Skip to content

ကယ်လွှတ်ခြင်းလမ်း၏ အစ

တရားသူကြီးမှတ်စာ အခန်းကြီး ၆ တွင်ကြည့်လျှင် အခြေအနေအရပ်ရပ်တို့ကြောင့် စိတ်ပျက်အားငယ်နေကြသည့် ဣသရေလအမျိုးသားများကို မြင်တွေ့ရပေလိမ့်မည်။ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ၊ ဖိနှိပ်ခြင်းများစွာနှင့် အသက်အန္တရာယ်ပေါင်းစုံတို့ကြောင့်လည်း အပါအဝင်ဖြစ်သည်။

မိဒျန်တို့၏ ရက်စက်ခြင်း၊ ယုတ်မာခြင်း၊ ထိုလူမဆန်သည့် အရိုင်းအစိုင်းများ၏ လုပ်ရပ်ပေါင်းများစွာတို့သည် အော့နှလုံးနာစရာဖြစ်သည်မှာ “ဣသရေလပြည်ကို ဖျက်ဆီးလျက်လာကြ၏” ဆိုသည်က သက်သေပင် …
အသီးအနှံ စားစရာများအားဖျက်ဆီးခြင်း၊ သိုးမြည်း တိရစ္ဆာန်များအားလည်း ဖယ်ရှား သတ်ပစ်ကြခြင်းဆိုသည့်အချက်များနှင့် ဣသရေလအမျိုးသားတို့၏ ညှဥ်းဆဲခံရခြင်း၊ ဥမင်မြေတွင်းလုပ်၍ နေရခြင်းတို့ကို ကြည့်လျှင် ထိုလူ့တိရစ္ဆာန်တို့သည် လယ်ယာမြေ၊ စားစရာ၊ သိုးနွားများအား ဖျက်ဆီးပစ်ကြရုံသာမက လူနေအိမ်များအားလည်း မီးရှို့ဖျက်ဆီးကြသည့်အလား …  တိတိကျကျ မသိရသော်လည်း သေချာသည်မှာတော့ ၎င်းတို့၏ လူမဆန်သည့် ရက်စက်ယုတ်မာခြင်းများနှင့် ညှဥ်းဆဲမှုများစွာတို့ကြောင့် ဣသရေလလူတို့သည် ဥမင်၌ပုန်းရှောင်ရသည့်အခိုက်အတန့်နှင့် မိမိကိုယ်ပိုင် စားစရာဖို့ စပါးနယ်ခြင်းကိုပင်လျှင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေခဲ့ကြရသည်မှာ နာကျင်စရာပင် …

တခါတရံတွင် ကျွန်ုပ်တို့ကိုယ်တိုင် ထွက်ပြေးတိန်းရှောင်ကာ အန္တရာယ်များစွာမှ ပုန်းရှောင်နေရသည့်ကာလများစွာနှင့် စိတ်ပျက်အားငယ်ကာ အခြေအနေများစွာကြောင့်လည်း ကြောင့်ရွံ့ထိတ်လန့်နေကြရသည့် အခိုက်အတန့်ပေါင်းများစွာ ရှိနေတတ်ကြပေသည်။ ၎င်းအခြေအနေတို့က ဥမင်များလုပ်၍နေကြရသော ဣသရေလများအလား၊ မိမိစားစရာကိုပင် ကြောက်လန့်တကြား ပုန်းကွယ်၍နယ်ကြရသည့်အလားပင် …
သို့သော် သူတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ ဖိနှိပ်ညှဥ်းဆဲမှု အမျိုးမျိုးအဖုံဖုံတို့ကြောင့် အားငယ်စိတ်ပျက်ကာ ရန်သူတို့အားလည်း ကြောက်ရွံ့ထိန့်လန့်၍ ပုန်းရှောင်ရခြင်း၊ စားစရာကိုပင် ကွယ်ဝှက်၍ လုပ်ဆောင်ကြရခြင်းများကြားထဲမှ ဘုရားသခင်အားဟစ်ကြော်ခဲ့ကြသည်။ ထိုအခြေအနေများစွာတို့သည် ဘုရားသခင်အားသာ၍ ဟစ်ခေါ်ရမည့် အခြေအနေကို ဖြစ်စေခဲ့သည်ဟုပင် ဆိုရပေဦးလိမ့်မည်။
ယနေ့ မိတ်ဆွေနှင့် ကျွန်တော်တို့သည်လည်း ထိုနည်းတူဖြစ်ကြရန် အရေးကြီးပေသည်။ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်အမျိုးမျိုးသော အရာများစွာတို့ကြားထဲမှ စိတ်ပျက်အားငယ်ကာ ကြောက်ရွံ့နေကြရပါသော်လည်း ဘုရားသခင်အား အော်ခေါ်ကြရအောင် …

တရားသူကြီးမှတ်စာ ၆:၆-၇
 ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ ထိုသို့ မိဒျန်အမျိုးသားတို့ကြောင့်၊ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ၊
မိဒျန်များကြောင့် နာကျင်ကြရခြင်းနှင့် များစွာသော ဆင်းရဲဝမ်းနည်းမှုများသည် ဣသရေလတို့အား ထာဝရဘုရားဟု ဟစ်ကြော်စေကြသကဲ့သို့ ထိုအသံသည်ပင်လျှင် ထာဝရဘုရား၏ ကယ်လွှတ်ခြင်းကိုမြင်တွေ့စေသောလမ်း၏ အစပင် … ယနေ့ ကျွန်ုပ်တို့၏ နာကျင်ခြင်းများနှင့် ဝမ်းနည်းပူဆွေးရခြင်း၊ ဖိနှိပ်ခံရခြင်း၊ ညှဥ်းဆဲခံရခြင်း၊ မတရားမှုအမျိုးမျိုးတို့ကြောင့် ဆုံးရှုံးကြရခြင်း၊ ဣသရေလတို့ကဲ့သို့ နိုင်ငံရေးအခြေအနေအမျိုးမျိုးတို့ကြောင့် ကြုံတွေ့နေကြရသော အခြေအနေအရပ်ရပ်တို့သည် “ဘုရားသခင်ကို အော်ဟစ်ဖို့၊ ဟစ်ကြော်ဖို့” လည်းဖြစ်ပေသည် မဟုတ်ပါလား … ကျွန်ုပ်တို့၏ ထိုအော်ဟစ်ခြင်း၊ ဟစ်ကြော်ခြင်းသည်ပင်လျှင် ထိုအခြေအနေအရပ်ရပ်တို့မှ ကယ်လွှတ်ခြင်းလမ်း၏ အစပင် ဖြစ်ပေဦးလိမ့်မည် …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။