Skip to content

ဓမ္မပညာရပ်နဲ့ သမိုင်းကြောင်းနောက်ခံ

 

“ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာ၊​ ဘာကြောင့်ပြောခဲ့တာလဲ?”

သမ္မာကျမ်းစာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ “ကျမ်းနောက်ခံအကြောင်းအရာ မှားယွင်းဖော်ပြမိခြင်း” (out of context) မဖြစ်အောင် အကြောင်းအရာမှန်ကို ဖော်ထုတ်နိုင်ဖို့ “ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာ၊ ဘာကြောင့်ပြောခဲ့တာလဲ?” ဆိုတဲ့ မေးခွန်းငါးခုကို အခြေခံအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကို ကျမ်းစာပညာရှင်များက “အကြောင်းအရာ ခွဲခြမ်းစိတ်ဖြာခြင်း” (Contextual Analysis) လို့ ခေါ်ဆိုကြပါတယ်။ ဒီနည်းစနစ်က ကျမ်းစာရဲ့ ရည်ရွယ်ရင်းအဓိပ္ပါယ်ကို ဖော်ထုတ်ရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ထွက်မြောက်ရာကျမ်း ၁၅:၂၆ မှာ ဘုရားသခင်က ပရောဖက်ကြီး မောရှေမှတဆင့် ဣသရေလလူမျိုးတွေကို ပြောတာဖြစ်ပါတယ်။ ဣသရေလလူမျိုးတွေ ပင်လယ်နီကို ဖြတ်ပြီးတဲ့နောက်၊ သုံးရက်တိုင်တိုင် တောထဲ (သဲကန္တာရ) မှာ ရေမတွေ့ဘဲ လျှောက်သွားခဲ့ကြတယ်။ မာရဆိုတဲ့နေရာကို ရောက်တဲ့အခါမှာတော့ ရေခါး (ခါးတဲ့အရသာရှိနေတဲ့ရေ) တွေကို တွေ့ခဲ့ကြလို့ သောက်လို့မရဖြစ်ခဲ့ကြတယ်။ လူတွေက ခေါင်းဆောင် မောရှေကို အပြစ်တင်ကြတယ်။ မောရှေဟာ ထာဝရဘုရားထံ ဟစ်ကြော်တဲ့အခါ ထာဝရဘုရားက သစ်ပင်ကိုယူပြီး ရေထဲပစ်ချခိုင်းလိုက်တော့ ရေကသောက်လို့ ကောင်းသွားတယ်။ ဒီနောက်မှာ ဘုရားသခင်က အခြေအနေတစ်ခုပေါ်မူတည်ပြီး ကတိတော် (Conditional  Promise) ကို ပေးခဲ့ပါတယ်။ 

ထိုအရပ်၌၊ သူတို့ကို စုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊ 

“သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။”

(ထွက်မြောက်ရာကျမ်း ၁၅:၂၆)

ဘယ်သူက ပြောခဲ့တာလဲ?

ဘုရားသခင်ကိုယ်တော်တိုင် ပရောဖက်ကြီး မောရှေမှတဆင့် မိန့်တော်မူခြင်းဖြစ်ပါတယ်။

ဘယ်သူ့ကို ပြောခဲ့တာလဲ?

အဲဂုတ္တု(အီဂျစ်) ပြည်မှ လွတ်မြောက်လာခါစ ဣသရေလ (အစ္စရေး) လူမျိုးများကို ပြောခဲ့ခြင်းဖြစ်ပါတယ်။

ဘယ်အချိန်တုန်းက ပြောခဲ့တာလဲ?

ခေတ်ကာလအနေနဲ့၊ ဣသရေလလူမျိုးများ ပင်လယ်နီကို ဖြတ်ကျော်ပြီးနောက် မာရအရပ်ရှိ ခါးသောရေကို ချိုသောရေအဖြစ် ပြောင်းလဲပေးပြီးတဲ့အချိန် (ခန့်မှန်းခြေ ဘီစီ ၁၄၀၀ ခန့်)တွင် ဖြစ်ပါတယ်။

ဘယ်နေရာမှာ ပြောခဲ့တာလဲ?

မာရအရပ် (ခါးသောရေရှိရာနေရာ) တွင် ဖြစ်ပါတယ်။ ဒီနေရာမှာ ဣသရေလလူမျိုးများ ပညတ်တရားကို မရရှိသေးတဲ့ သိနာတောင်မရောက်မီအချိန်ဖြစ်ပါတယ်။

ဘာကြောင့် ပြောခဲ့တာလဲ?

ဘုရားသခင်က ဣသရေလလူမျိုးများနဲ့ ပဋိညာဉ်ပြုလျက်ရှိပါတယ်။ သူတို့ဟာ ဘုရားသခင်ရွေးချယ်ထားသော လူမျိုးတော်ဖြစ်ကြပြီး သူတို့ရဲ့ သစ္စာစောင့်သိခြင်းနှင့် နာခံခြင်းအတွက် သီးသန့်ကောင်းချီးမင်္ဂလာများကို ပေးမှာဖြစ်ကြောင်း ကတိတော်ကို ပေးပါတယ်။ ဒီကတိတော်သည် အဲ့အချိန်ခေတ်ကာလ ဣသရေလလူမျိုးတို့အတွက် သီးသန့်ကတိတော်ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဣသရေလလူမျိုး (အစ္စရေး) တွေ အဲဂုတ္တု (အီဂျစ်) ပြည်ကနေ ထွက်လာပြီး သိနာတောင်ဆီ သွားနေစဉ်မှာ ဖြစ်ပျက်ခဲ့တာပါ။ ဘုရားသခင်ဟာ သူတို့ကို ကပ်ဘေးများ၊ ပင်လယ်နီကိုဖြတ်ခြင်း၊ ရေပေးခြင်း စတဲ့ အံ့ဖွယ်နိမိတ်လက္ခဏာများနဲ့ ကယ်နှုတ်ခဲ့ပါတယ်။ အဲ့မှာ ဘုရားသခင် ရည်ညွှန်းတဲ့ ရောဂါများကတော့ ဖာရောဘုရင်ရဲ့ မနာခံမှုအတွက် အီဂျစ်ပြည်မှာ ကျရောက်စေခဲ့တဲ့ ဘေးဒဏ်တွေ (ထွက်မြောက်ရာကျမ်း ၇-၁၂) ဖြစ်ပါတယ်။ ဒီကျမ်းချက်က ပဋိညာဉ်ထားသလိုမျိုး သတိပေးချက်တစ်ခုကို ဖော်ပြနေပါတယ်။ ဣသရေလလူမျိုးတွေ ဘုရားသခင်ကို နာခံရင် ကျန်းမာပြီး ကောင်းချီးခံစားရမယ်။ မနာခံရင်တော့ အဲဂုတ္တုလူတွေလို ဒုက္ခရောက်နိုင်တယ်။

ဒါဟာ သူတို့ရဲ့ခရီးရဲ့ အစပိုင်းမှာ ယုံကြည်ခြင်းနဲ့ နာခံခြင်းကို စမ်းသပ်ခြင်းဖြစ်ပြီး ဘုရားသခင်ဟာ သူတို့ကို ရောဂါပျောက်ကင်းစေတော်မူတဲ့သူနဲ့ ထောက်ပံ့မစပေးသနားတော်မူတဲ့သူဖြစ်ကြောင်း သွန်သင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒါဟာ ပဋိညာဉ်သစ်ခေတ်မှာ ကျွန်တော်တို့အတွက် အသုံးချလို့ရပါသလား?

 

ပဋိညာဉ်သစ်ဟာ သခင်ယေရှုခရစ်တော်ဘုရားမှတဆင့် နာခံခြင်း၊ အပြစ်ပေးခြင်း၊ နဲ့ ရောဂါပျောက်ကင်းခြင်းတို့ကို ဘယ်လိုနားလည်ရမလဲဆိုတဲ့ အရာတွေကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။

ပဋိညာဉ်ဟောင်း (မောရှေ၏ပညတ်) နဲ့ ပဋိညာဉ်သစ် (ခရစ်တော်မှတဆင့် ကျေးဇူးတော်)

ဓမ္မဟောင်းမှာ နာခံခြင်းက ကောင်းချီးကို ယူဆောင်လာပြီး မနာခံခြင်းက ကျိန်ခြင်းအမင်္ဂလာကို ယူဆောင်လာတယ် (တရားဟောရာကျမ်း ၂၈)။ ဓမ္မသစ်မှာ သခင်ယေရှုဟာ လူသားတွေအပြစ်အတွက် အပြစ်ဒဏ်ကို ခံယူတော်မူခဲ့တယ် (ဟေရှာယ ၅၃:၅၊ ဂလာတိ ၃:၁၃)။ ဒါကြောင့် ယုံကြည်သူများဟာ ပညတ်တော်အောက်မှာရှိတဲ့ ဣသရေလလူမျိုးများနည်းတူ စီရင်ခြင်းမခံရတော့ဘူး။ ဟာလေလုယာ။

ဘုရားသခင်ဟာ ရောဂါနဲ့ အပြစ်ပေးသေးသလား?

ဘုရားသခင်က ကိုယ်တော့် လူတွေကို ဆုံးမတော်မူတဲ့ အခြေခံမူဟာ ယနေ့ချိန်ထိ ရှိနေဆဲပါ။ “အကြောင်းမူကား ထာဝရ​ဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​ပဲ့ပြင်​တတ်​၏။ လက်ခံ​တော်မူ​သမျှ​သော​သား​တို့​ကို ဒဏ်ခတ်​တော်မူတတ်​၏”​  (ဟေဗြဲ ၁၂:၆)၊ ဒါပေမယ့် ကိုယ်တော်ရဲ့ အပြစ်ပေးခြင်းဟာ ကိုယ်ခန္ဓာအနာရောဂါမှတဆင့် မဟုတ်ပါဘူး။ သခင်ယေရှုဟာ လူတွေကို အများကြီး ရောဂါပျောက်ကင်းစေခဲ့ပြီး (မဿဲ ၈:၁၆-၁၇) ရောဂါဖြစ်ခြင်းဟာလည်း ကိုယ်အပြစ်ကြောင့်လို့  (personal sin) မတွေ့ရပါဘူး (ယောဟန် ၅:၁၄ လိုမျိုး အခြေအနေတစ်ချို့မှလွဲ၍)။ အပြစ်ပေးခံရမှာကို ကြောက်ရွံ့နေမယ့်အစား ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ကျေးဇူးတော်အောက်မှာ ယုံကြည်ခြင်းနဲ့ နာခံခြင်းဖြင့် နေထိုင်ဖို့ ခေါ်ထားတာဖြစ်ပါတယ်။ ပဋိညာဉ်သစ်အောက်မှာရှိတဲ့ ခရစ်ယာန်တယောက်ရဲ့နာခံခြင်းက ဘုရားသခင်ကို ချစ်ခင်မြတ်နိုးလို့၊ ကိုယ်တော့်ကို ယုံကြည်လို့ကြောင့်သာ ဖြစ်သင့်ပြီး ဟိုကောင်းချီးရအောင်လို့ ဒါမှမဟုတ် ဟိုလိုအပြစ်ပေးခံရမှာ၊ ဟိုလိုကျိန်ခြင်းခံရမှာ ကြောက်လို့ဆိုတာမျိုး မဖြစ်သင့်ပါ။

ဘုရားသခင်ဟာ ယနေ့ခေတ်မှာလည်း ကျွန်တော်တို့ကို ရောဂါပျောက်ကင်းစေတော်မူသောသူ

ထွက်မြောက်ရာကျမ်း ၁၅:၂၆ မှာ ဘုရားသခင်ကို ယေဟောဝါရာဖါ (အနာရောဂါကို ငြိမ်းစေတော်မူသော ထာဝရဘုရား) လို့ ခေါ်တယ်။ ဓမ္မသစ်ခေတ်ရောက်လာတော့ အနာရောဂါကို ငြိမ်းစေတော်မူတဲ့ဘုရားသခင် ယေရှုခရစ်တော်ဟာ လူတွေကို ရောဂါပျောက်ကင်းစေခြင်းနဲ့ ကယ်တင်ခြင်းကို ပေးအပ်ခြင်းအားဖြင့် ဒီကတိတော်ကို လူဇာတိခံယူတော်မူပြီး ပြည့်စုံစေခဲ့ပါတယ် (မဿဲ ၉:၃၅၊ ၁ပေတရု ၂:၂၄)။ ယနေ့ခေတ်မှာလည်း ရောဂါပျောက်ကင်းခြင်းဟာ ဖြစ်နိုင်ပါသေးတယ်၊ ဒါပေမယ့် ဓမ္မဟောင်းက ပညတ်တော်တွေကိုစောင့်ရှောက်ခြင်းကနေ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ ကယ်တင်ရှင်ဘုရားသခင် ယေရှုရှင်ကို ယုံကြည်ခြင်းကနေ လာတာပါ။ ဆက်လက်ပြီး ထွက်မြောက်ရာကျမ်း ၁၅:၂၆ က ဘုရားနှုတ်ကပတ်တော်က ထိုအချိန်၊ ထိုနေရာက ဣသရေလလူတွေအတွက် မောရှေနဲ့ ထားတဲ့ သီးသန့်ပဋိညာဉ်သာဖြစ်ပြီး ယနေ့ ကျွန်တော်တို့ ယုံကြည်သူတွေအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိကြောင်း ခိုင်လုံသောနောက်သက်သေတခုမှာ ဘုရားသခင်၏လူ “ယောဘ” ကြီးရဲ့အသက်တာပဲ ဖြစ်ပါတယ်။ ယောဘဟာ ဓမ္မဟောင်းပဋိညာဉ်အောက်မှာ မွေးဖွားသူများအတွက်တောင်မှ ဒုက္ခဆင်းရဲခံရခြင်း (ရောဂါရခြင်းအပါအဝင်) သည် အမြဲတမ်း ကိုယ်အပြစ် သို့မဟုတ် မနာခံမှုကြောင့် မဟုတ်ကြောင်း ပြသရန် အထင်ရှားဆုံးသော သာဓက သက်သေတစ်ခုဖြစ်ပါတယ်။ 

ယောဘအသက်တာနဲ့ ထွက်မြောက်ရာကျမ်း ၁၅:၂၆ နှိုင်းယှဉ်ခြင်း

ထွက်မြောက်ရာကျမ်း ၁၅:၂၆ က အခြေအနေပေါ်မူတည်တဲ့ ကတိတော်ကို ရည်ညွှန်းတယ်ဆိုတာ နားလည်ခဲ့ပြီးဖြစ်ပါတယ်။ ဣသရေလလူမျိုးတွေ ဘုရားသခင်ကို နာခံရင် အီဂျစ်ပြည်သားတွေအပေါ် ကျရောက်တဲ့ ရောဂါဘေးတွေကို မခံစားရဘူး ဟူ၍ ဖြစ်ပါတယ်။ ယောဘရဲ့ အသက်တာက ဒုက္ခဆင်းရဲခံရခြင်းဟာ အမြဲတမ်း မနာခံမှုရဲ့ ရလဒ်ဖြစ်တယ်ဆိုတဲ့ ရိုးရှင်းတဲ့အမြင်ကို တိုက်ရိုက်စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။

ယောဘဝတ္ထုရဲ့ တာထွက်မှာကတည်းကိုက ယောဘကို “သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူတစ်ယောက်” အဖြစ် ဖော်ပြထားတယ် (ယောဘ ၁:၁)။ ဒါပေမယ့် ဘုရားသခင်ဟာ စာတန်ကို ယောဘကို စုံစမ်းနှောင့်ယှက်ခွင့်ပြုခဲ့ပါတယ်၊ အပြစ်ကြောင့်မဟုတ်ဘဲ ယုံကြည်ခြင်းကို စမ်းသပ်ဖို့ဖြစ်တယ် (ယောဘ ၁:၈-၁၂)။ ယောဘဟာ သူ့ရဲ့ဖြောင့်မတ်ခြင်းရှိနေသော်လည်း ရောဂါဘယစွဲကပ်ခြင်း၊ မိသားစုဆုံးရှုံးခြင်း၊ နဲ့ စီးပွားရေးပျက်စီးခြင်းတွေကို ခံစားခဲ့ရပါတယ်။

သူ့ရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဧလိဖတ်၊ ဗိလဒဒ်၊ နဲ့ ဇောဖာတို့က ယောဘဟာ ဒီလိုဒုက္ခဆင်းရဲတွေခံရလောက်အောင် အပြစ်လုပ်ခဲ့ရမယ်လို့ မှားယွင်းစွာ စွပ်စွဲပြစ်တင်ပြောဆိုခဲ့ကြတယ်။ ဒါဟာ ထွက်မြောက်ရာကျမ်း ၁၅:၂၆ ရဲ့ အပေါ်ယံသက်သက်အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ တိုက်ရိုက်ဆန့်ကျင်ကွဲလွဲနေတာပါ။ ဒါပေမယ့် ယောဘဝတ္ထုရဲ့ဇာတ်လမ်းရဲ့ အဆုံးမှာတော့ ဘုရားသခင်က ယောဘရဲ့ သူငယ်ချင်းတွေရဲ့ မှားယွင်းတဲ့ အတွေးအခေါ်၊ စွပ်စွဲပြောဆိုချက်တွေကို ဆုံးမတော်မူခဲ့ပါတယ် (ယောဘ ၄၂:၇)။

ဒါကြောင့် ယောဘရဲ့ ဖြစ်ရပ်က ဓမ္မဟောင်းပညတ်တော်အောက်မှာရှိသူတွေအတွက်တောင်မှ ရောဂါရခြင်း သို့မဟုတ် ဒုက္ခဆင်းရဲခြင်းဟာ အမြဲတမ်း အပြစ်အတွက် ဘုရားသခင်ရဲ့ အပြစ်ဒဏ်ခတ်ခြင်း မဟုတ်ကြောင်း သက်သေပြနေတာပါ။ နောက်ပြီး ပိုစိတ်ဝင်စားစရာကောင်းတာက ယောဘဟာ မောရှေထက် ပိုရှေးကျတဲ့ခေတ်တခေတ်မှာ အသက်ရှင်ခဲ့တဲ့ပုဂ္ဂိုလ်တဦးဖြစ်နိုင်တယ်လို့ ကျမ်းပညာရှင်အများစုက ယူဆကြပါတယ်၊ ယောဘကို ဘိုးဘေးခေတ်ကာလ (အာဗြဟံ၊ ဣဇက်နဲ့ ယာကုပ်တို့ခေတ်၊ ဘီစီ ၂၀၀၀-၁၅၀၀ ဝန်းကျင်) မှာ ရှိခဲ့တယ်လို့ သတ်မှတ်ကြတယ်။

တဖက်မှာကျတော့၊ မောရှေဟာ ဘီစီ ၁၄၀၀-၁၂၀၀ ဝန်းကျင်မှာ နေထိုင်ခဲ့ပြီး ဣသရေလလူမျိုးတွေကို အဲဂုတ္တုပြည်ကနေ ဦးဆောင်ခေါ်ထုတ်ခဲ့တယ်။ သိနာတောင်ပေါ်မှာ ပညတ်တော်ကို လက်ခံရရှိခဲ့တယ်။ ဒါကြောင့် ယောဘဟာ မောရှေနဲ့ ပညတ်တော်ကို ပေးအပ်ခြင်းမတိုင်ခင်ကတည်းက နေထိုင်ခဲ့တာကြောင့် ဖြောင့်မတ်သူတွေတောင် ဒုက္ခဆင်းရဲခံရနိုင်တယ်၊ ပြီးတော့ ဒါဟာ အမြဲတမ်း အပြစ်နဲ့ ဆက်စပ်နေတာမဟုတ်ဘူးဆိုတဲ့ ခိုင်လုံတဲ့ ကျမ်းသက်သေအထောက်အထားကို တွေ့ရပါတယ်။

ဒါက ဘာကြောင့် ယနေ့ကျွန်တော်တို့အတွက် အရေးကြီးရတာလဲ

ယောဘရဲ့ ဒုက္ခဆင်းရဲခံရခြင်းဟာ သူ့ရဲ့ မနာခံမှုကြောင့် မဟုတ်သလိုပဲ ပဋိညာဉ်သစ်ခေတ်မှာရှိတဲ့ ကျွန်တော်တို့ ယုံကြည်သူခရစ်ယာန်တွေဟာလည်း ရောဂါဘယ သို့မဟုတ် ဒုက္ခဆင်းရဲခံရခြင်းဟာ အပြစ်ရဲ့ တိုက်ရိုက်ရလဒ်မဟုတ်ကြောင်း နားလည်ရပါတယ်။ သခင်ယေရှုဘုရားဟာ မျက်စိမမြင်ဘဲ မွေးလာတဲ့သူတစ်ယောက်ကို ရောဂါပျောက်ကင်းစေခဲ့ပြီး အဲ့လိုမွေးရာပါမျက်စိကန်းနေခြင်းကလည်း ထိုသူရဲ့ အပြစ်ကြောင့်လည်း မဟုတ်၊ မိဘများရဲ့ အပြစ်ကြောင့်လည်း မဟုတ်၊ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း (ယောဟန် ၉:၃) လို့ မိန့်တော်မူခဲ့တဲ့အခါ ဒီအခြေခံမူကို အတည်ပြုခဲ့ပါတယ်။ သခင်ခရစ်တော်မှတဆင့် ပဋိညာဉ်သစ်က ဘုရားသခင်ဟာ သူ့သားသမီးတွေကို စည်းကမ်းပေးခြင်း၊ ဆုံးမပဲ့ပြင်ခြင်း လုပ်နိုင်သော်လည်း (ဟေဗြဲ ၁၂:၆) ရောဂါဆိုး၊ ဝေဒနာဆိုးဟာ အမြဲတမ်း အပြစ်ဒဏ် မဟုတ်ဘူးဆိုတာရယ်၊ ရောဂါပျောက်ကင်းခြင်းဟာလည်း ယုံကြည်ခြင်းမှတဆင့် ကျေးဇူးတော်ပေါ်မှာ အခြေခံတယ်ဆိုတဲ့အချက်က အဓိကပါပဲ (ယာကုပ် ၅:၁၄-၁၅)။

ဒါကြောင့် ကင်ဆာလိုမျိုး ရောဂါဆိုးတွေ ဖြစ်ရတာဟာ ဘုရားစကားနားမထောင်လို့ ဆိုတဲ့ မည်သည့် တရားဟောချက်မျိုးမဆို ၎င်းတို့ မှားယွင်းပြီး အန္တရာယ်များတဲ့ မေတ္တာမပါတဲ့ ဟောပြောမှုတစ်ခုလို့ သုံးသပ်နိုင်ပါတယ်။ အဲဒီလို ကင်ဆာလိုမျိုး ရောဂါဆိုးတွေ ဖြစ်ရတာဟာ ဘုရားစကားနားမထောင်လို့ ဆိုပြီးသွန်သင်ဟောပြောမှုဟာ၊ 

တစ်အချက်၊ သမ္မာကျမ်းစာနဲ့ ဆန့်ကျင်နေပါတယ်။ ယောဘရဲ့အသက်တာနဲ့ သခင်ယေရှုဘုရားရဲ့သွန်သင်ချက်တွေက စေ့စေ့စပ်စပ်ပြသထားတာကတော့ ရောဂါဘယအားလုံးဟာ ကိုယ်အပြစ်ကြောင့် မဟုတ်ကြောင်းပါ။ ယောဟန် ၉:၃ မှာ မျက်စိမမြင်ဘဲ မွေးလာတဲ့သူနဲ့ပတ်သက်ပြီး သခင်ယေရှုက “ကိုယ်အပြစ်ကြောင့်လည်း မဟုတ်၊ ကိုယ်မိဘအပြစ်ကြောင့်လည်း မဟုတ်” လို့ ရှင်းရှင်းလင်းလင်း ပြောပါတယ်။

ဒုတိယအချက်အနေနဲ့ အဲ့လိုဟောပြောမှုဟာ တရားနာသူအဖို့လည်း အန္တရာယ်ရှိနိုင်ပါတယ်။ နောက်ဆက်တွဲသက်ရောက်မှုတွေကတော့ ရောဂါခံစားရသူတွေရဲ့ စိတ်ဒဏ်ရာကို ပို၍ဆိုးရွားစေပါတယ်။ ကင်ဆာလိုရောဂါနဲ့ ရင်ဆိုင်နေရတဲ့သူတွေဟာ ကိုယ်ခန္ဓာရောဂါအပြင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း၊ ရှက်ရွံ့ခြင်းတို့ကိုပါ ထပ်မံခံစားရစေမှာပါ။ အဲ့လိုဝေဒနာရှင်တွေကို ဆေးဝါးကုသမှုကနေ ရှောင်ကွင်းစေခြင်း သို့မဟုတ် နောက်ကျမှ ကုသမှုခံယူအောင် နှောင့်နှေးစေခြင်းမျိုးဖြစ်စေနိုင်ပါတယ်။ “ဒီရောဂါဆိုးတွေက ကျွန်တော်၊ ကျွန်မရဲ့ အပြစ်ကြောင့်ဖြစ်တဲ့အတွက် ဆေးမသောက်တော့ဘဲ ဆုတောင်းခြင်းနဲ့ပဲ ကုသပါတော့မယ်ကွာ” လို့ အယူအဆမှားတွေ ဝင်စေနိုင်ပါတယ်။ အဆိုးဆုံးက ဘုရားသခင်ကို မှားယွင်းစွာရှုမြင်စေနိုင်ပါတယ်။ ကျွန်တော်တို့ အစိုးရိမ်ဆုံးက ဒီအချက်ပါ။ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တစ်ယောက် ပြင်းထန်တဲ့ရောဂါနဲ့ ရင်ဆိုင်နေရတဲ့သူတွေဟာ ဘုရားသခင်ကို ကြင်နာမေတ္တာမဲ့သူ၊ ပြစ်ဒဏ်ခတ်ချင်နေသူအဖြစ် မှားယွင်းစွာမြင်စေနိုင်ပါတယ်။ ဒါ့အပြင် သခင်ခရစ်တော်ရဲ့သွန်သင်ချက်က ကိုယ်ချင်းစာတရား၊ ကရုဏာနဲ့ နှစ်သိမ့်ခြင်းကို ထင်ဟပ်စေရပါမယ်။ သခင်ယေရှုဘုရားဟာ နာမကျန်းသူတွေကို သူတို့ရဲ့ အပြစ်အကြောင်း မေးခွန်းထုတ်ဖို့ထက် ရောဂါပျောက်ကင်းစေဖို့ ပို၍စိတ်ဝင်စားခဲ့ပါတယ်။

ခရစ်ယာန်ယုံကြည်ချက်ရဲ့ အဓိကအချက်က ဘုရားသခင်ဟာ ကျွန်တော်တို့နဲ့ ဆင်းရဲဒုက္ခရှိနေခြင်းမှာ အတူပါရှိတော်မူနေပြီး ကျွန်တော်တို့ကို နှစ်သိမ့်ခြင်း၊ ကြံ့ခိုင်ခြင်းနဲ့ ကျေးဇူးတော်ကို ပေးအပ်ကြောင်း နားလည်ဖို့ ဖြစ်ပါတယ်။ ကင်ဆာလိုရောဂါတွေ ခံစားနေရတဲ့သူတွေအတွက် တရားဟောချက်တွေမှာ၊ အပြစ်တင်ခြင်းအစား ထောက်ပံ့မှုနဲ့ နှစ်သိမ့်ခြင်းကို ပေးသင့်ပါတယ်။ ဘုရားသခင်ဟာ သူတို့ရဲ့စိတ်ဒုက္ခကို နားလည်ပြီး သူတို့နဲ့အတူ ခံစားနေကြောင်း အလေးထားပြောသင့်ပါတယ်။ “ယောဘ” ကိုလိုပဲ ဘုရားသခင်ဟာ တခါတရံ အဖြေရှာရခက်တဲ့ အခြေအနေတွေထဲ သွားဖို့ခွင့်ပြုသော်လည်း အမြဲတမ်း ကျွန်တော်တို့နဲ့အတူ ရှိနေတယ်ဆိုတဲ့အချက်ကို အလေးထားသင့်ပါတယ်။ ဒီလိုပုံစံမျိုးဖြင့် ဟောပြောတာက ဖြောင့်မတ်ပြီး ခရစ်တော်ရဲ့သွန်သင်ချက်နဲ့ ကိုက်ညီမှုရှိပါတယ်။

နိဂုံးချုပ် – ထွက်မြောက်ရာကျမ်း ၁၅:၂၆ ကို ယနေ့ဘယ်လိုအသုံးချကြမလဲ?

၁။ ဘုရားသခင်ကို နာခံခြင်းဟာ ကောင်းချီးတွေကို ယူဆောင်လာတယ်ဆိုတာ သွန်သင်ပါတယ်။ ရောဂါအားလုံးကို ရှောင်ရှားလို့ရတာမဟုတ်ဘဲ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ ပေးသနားခြင်းမှာ နေထိုင်ခြင်းဖြစ်ပါတယ်။

၂။ ဘုရားသခင်ဟာ ယနေ့တိုင် ရောဂါပျောက်ကင်းစေတယ်၊ ဒါပေမယ့် မောရှေအားဖြင့် ပေးခဲ့တဲ့ ပညတ်တွေကို တသွေမတိမ်းနာခံလိုက်လျှောက်၊ ကျင့်ကြံအားထုတ်ခြင်းအပေါ်မှာ အခြေခံတာမဟုတ်ဘဲ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်း၊ သခင်ဘုရားကို နာခံခြင်းအပေါ်မှာသာ အခြေခံတာပါ။

၃။ ကျွန်တော်တို့ဟာ ကျေးဇူးတော်ရဲ့ ပဋိညာဉ်သစ်အောက်မှာ ရှိနေလို့ ပဋိညာဉ်ဟောင်းရဲ့ အခြေအနေပေါ်မူတည်တဲ့ ကောင်းချီးမင်္ဂလာများနဲ့ ကျိန်စာများကို လိုက်နာစရာမလိုတော့ပါဘူး။ မက်မောနေစရာ၊ ကြောက်ရွံ့နေစရာလည်း မလိုတော့ပါဘူး။

ဒါကြောင့် ဒီကျမ်းချက်က ဘုရားသခင်ရဲ့ သဘောသဘာဝတော်ဟာ အနာရောဂါကို ငြိမ်းစေတော်မူသောသူဖြစ်ကြောင်းနဲ့ နာခံခြင်းရဲ့ အရေးပါမှုကို ဖော်ပြပေမယ့်လည်း ယနေ့ခေတ်မှာ ရောဂါရခြင်းဟာ အမြဲတမ်း ကိုယ့်အပြစ်ကြောင့် သို့မဟုတ် မနာခံခြင်းကြောင့်ဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ မရပါဘူး။ အဲ့ဒီအစား ကျွန်တော်တို့ရဲ့ အပြစ်တွေကို ထမ်းဆောင်ခဲ့ပြီး စိတ်ဝိညာဉ်ပိုင်းဆိုင်ရာနဲ့ တစ်ခါတစ်ရံ ကိုယ်ခန္ဓာပိုင်းဆိုင်ရာပါ ရောဂါပျောက်ကင်းစေတော်မူတဲ့ သခင်ခရစ်တော်ကို ယုံကြည်ကိုးစားလျက်၊ ချစ်မြတ်နိုးလျက် ခရစ်ယာန်အသက်တာကို လျှောက်လှမ်းရမှာပါ။ ခရစ်ယာန်တယောက်အနေနဲ့ တရားဒေသနာတပုဒ်ကို နာတဲ့အခါ ပုဂ္ဂိုလ်စွဲမထားဘဲ ကိုယ်နာနေတဲ့တရားဒေသနာဟာ စစ်လား၊ မစစ်သလား၊ မှန်လား၊ မှားလားဆိုတာကို ဗေရိမြို့သားတွေလိုမျိုး ကျမ်းစာနဲ့အစဉ် စေ့စေ့ကြည့်ရှုစီရင်ကြဖို့ဖြစ်ပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ တရားဟောဆရာ၊ ဆရာမ ဟောတာပဲဖြစ်နေပါလေစေ၊ ကိုယ် ဘယ်လောက်ကြည်ညိုလေးစားရတဲ့သူက ဟောတာပဲဖြစ်နေပါလေစေ၊ ထိုသူများဟာ သခင်ယေရှုခရစ်တော်ဘုရားရဲ့ တမန်တော်မြတ်ကြီး ရှင်ပေါလုတို့လောက်တော့ မကြီးမြတ်ကြပါဘူးဗျာ။ ထိုတမန်တော်တွေတောင် ကျမ်းစာနဲ့ judge လုပ်ခံရတာပါ။ အားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်သည် ကျွန်တော်၊ ကျွန်မတို့အား သမ္မာကျမ်းစာအား အကြောင်းအရာ လွဲမှားစွာအဓိပ္ပါယ်ဖွင့်ဆိုမိခြင်းအန္တရာယ်မှ  ကွယ်ကာစောင့်ရှောက်တော်မူပါစေ။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတဆူ ထာဝရဘုရားသခင်သည် ယခုမှစ၍ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူပါစေသတည်း။ အာမင်။

“ညအခါ ညီအစ်ကိုတို့သည် ပေါလုနှင့် သိလကို ဗေရိမြို့သို့ ချက်ချင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားဇရပ်သို့ ဝင်ကြ၏။- ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။– ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမတို့နှင့် ယောက်ျားအများတို့သည်လည်း ယုံကြည်ကြ၏။”

တမန်တော် ၁၇:၁၀-၁၂

“နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။- အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။- သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။- သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။- ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှတို့မှ ငါ့ကိုကယ်နုတ်၍၊ မိမိကောင်းကင်နိုင်ငံတော်သို့ တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူ ရှိတော်မူပါစေသော။ သင်၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ တိမောသေဩဝါဒစာဒုတိယစောင်ပြီး၏။”

(တမန်တော်မြတ်ကြီး ရှင်ပေါလု)

၂ တိမောသေ ၄:၂-၅,၁၈,၂၂