Skip to content

“အမှုတော်ဘယ်မှာဆောင်နေသလဲ”လို့မေးရင် မကွယ်မဝှက်ဘဲ မလိမ်မညာတမ်းသာဖြေကြေးဆို “ဟုတ်ကဲ့ ဖေ့စ်ဘုတ် ပေါ်မှာပါ” လို့ပြောထွက်လာမယ့်သူများမယ်လို့ထင်ပါတယ်။ ဒီကနေ့အမှုတော်ဆောင် တော်တော်များများက အမှုတော်ကို ပေါ့ပျက်ပျက်နဲ့ ကလေးကစားတဲ့ အရာလိုသဘောထား သတ်မှတ်ထားကြသလိုပါပဲ။ ဒီတော့ အမှုတော်ဆောင်တယောက်အနေနဲ့ရှိသင့်တဲ့ အရည်အချင်း၊ ထားရှိအပ်တဲ့သဘောထား၊ ပြုအပ် မပြုအပ်သောအရာများကိုဦးစွာပြင်ဆင်ခြင်းမရှိဘဲ ဖုန်းတလုံးနှင့်အင်တာနက်ရှိသည်နှင့်အမှုတော်ဆောင်လို့ရနေသည့်ပုံစံမျိုးဖြစ်လာနေပါတော့တယ်။ အင်တာနက်ပေါ်မှာ အာမင်ထူးသည့်ပရိသတ်ရှိသည်နှင့် အသင်းတော်မလိုဘဲ၊ မရှိဘဲ ဆရာကြီးတပါးလိုမျိုးအမှုတော်ဆောင်လာနေကြသည်က အန္တရာယ်ရှိသည် မဟုတ်ပေဘူးလား။

“အင်တာနက်ပေါ်မှာ အမှုတော်ဆောင်လို့မရဘူးလား”ဆိုတဲ့မေးခွန်းကိုဖြေရရင် “ရပါတယ်” လို့ပဲဖြေရမှာပါပဲ။ မှားတယ်လို့လဲဆိုလို့မရပါဘူး။ “ယေရှုအားဖြင့်ပြောင်းလဲပြီ” ဆိုပြီး အထက်ကပြောခဲ့သလို ဖုန်းနဲ့အင်တာနက်ရှိလို့ လိုင်းပေါ်မှာ အမှုဆောင်တော့မယ်လို့ရည်ရွယ်ထားတယ်၊ နောက်ပြီး မီဒီယာကိုအသုံးပြုပြီးသတင်းကောင်းဟောပြောချင်တယ်ဆိုတာတွေက မကောင်းတဲ့ ရည်ရွယ်ချက်မှ မဟုတ်တာလေ။ သို့သော် ထိုရည်ရွယ်ချက်နဲ့စိတ်အားထက်သန်မှုတွေကို ခေတ္တရင်ထဲမှာသိမ်းထားပြီး၊ ခရစ်တော်နောက်သို့လိုက်ခြင်း၊ ကိုယ့်ကားတိုင်ကိုထမ်းခြင်း၊ ခရစ်တော်ကဲ့သို့အသက်ရှင်ခြင်းဆိုတဲ့ ယူတင်သင့်တဲ့အရာတွေကိုဦးစားပေးခြင်းက သင့်လှသောအရာဖြစ်ပါတယ်။ သခင့်ထံ၌နည်းခံပြီးမှသာ သခင့်၏အမှုတော်ကိုရည်ရွယ်ထားသည်အတိုင်း အမှုဆောင်ခြင်းက သင့်မြတ်၊ သင့်တော်တဲ့အရာပါ။

ကျမ်းစာကျောင်းမတက်ဘဲ အမှုတော်ဆောင်လို့မရဘူးလား”တဲ့။ ဒီမေးခွန်းမျိုးက တက်ဖို့အဆင်မပြေလို့မေးတဲ့သူရှိသလို၊ မတက်ချင်လို့မေးတဲ့သူများလည်းရှိကြပါတယ်။ ဘယ်လိုအခြေအနေမျိုးကနေပဲမေးလာပါစေ အမှုတော်ကို အချိန်ပြည့်(full-time)ဆက်ကပ်မယ်ဆိုရင်တော့ ကျမ်းစာကျောင်းတက်ပြီးမှသာ အမှုတော်ကိုဆောင်စေချင်ပါသည််။ အချိန်ပိုင်း အလုပ်အားလပ်ရက်တွေမှ အလျင်းသင့်သလို ဆက်ကပ်ချင်သပဆိုလည်း နှုတ်ကပတ်တော်နှင့်သော်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်သော်လည်းကောင်း မွှေ့လျော်နေသည့်အသက်တာဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အမှုတော်ထဲမှာရှိနေတော့မှာမဟုတ်ဘဲ အရှုပ်တော်တွေထဲမှာ ချာရမ်းနေမှာပါ။ ကျမ်းစာကျောင်းတက်ပြီး အမှုတော်ကိုအချိန်ပြည့်ဆောင်မယ်လို့ ရည်ရွယ်ထားသူတွေကို ခွန်အားပေးတိုက်တွန်းသတိပေးလိုတာက ကိုယ်ကတကယ်ပဲတက်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီဆိုရင် ကိုယ်တက်မယ့်ကျောင်းကိုသေချာ ဆုတောင်းရွေးချယ်စေလိုပါတယ်။ ဘာကြောင့်ဒီလိုပြောရလဲဆိုရင် ၁လ၊ ၂လဆိုတဲ့အချိန်ကာလ အတိုင်းအတာနဲ့ ဆရာဖြစ်သင်တန်းတွေ၊ ကျောင်းတွေ၊ ရှိလာလို့ပါပဲ။

တချို့ကလည်း “ဝိညာဉ်တော်ကအရေးကြီးတယ်၊ အချိန်က အရေးမကြီးပါဘူး” ပြောတတ်ကြပါသေးတယ်။ မေတ္တာဖြင့် ပြောပါရစေ “အချိန်က တကယ်အရေးမကြီးဘူး”ဆိုရင် ဝိညာဉ်တော်က သင့်ကို ၃နှစ်ဖြစ်ဖြစ် ၄နှစ်ဖြစ်ဖြစ် အမှုတော်အတွက်ပြင်ဆင်စေမယ်ဆိုရင် သင်မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဝိညာဉ်တော်ကလည်းကျေးဇူးပြုသလို သင်ကလည်းလုပ်ဆောင်မည့်အပိုင်းကို မမေ့သင့်ပါ။ ကျောင်းပြီးတော့လည်း ပြီးရောပေါ့ဆိုပြီးမလုပ်ပါနဲ့။ ကျောင်းရွေးချယ်တဲ့အခါမှာလည်း သမ္မာတရားကိုဦးထိပ်ထားသွန်သင်သော ကျောင်းကိုသာ ရွေးချယ်ပါ။ ရွေးချယ်မှုမှားတဲ့အခါ “အချိန်က အရေးမကြီးပါဘူး”လို့ပြောခဲ့သမျှဟာ နှမြောစရာတွေဖြစ်ကုန်ပါလိမ့်မယ်။

ကျမ်းစာကျောင်းနဲ့ပက်သက်လို့ နောက်ထပ်သတိပြုစေလိုတာက “အဝေးသင်” ပုံစံမျိုးတွေကိုပါပဲ။ ကိုယ်ကကျမ်းစာကျောင်းကို အချိန်ပြည့်တက်ဖို့ အဆင်မပြေလို့ အဝေးသင်တက်ဖို့ ရွေးချယ်ရပြီဆိုရင် သေချာဂရုတစိုက်ကြိုးစားလုပ်ဆောင်စေချင်ပါသည််။ အမှုတော်ထဲကို ပေါ့ပျက်ပျက်ဆက်ကပ်ပြီးတော့ မဝင်လာစေချင်ပါ။ ဒီ့အပြင် ထိုသို့ကျောင်းမျိုးကို ဦးဆောင်ဖွင့်လှစ်တဲ့ အမှုတော်ဆောင်များအနေဖြင့်လည်း တက်ရောက်သူများရဲ့အသက်တာကို ကိုယ်တိုင်မျက်မြင်မရသော အခြေအနေဖြစ်သောကြောင့်၊ ဖြစ်သလိုအသက်တာနဲ့အမှုတော်ထဲရောက်လာကာ ဖြစ်သလိုအမှုဆောင်သွားနိုင်တဲ့အခြေအနေရှိသောကြောင့် အသေအချာစီစစ်သင့်ပေသည်။

ချစ်သောအမှုတော်ဆောင်တို့ အမှုတော်ဆောင်ချင်စိတ်ရှိတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အမှုတော်ဆောင်ဖို့ရန် ထားရှိတဲ့ရည်ရွယ်ချက်ကိုလည်းလေးစားပါတယ်။ သို့သော်လည်း ဤလောကကြီးထဲမှာ သခင့်ရဲ့အမှုတော်ကိုဆက်ကပ်ဆောင်ရွက်ရသည်ကိုတော့ သတိချပ်စေလိုပါတယ်။ ဒါကြောင့် လောကရဲ့တနေရာရာမှာ ဘုရားကကိုယ့်ကိုသူ့ရဲ့အမှုတော်မှာ ဆက်ကပ်အမှုဆောင်စေတဲ့ကျေးဇူးကိုခံရတဲ့အခါ သာမန်ကာလျှံကာမျှသာမဟုတ်ဘဲ အထက်အရပ်ကိုမြော်လင့်လျက် ထာဝရနှင့်ဆိုင်သော စိတ်သဘောအားဖြင့် အသက်တာကိုပြင်ဆင်လျက် နေရာရဖို့ထက် နေရာမှန်၌ဝမ်းမြောက်စွာအမှုဆောင်နေပါမည်အကြောင်း

မေတ္တာဖြင့်

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။