Skip to content

တမန်တော်ဝတ္ထု အခန်းကြီး ၃ တွင် လူတစ်ဦးအကြောင်းကို တွေ့ရပေသည်။ ထိုသူသည် ခြေမစွမ်းသောသူဖြစ်သည်။ “အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူ” ဟုလည်း မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။ လမ်းမလျှောက်နိုင်သောကြောင့် သူတပါး၏ ထမ်းခေါ်လာပေးခြင်းအားဖြင့် သွားလာရသူလည်းဖြစ်သည်။ ထိုသို့နှင့် တင့်တယ်အမည်ရှိသော တံခါးနားသည် သူ၏ဘိ သူ၏နေရာ ဟုပင်ဆိုပေအံ့ …

ထိုနေရာအား အပီအပြင်တပ်ဆွဲထားခြင်းမှာ တောင်းစားရန်ပင်ဖြစ်သည်။ ဗိမာန်တော်သို့ လာသမျှသောသူတို့ထံမှ တောင်းစားရန်မှာ သူ၏ မဟာရည်ရွယ်ချက်ကြီးတစ်ခုဖြစ်သကဲ့သို့ တွေ့သမျှ မြင်သမျှတောင်းရမည်၊ သူတပါးပေးစေချင်ရန် သနားအောင်လုပ်ပြရမည် စသဖြင့် မျှော်ကြည့်ရမည်မှာလည်း သူတောင်းစားတစ်ဦး၏ တာဝန်နှင့် ဝတ္တရားဟုပင် တင်စားရပေဦးတော့မည်။ သူသည် ငွေကိုသာ ကြည့်ရမည်၊ ငွေကိုသာမြင်တတ်ရမည်။ သို့မှသာ သူတောင်းစားတစ်ဦး၏ အင်္ဂါရပ်နှင့်လည်း ညီပေတော့မည် မဟုတ်ပါလား။

သို့သော် ပေတရုနှင့် ယောဟန်တို့နှင့် တွေ့ဆုံပြီးသည့်နောက်တွင် ငွေကိုသာ မြင်တတ် မျှော်ကြည့်တတ်သူ၊ ငွေကိုသာ တောင်းရမ်းတတ်သော သူတောင်းစားသည် ဘုရားသခင်အား မြင်တတ်လာသည်၊ ချီးမွမ်းကခုန်တတ်လာသည်။ ဤသည်မှာလည်း ထိုနေ့တစ်ရက်တည်းသာ ဟုတ်မည်မထင် … အရင်ဘဝက ငွေကိုသာ မြင်တတ်ခဲ့သူ၊ ငွေကိုသာ လိုချင်ခဲ့သူ၊ တောင်းရမ်းခဲ့သူ၊ လူများအား ကြည့်လျှင် ငွေကြေးနှင့် တိုင်းတာကာ တောင်းရမ်း မျှော်ကြည့်တတ်ခဲ့သော သူတောင်းစားသည် ပြောင်းလဲခဲ့လေပြီ။

တမန်တော်ဝထ္ထု ၃:၈
  “ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။” 

သို့သော် ကျန်းမာချမ်းသာ ဒေသနာရှင်များ၊ တနည်းဆိုရလျှင် “Prosperity Gospel” သမားများသည် ဤသူတောင်းစား၏ အကြည့်နှင့် ကြည့်မိသည့် အခိုက်အတန့်များစွာရှိတတ်သည်။ ကျမ်းစာဖတ်လျှင် ငွေကြေး၊ ကြွေးကြော်လျှင် ငွေကြေး၊ ယုံကြည်ခြင်းအကြောင်းပြောလျှင် ငွေကြေး၊ ဝန်ခံလျှင် ငွေကြေး၊ မျိုးစေ့အကြောင်းပြောလျှင် ငွေကြေး စသဖြင့် ငွေကြေး ငွေကြေးနှင့် ယုတ်ဆွအဆုံးပြောရလျှင် ကောင်းသောရှမာရိအား ကြည့်လျှင်ပင် ငွေကြေးကိုသာ မြင်မိတတ်သော သူတောင်းစားမျက်စိပိုင်ရှင်များဖြစ်မှန်းမသိ ဖြစ်နေတတ်ကြသည်မှာ သတိထားရန်လိုအပ်ပေသည်။

တမန်တော်ဝတ္ထုတွင်တွေ့ရသော တကယ့်သူတောင်းစားမှာတော့ ပြောင်းလဲခဲ့သော်လည်း ယနေ့ သင်သည် သူတောင်းစားမဟုတ်သော်လည်း သူတောင်းစားအကြည့်နှင့်သာ ကြည့်တတ် မြင်တတ်လျှင်တော့ သူတောင်းစားမျက်စိကိုသာ ပိုင်ဆိုင်ရပေတော့မည် မဟုတ်ပါလား။ ထို့ကြောင့် ဤအခြားသော ဧဝံဂေလိတစ်ခုဖြစ်သော ကျန်းမာချမ်းသာ ဒေသနာ “Prosperity Gospel” အား သတိထားကာ ဝေးဝေးရှောင် ဝေါင်ဝေါင်ရွှေးကြဖို့ရန် တိုက်တွန်းနှိုးဆော်လိုက်ပါတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။