၊ လိုက်လံသတ်ဖြတ်ခြင်းများကြောင့် ရှောင်တိမ်းကာ ထွက်ပြေးပုန်းရှောင်နေရသော်လည်း “သူ၏ အိပ်ပျော်ခြင်းနှင့် နိုးထရခြင်း” သည် ဘုရားသခင်၏ မစခြင်းကျေးဇူးတော်ကြောင့်ဟူ၍ ကြွေးကြော်ထားသည်ကို ၃ ခုမြောက်သော ဆာလံတွင် ထင်ရှားစွာတွေ့ရပေသည်။

ဆာလံကျမ်း ၃:၅
“ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့်ရှိ၏။”

သားဖြစ်သူ၏ ပုန်ကန်ခြင်းကြောင့် စိတ်နှလုံးနာကျင်နေရသော်လည်း၊ အသက်အန္တရာယ်ကြောင့် ရန်သူများ၏ ဝန်းရံခြင်းကြောင့် လိုက်လံသတ်ဖြတ်ခြင်းကြောင့် ရှောင်ပုန်းနေရသော်လည်း၊ လမ်းခရီးကြမ်းတမ်းခြင်းကြောင့် ပင်ပန်းနွမ်းလျနေပါသော်လည်း ထိုအိပ်ပျော်ရခြင်းနှင့် နိုးထရခြင်းအခွင့်သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဟု သူသိမှတ်ထားသည်မဟုတ်ပါလား …

ယနေ့ ကျွန်ုပ်တို့၏ အိပ်ပျော်ရခြင်းနှင့် နိုးထရခြင်းသည် ကျေးဇူးတော်ပင် … ထို့အတူ ကျွန်ုပ်တို့သည်လည်း ဒါဝိဒ်ကဲ့သို့ အမျိုးမျိုးသော ဝန်းရံခြင်း၊ ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဥ်ရေးရာဆိုင်ရာ ဖိစီးမှု နှောက်ယှက်မှုများကြောင့် နာကျင်ရသည့်အချိန်လည်း ဖြစ်နေနိုင်ပါသည်။ သို့သော်လည်း ဒါဝိဒ်ကြီးကဲ့သို့ ထိုအရာများ၏ ကြားထဲ၌ပင်လျှင် အိပ်ပျော်ရခြင်းနှင့် နိုးထရခြင်းသည် ကျေးဇူးတော်ဟု ဝန်ခံတတ်သောသူများအထဲတွင် သင်နှင့်ကျွန်ုပ်လည်း အပါအဝင်ဖြစ်ပါစေ။

ဆုတောင်းချက်။ အဖဘုရားသခင် … အမျိုးမျိုးသော အခြေအနေများ၏ ကြားထဲ၌ပင်လျှင် အိပ်ပျော်ရခြင်း၊ နိုးထရခြင်းများစွာတို့အတွက် ကျေးဇူးတင်သလို လာမည့်နေရက်များစွာ၌လည်း ထိုအိပ်ပျော်ခြင်းနှင့် နိုးထရခြင်းသည် အချည်းနှီးမဖြစ်ပါစေနှင့်။ အလိုတော်နှင့်ညီသော နိုးထရခြင်းများသာ ဖြစ်စေပါ။ အာမင် …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။