အမေရိကန် စာရေးဆရာတစ်ဦးဖြစ်သည့် “William Faulkner” က “ဘုရားသခင် အတူမပါရှိသည့် အောင်မြင်ခြင်းသည် ပျက်ရယ်ပြုစရာ၊ လှည့်စားခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်းဖြစ်သည် သို့သော် ဘုရားသခင် အတူပါရှိသော ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်းမဟုတ်ပါ” ဟု ဆိုခဲ့ဖူးသည်။ ထိုစကားသည် ကျွန်တော့်၏ တသီးပုဂ္ဂလ ခံယူယုံကြည်ချက်နှင့်လည်း ထပ်တူကျသည်။ “Victory without God is mockery and delusion, but…defeat with God is not defeat.”
ခရစ်ယာန်တစ်ဦး၏ နေ့စဥ်အသက်တာသည် ဘုရားသခင် အတူပါရှိခြင်းသည်သာလျှင် အဓိကဟုပင် ကျွန်ုပ်ဆိုချင်ပါသည်။ သူ၏ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်းတို့သည် အဓိကမကျသကဲ့သို့ ထိုအရာများသည် ဘုရားသခင် အတူမပါရှိလျှင် အချည်းနှီးသက်သက်ပင် …
ဟဗက္ကုတ်အနာဂတ္တိကျမ်းကို ကြည့်လျှင် ခါလဒဲလူမျိုး (ဗာဗုလုန်) တို့၏ အောင်မြင်ခြင်းရရှိဦးမည့်အရေးကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ရပေမည်။ သူတပါး၏ ပစ္စည်းများအား သိမ်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရားသဖြင့်လုပ်ဆောင်ခြင်းများသည် ရက်စက်ကြမ်းကြုတ်သည့် ခါလဒဲတို့၏ “ငါလုပ် ဥပဒေ” အလား … ထို့အတူ ထိုအောင်မြင်ခြင်းသည် သူတို့အတွက် စစ်မှန်သည့် အောင်မြင်ခြင်းအလား ထင်မှတ်ကာ ယူဆနေကြပေဦးလိမ့်မည် မဟုတ်ပါလား … သို့သော်လည်း “William Faulkner” ၏ စကားအား ယူသုံးရမည်ဆိုလျှင်ဖြင့် ထိုအောင်မြင်ခြင်းသည် ပျက်ရယ်ပြုစရာတစ်ခုဟုသာ ဆိုချင်ပါသေး၏။ ထိုနည်းတူ နောက်ဆုံးတွင်လည်း ခါလဒဲတို့အား (ဗာဗုလုန်) စီရင်ခြင်းသည် လာကိုလာမည်၊ နောက်မကျဘဲ ဧကန်အမှန်လာကိုလာမည်ဟု ကျွန်ုပ်တို့တွေ့ရပေသည်။
ထိုကြားကာလ အခြေအနေသည် ယုဒတို့၏ ရှုံးနိမ့်ခြင်းလည်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း “ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟူသည့် ရွှေကျမ်းချက်အရ ဘုရားသခင်အတူပါရှိသည့် ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်းမဟုတ် ဟုပင်ဆိုရမည်လော …
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂:၄ စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
လက်ရှိရင်ဆိုင်နေကြရသော သို့တည်းမဟုတ် ဤလောက၌ရှိကြသော မတရားသောသူတို့၏ အောင်မြင်ခြင်းသည် ဗာဗုလုန်တို့နည်းတူ အဓမ္မအရာ၌ ဂုဏ်ယူကာ မတရားပြုခြင်း၌လည်း စည်းလွတ်ဝါးလွတ် ပျော်မြူးနေကြပေလိမ့်မည်။ ထိုအောင်မြင်ခြင်းသည် သူတို့အတွက် ရေရှည်တည်မြဲသည်ဟု ထင်မှတ်မှားနေကြသကဲ့သို့ သူတို့၏ လက်ရုံး၊ သူတို့၏ ကုသိုလ်ကံများကြောင့်ပင် အောင်မြင်ခြင်းဟု ယူဆနေကြမည်မှာ မြေကြီးလက်ခပ်မလွဲပေ …
သို့သော်လည်း ထိုသူတို့၏ ဘုရားသခင် မပါရှိသော အောင်မြင်ခြင်းသည် မတည်မြဲကာ ပျက်ရယ်ပြုစရာသာဖြစ်သည် မဟုတ်ပါလား … ထို့ကြောင့် ဟဗက္ကုတ်၏ “Hymn of Faith” ကို ကိုးကားကာ “ယခုကာလတွင် ‘Peace’ မရှိသော်လည်း ဘုရားသခင်၌ ‘Peace’ ကိုသာ မျှော်ကြည့်ခြင်း၊ ယခုကာလတွင် မတရားသောသူများ (အဓမ္မလူများ)၏ ဖြောင့်မတ်သူများအား၊ ဓမ္မဘက်မှလူများအား ဖိနှိပ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ နှိပ်စက် သတ်ဖြတ်ခြင်းတို့သာ ရှိသော်လည်း … ယခုကာလတွင် “Hope, Joy” ဆိုသည်မှာ ပျောက်နေသော်လည်း ဘုရားသခင်၌သာ မျှော်ကြည့်ကာ … “ထာဝရဘုရား၌ ငါတို့သည် ဝမ်းမြောက်၍၊ ငါတို့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်” ဟု ကြွေးကြော်ကြရင်း … ဘုရားသခင် အတူပါရှိသည့် ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်းမဟုတ်ဘဲ ဘုရားသခင် အတူမပါရှိသည့် မတရားသောသူတို့၏ အောင်မြင်ခြင်းသာလျှင် ပျက်ရယ်ပြုစရာ အချည်းနှီးသက်သက်ဟုသာ ….
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Gentle Reminder:
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။