အမှုတော်ဆောင်သူများအနေနှင့်သမ္မာတရားသတင်းစကားကိုကြားပြောတဲ့အခါမှာ ချန်လှပ်မထားသင့်တဲ့အရာတခုရှိပါတယ်။ အဲ့ဒါကတော့ ဘာသာစကားအဆီးအတားပါပဲ။ ခေတ်ရဲ့ပြောင်းလဲတိုးတက်လာခြင်းနဲ့အတူ (အထူးသဖြင့်)လူငယ်မျိုးဆက်သစ်လေးတွေမှာ သင်ယူလေ့လာပြိုင်ဆိုင်မှုများထဲမှာသော်လည်းကောင်း၊ ကာလနေရာဒေသအပြောင်းလဲများကြောင့်သော်လည်းကောင်း ကိုယ့်ရဲ့ဖြစ်တည်ရာလူမျိုးဘာသာစကားကို (လုံးဝ)မရေးတတ်၊ မပြောတတ်၊ နားမလည်တော့သူများရှိသလို၊ အနည်းငယ်သာ ရေးတတ်၊ ဖတ်တတ်ကာနားလည်သူများလည်းရှိကြပါတယ်။ ဒါကြောင့် အမှုတော်ဆောင်များအနေဖြင့် ကိုယ်ရဲ့ပါဝင်အစေခံနေတဲ့နေရာဖြစ်ဖြစ်၊ အသင်းတော်ဖြစ်ဖြစ်၊ သာသနာကွင်းပဲဖြစ်ဖြစ် ဘာသာစကားအခက်ခဲကြောင့် သမ္မာတရားကိုမှန်ကန်စွာသိချင်သည့် မည့်သူ့ကိုမဆို လျစ်လျူမရှုဘဲ အလေးထားဂရုစိုက်သင့်ပေသည်။ ဒါကြောင့် အသင်းတော်တွင်းရှိအမှုတော်ဆောင်များအနေဖြင့် ဘာသာစကားအခက်အခဲရှိနေသူများကို ဘာသာစကားသင်ယူဖို့တိုက်တွန်းသင့်သလို၊ ထိုသို့တိုက်တွန်းနေသည့်တချိန်တည်းမှာပင်လျှင် သူတို့နားလည်သဘောပေါက်သည့် ဘာသာစကားအားဖြင့်လည်း တိုက်တွန်းခွန်အားပေးသင့်ပေသည်။ ကိုယ်တိုင်ကသူတို့နားလည်သည့်စကားဖြင့် ဟောပြောဖို့ရာခက်ခဲနေမည်ဆိုပါကလည်း၊ သမ္မာတရားကိုသစ္စာရှိစွာဟောပြောနေသည့် အမှုတော်ဆောင်တဦးဦး၏အကူအညီကိုရယူသင့်ပေသည်။
ကျွန်ုပ်တို့နေထိုင်ရာနိုင်ငံကြီးကိုကြည့်လိုက်ရင် မတူညီတဲ့ဘာသာစကားပေါင်းများစွာနှင့်မှီတင်းနေထိုင်သော တိုင်းရင်းသားလူမျိုးများစွာရှိကြတယ်ဆိုတာ အားလုံးအသိပါပဲ။ ထိုသို့လူမျိုးဘာသာစကားများစွာထဲမှာ တဦးနှင့်တဦးဆက်ဆံပြီးအသုံးပြုကြတဲ့အခါမှာ အခြေခံအားဖြင့် ဗမာစကားနှင့်ဆက်ဆံသုံးစွဲမှုကပိုများကြပါတယ်။ တိုင်းရင်းသား အသင်းတော်များကိုကြည့်ရင်လည်း သက်ဆိုင်သည့် ဘာသာစကားကိုအသုံးပြုလျက် ဝတ်ပြုကိုးကွယ်ခြင်းကိုပြုတတ်ကြပါတယ်။ သို့သော်လည်း အထက်မှာဖော်ပြခဲ့တဲ့အခက်အခဲကြောင့် အမှုတော်ဆောင်များအနေဖြင့် နာယူဝတ်ပြုသောသူတို့၏အားနည်းခြင်းအရာကိုထောက်လျက် ဂရုပြုကာ ပြင်ဆင်သင့်ပေသည်။ စာရေးသူကြုံခဲ့ဖူးသည့် စကားသံများကတော့ “ကိုယ့်ဘုရားကျောင်းဆိုတော့လည်း နားမလည်လည်းလာရတာပဲလေ”၊ “ဘုရားကျောင်းတော့ရောက်ဖြစ်တာပေါ့ကွာ”၊ “နားမလည်တော့လည်း မတက်ဖြစ်တော့ဘူး” စသည့်အခက်အခဲတွေပါပဲ။ လူကြီးအများစုကတော့ အခက်အခဲမရှိပေမယ့်၊ လူငယ်တော်တော်များများက ဘုရားကျောင်းတော့ရောက်လာပေမယ့် နားမလည်ပေမယ့်ပုံမှန်လာသူတွေ၊ နားမလည်သောကြောင့်နောက်တဖန်မလာချင်တော့သူတွေ ရှိလာကြပါတယ်။ အချို့တွေကတော့ သမ္မာတရားကိုတကယ်ဆာငတ်ပေမယ့်၊ အချို့တွေကလည်း ဘာမှစိတ်ဝင်စားခြင်းမရှိဘဲ လာသူတွေလည်းရှိပါတယ်။ ဒါကြောင့် အမှုတော်ဆောင်တွေအနေနဲ့ ဘုရားကျောင်းထဲ လူများလို့ ပျော်မနေသင့်ပါဘူး။ သူတို့ရဲ့အခက်အခဲကိုများကိုလည်းရှုမှတ်သင့်ပေသည်။ ဝတ်ကြေတမ်းကြေ ကိုယ်ပြောတတ်သလို ပြောပြီးပြီးရော လုပ်လိုက်ခြင်းက သူတို့ရဲ့ဝိညာဉ်ရေးရာကိုဂရုမစိုက်သည်နှင့်မကွာခြားပေ။
စာရေးသူနားဖြင့်သာကြားခဲ့ရတဲ့အရာတခုရှိပါသေးတယ်။ ဒီအကြောင်းအရာကိုကြုံဖူးသူများလည်းစာဖတ်သူများအထဲရှိကောင်းရှိပါလိမ့်မယ်။ လူငယ်တယောက်ဟာ အသင်းတော်တခုကိုရောက်သွားတဲ့အခါမှာ ဘယ်လိုသွန်သင်မှုမျိုးကိုကြုံခဲ့ရလဲဆိုရင် “ဘုရားသခင်ရှေ့မှာ အားလုံးကအတူတူပဲ လူမျိုးတွေဆိုတာမရှိတော့ဘူး” ဆိုတာပါပဲ။ ဘုရားသခင်ရှေ့မှာအားလုံးကအတူတူပဲဆိုတာကိုတော့ စာရေးသူမငြင်းပါဘူး။ နောက်ပြီး သခင်ဘုရား၌ယုဒလူ၊ ဟေလသလူမရှိဘူးဆိုတဲ့အချက်ကလည်းလက်ခံနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းသာသနာပြုတဲ့အခါမှာ ဒီလိုတုတ်ထိုးအိုးပေါက် စကားမျိုးနဲ့ကတော့ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ လူမျိုးတိုင်းလိုလိုမှာ သမ္မာတရားနှင့်မဆန့်ကျင်တဲ့ ချစ်စရာဓလေ့တွေရှိပါတယ်။ ထိုအထဲမှာမှ ဘာသာစကားဆိုတာဟာလည်း လူမျိုးတူခြင်းသုံးစွဲရတဲ့ လှပတဲ့ဆက်ဆံခြင်းတခုပါပဲ။ ဘုရားသခင်ရှေ့မှာပြဿနာမရှိပေမယ့်၊ လောကမှာနေစဉ်ကတော့ ပြဿနာရှိပါတယ်။ သက်ဆိုင်ရာဘာသာစကားကို လေ့လာသင်ယူခြင်းမရှိဘဲ ထိုနေရာ၊ လူမျိုးကိုသာသနာပြုမယ်ဆိုခြင်းကလည်း အချိန်ဖြုန်းခြင်းသက်သက်ပါပဲ။ ကြားရပြီးနားမလည်တဲ့သူအတွက် အကျိုးမရှိသလို၊ ကိုယ်ပြောတတ်သလိုပြောနေတဲ့အမှုတော်ဆောင်အတွက်လည်း အချည်းနှီးသောအမှုပါပဲ။ ဒါကြောင့် နောက်ပိုင်းပြည်တွင်းအမှုတော်တောင်ဆောင်တချို့ပြောနေကြစကားတခုကိုပြန်ပြီးမြင်ယောင်မိပါတယ်။ “နိုင်ငံတကာပတ်ပြီးတရားဟောမယ်” ဆိုတဲ့စကားပေါ့။ ကိုယ်တိုင်ကလေ့လာသင်ယူမှုမှာဒီလောက် ပျင်းရိနေပြီး နိုင်ငံတကာကိုပတ်မယ်ဆိုတာက ဖြစ်သင့်ပါ့မလား။ နောက်ပြီး ကိုယ်ရဲ့ဘာသာစကားတူသူခြင်းကိုတောင်မှ ဟောပြောဝေငှဖို့စိတ်အားထန်သန်မှုမရှိရင် မည်ကဲ့သို့သောစိတ်သဘောနှင့်နိုင်ငံတကာကိုပတ်ခြင်းဖြစ်နေပါလိမ့်နည်း။
ယခုကျွန်ုပ်တို့ဖတ်နေတဲ့ သမ္မာကျမ်းစာအုပ်ရဲ့အရှေ့ဆုံးစာရွက်ကိုလေ့လာကြည့်ပါ။ သာသနာပြုဆရာကြီးယုဒဿန်၏ကြိုးစားအားထုတ်အစေခံမှုကြီးကို သင်တွေ့ရပါလိမ့်မယ်။ မြန်မာပြည်ကိုလာရောက်သာသနာပြုခဲ့တဲ့အခါမှာ သူကြီးပြင်းခဲ့တဲ့နေရာဒေသက ဘာသာစကားကဘယ်လိုမှအသုံးဝင်ထိရောက်ခြင်းမရှိဘူးဆိုတာကိုသိမှတ်လျက် သက်ဆိုင်ရာဘာသာစကားကိုသင်ယူလေ့လာအားထုတ်ခဲ့တာကိုတွေ့နိုင်ပါတယ်။ ကြိုးစားအားထုတ်ခြင်းအဖိုးအခကို ခရစ်တော်၏သမ္မာတရားတည်းဟူသောဧဝံဂေလိစကားအတွက် ဆရာကြီးယုဒဿန်ပေးဆပ်အစေခံခဲ့သည်မှာ လေးစားအတုယူမှတ်ကျောက်တင်စရာပင်။ ဒါကြောင့်ကျမ်းစာကျောင်းတက်ပြီးအမှုဆောင်နေသူဖြစ်ပါစေ၊ ကျမ်းစာကျောင်းမတက်ဘဲအမှုဆောင်နေသူဖြစ်ပါစေ လေ့လာသင်ယူမှုကို မပြုဘဲမနေပါနှင့်။ ထိုသို့လေ့လာသင်ယူနေခြင်းကိုလည်း မရပ်တန့်လိုက်ပါနှင့်။ ကြိုးစားအားထုတ်ခြင်းဟာ ဘယ်တော့မှအရှုံးမရှိပါဘူး။
ချစ်သောအမှုဆောင်တို့ သင်ဟာ ဘယ်ဘာသာစကားနှင့်ဘယ်နေရာ၊ ဘယ်အသင်းတော်မှာပါဝင်ဆက်ကပ်အစေခံနေသလဲဆိုတာ စာရေးသူမသိပါဘူး။ သို့သော်လည်းသေချာတဲ့အရာတခုကိုတော့ စာရေးသူသိပါတယ်။ ဒါကြောင့် ကိုယ့်နေထိုင်ရာပတ်ဝန်းကျင်၊ ကိုယ်အစေခံရာအသင်းတော်နှင့်အမှုတော်မှာ ဘာသာစကားအခက်အခဲကြောင့် သမ္မာတရားကိုနားလည်ဖို့ရာလိုအပ်နေသူတွေ၊ ယုံကြည်အားနည်းသူတွေကို “ဒီလူမျိုးဖြစ်ပြီး ဒီစကားတောင်နားမလည်ဘူးလား” ဆိုပြီးအပြစ်တင်နေမည့်အစား၊ ကိုယ်တိုင်ကထိုသူတို့၏အသက်ဝိညာဉ်အရေးကို ရှေ့ရှုလျက် သတိပြုဆင်ခြင်ကာကြိုးစားအားထုတ်နေပါမည်အကြောင်း ခွန်းအားပေးတိုက်တွန်းရင်းနှိုးဆော်လိုက်ရပါတော့တယ်။
“ထိုသို့အလိုငှာ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။” ကောလောသဲဩဝါဒစာ ၁း၂၉
မေတ္တာဖြင့်
Gentle Reminder:
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။