Skip to content

ခရစ်ယာန်အိမ်ထောင်နှင့် ခရစ်ယာန်မိသားစု စံတန်ဖိုးများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း

သခင်ယေရှုခရစ်တော်ဘုရားကို သက်ဝင်ယုံကြည်ကိုးကွယ်သူ “ခရစ်ယာန်” များအတွက် သုံးပါးတဆူထာဝရဘုရားထံတော်မှသော်လည်းကောင်း၊ သခင်ခရစ်တော်ဘုရားရဲ့ တပည့်တော်သာဝက တမန်တော်မြတ်ကြီးများမှသော်လည်းကောင်း လိုက်နာကျင့်သုံး၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ခရစ်ယာန်အိမ်ထောင်နဲ့ ခရစ်ယာန်မိသားစု စံတန်ဖိုးတွေကို ပညတ်တော်ထားကာ စည်းစနစ်တကျ သတ်မှတ်ပေးခဲ့ကြပါတယ်။ သခင်ဘုရားနဲ့ တမန်တော်ကြီးတွေ ချမှတ်ပေးခဲ့တဲ့ စံတန်ဖိုးတွေဟာ အပေးအယူလုပ်ပြီး စျေးစစ်လို့ရတဲ့ ပေါက်လွှတ်ပဲစားစံနှုန်းတွေ၊ အပေါစားစံတန်ဖိုးတွေ မဟုတ်ပါဘူး။ Non-compromisable / Non-negotiable Christiain values တွေပါ။ ဓမ္မဒိဌန်ကျတဲ့ (Objective moral values) လူ့ကျင့်ဝတ်စံနှုန်းတွေ ဖြစ်ပါတယ်။ ခရစ်တော်ဘုရားကို ယုံကြည်သက်ဝင်ကိုးကွယ်ပါတယ်ဆိုတဲ့ ခရစ်ယာန်တွေဟာ အဲ့ဒီ စံတန်ဖိုးတွေကို ယုံကြည်လက်ခံကာ ထိုစံနှုန်းအတိုင်း လိုက်လျှောက်အသက်ရှင်ဖို့လိုသလို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့လည်း လိုပါတယ်။ ကျွန်ုပ်သည်လည်း ကိုယ်တိုင် အိမ်ထောင်သည်ဖြစ်ရုံသာမက ကျန်းမာတဲ့ခရစ်ယာန်အိမ်ထောင်အခြေအနေတခုကို ဘုရားသခင်ရဲ့စောင်မပို့ဆောင်မှုအားဖြင့် ကောင်းစွာထိန်းသိမ်းထားနိုင်နေဆဲဖြစ်သူမို့ ဒီလိုအကြောင်းအရာတွေကို ဝေဖန်ရေးသား၊ ထောက်ပြပြောဆိုဖို့ရန် qualify ဖြစ်တယ်လို့ ယူဆပါတယ်။ အောက်မှာ ဖော်ပြမယ့် အရာများကို ခရစ်ယာန်ဘာသာဝင်တွေရော၊ ခရစ်ယာန်ဘာသာဝင် မဟုတ်သူ၊ ဘာသာခြားဓမ္မမိတ်ဆွေတွေရော ဖတ်ရှုနိုင်ပါတယ်။

ခရစ်ယာန်အိမ်ထောင်နှင့်မိသားစု စံတန်ဖိုးတွေက ဘာလို့ ဓမ္မဒိဌန်ကျပြီး စျေးစစ်လို့ မရတာလဲ ?

ဘာလို့ဆို ဒီစံတန်ဖိုးတွေက ဘုရားရှင်ကိုယ်တော်တိုင်ကသော်လည်းကောင်း၊​ ကိုယ်တော်တိုင်က အခွင့်အာဏာအပ်နှင်းပေးထားတဲ့ တမန်တော်ကြီးတွေကသော်လည်းကောင်း အခိုင်အမာ ချမှတ်ပေးထားခဲ့လို့ပေါ့။ နောက်ပြီး ဒီစံတန်ဖိုးတွေက ခေတ်ကာလဘယ်လောက်ပြောင်းပြောင်း လိုက်မပြောင်းဘဲ အမြဲတသမတ်တည်းရှိနေတာမျိုးပေါ့။ ဘယ်ကျင့်ဝတ်ကတော့ ကောင်းတယ်၊ ဘယ်ဟာကတော့ ကျင့်ဝတ်နဲ့ မညီဘူးဆိုတာတွေကို ဘက်မလိုက်တမ်း တိုင်းတာဆုံးဖြတ်နိုင်ဖို့က သူ့အမြင် (your opinion)၊​ ကိုယ့်အထင် (my perspective) တွေထက် အထင်အမြင်အမျိုးမျိုးရဲ့ အထက်မှာ ရှိနေတဲ့  ဓမ္မဒိဌန်ကျသော ထာဝရဘုရားရဲ့နှုတ်ကပတ်တော် ဟာ အမြင့်ဆုံးစံနှုန်းဖြစ်နေမှရပါလိမ့်မယ်။ မဟုတ်ရင် တယောက်တပေါက်နဲ့ အရေးမပါ၊ အကျိုးမရှိ၊ အလုပ်မတွင်ပါဘူး။ နောက်ပြီး ခေတ်တွေတခေတ်ပြီးတခေတ်သာပြောင်းသွားတယ်၊ လိုက်ပြောင်းလဲခြင်းမရှိတဲ့ ဒီခရစ်ယာန်စံတန်ဖိုးတွေကို အသက်၊ သွေး၊ ချွေးရင်းပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးခဲ့၊ ပေးနေ၊ ပေးဦးမှာ ဘယ်သူတွေလဲ။ အသင်းတော်ပဲပေါ့။ ဒါကြောင့်ပဲ သခင်ခရစ်တော်နဲ့ တမန်တော်မြတ်ကြီးတွေက မရဏနိုင်ငံရဲ့ တံခါးတို့ပင် မနိုင်ရာ ထိုအသင်းတော်မြတ်ကြီးကို တည်ထောင်ပေးခဲ့တာ မဟုတ်ပေဘူးလား။ 

မြင်သာအောင် “ခေတ်ကာလအပိုင်းအခြား” ကို အိမ်ထောင်၊ မိသားစုကို တိုင်းတာတဲ့ စံနှုန်းအဖြစ် စိတ်ကူးယဉ်သတ်မှတ်ကြည့်ရအောင်။

လူ့သမိုင်းမှာ ခေတ်ကာလအပိုင်းအခြားတွေအမျိုးမျိုးရှိခဲ့တယ်။ ဥပမာ “လိင်တူချင်း သံဝါသပြုခြင်းကို တရားဝင်လက်ခံတဲ့ခေတ်” ၊ တချို့က ဒီဟာကို အသစ်အဆန်းတွေလုပ်ပြီး အိုဘာမားလုပ်မှပဲ မနေ့တနေ့က ပေါ်လာတဲ့ခေတ်လိုလို ရေးကြီးခွင်ကျယ်ပြောနေကြတာကိုတွေ့ရမယ်၊ ဒါတွေက သမိုင်းမသိတဲ့ ငအတသိုက်တွေမှာ အတွေ့အများရတဲ့ ဘဝင်မြင့်ရောဂါလက္ခဏာတွေ။ ဒီလို လက္ခဏာမျိုးကို conservative values တွေကို တန်ဖိုးမထား၊ ဖျက်လိုဖျက်ဆီးလုပ်နေကြတဲ့ far-left & Liberal Woke extremists တွေမှာ မြင်တွေ့ရမယ်။ တကယ်က လူ့သမိုင်းမှာ ဒီကိစ္စတွေက အရင်ဖြစ်ပြီးသားတွေပဲ ပြန်ဖြစ်နေတာ။ ဒါကြောင့်ပဲ “History repeats itself” ဆိုတဲ့ ဆိုရိုးစကားတောင်ဖြစ်လာတယ် မဟုတ်လား။ လိင်တူချင်း သံဝါသပြုခြင်းကိစ္စတွေကို ထမင်းစား၊ ရေသောက်သဘောမျိုး တရားဝင်လက်ခံတဲ့ လူမှုအသိုင်းအဝိုင်းခေတ်ကာလတွေက ဟိုးပဝေသဏီ နတ်ဘုရားအများကိုးကွယ်တဲ့ pagan ဂရိ၊ ရောမခေတ်ကတည်းက ရှိခဲ့တယ်။ အသစ်အဆန်းတခုမှ မပါ။ ဒါကြောင့်ပဲ တမန်တော်မြတ်ကြီးရှင်ပေါလုရဲ့ ဩဝါဒစာစောင်တွေမှာ၊ အထူးသဖြင့် ရောမဩဝါဒစာ၊ ကောရိန္သုဩဝါဒစာ၊ တိမောသေဩဝါဒစာစောင်တွေမှာ မတရားသောမေထုန်၌မှီဝဲခြင်း၊ ယောက်ျားချင်း၊ မိန်းမချင်း မေထုန်ကိုပြုခြင်းစတဲ့ ရွံရှာဖွယ်ရာ အပြစ်စရိုက်လက္ခဏာတွေကို သမရိုးကျ (traditional) လိင်ကွဲအိမ်ထောင် (straight) တွေကိုလည်း ဆုံးမထားတဲ့ သူ့မယားကို မပြစ်မှားရ၊ အရက်သေစာ မသောက်ကြူးရစတဲ့ အပြစ်စရိုက်လက္ခဏာနဲ့ category တခုတည်းထားပြီး ဆုံးမတားမြစ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ယနေ့ခေတ် အသင်းတော်တွေမှာ လိင်တူလက်ထပ်ထိမ်းမြားခြင်းကို လက်သင့်ခံသင့်၊ မသင့်ဆိုတာ အစည်းအဝေးကောင်စီတွေလုပ်ပြီး ထည့်သွင်းစဉ်းစားရမယ့်အရာတွေတောင် မဟုတ်ဘူး။ ဒါတွေကတော့ “ခရစ်တော်ဘုရားရဲ့ စက္ကရမင်တူး/အသင်းတော်မင်္ဂလာဝတ် (sacrements) တွေကို ဆန့်ကျင်နေတယ်ဟေ့၊ လက်ခံလို့မရဘူးနော်” ဆိုပြီး ပြတ်ပြတ်သားသား ဆုံးမသွန်သင်ရမယ့်ဟာကို ဘယ့်နှယ် ငါတို့ ဘုရားကျောင်းမှာ လိင်တူလက်ထပ်ခွင့် ပေးသင့်၊ မပေးသင့်စဉ်းစာကြရအောင် လုပ်နေတာမျိုးတွေက ခရစ်တော်သခင်နဲ့ တမန်တော်ကြီးတွေကို ပမာမခန့်လုပ်နေတာနဲ့အတူတူပဲလေ။ 

နောက်တမျိုးတစားက ခရစ်ယာန်ဘာသာဝင်တယောက်က မယုံကြည်သူ ဘာသာခြားနဲ့ ယူနိုင်တယ်၊ မယူနိုင်ခြင်းကို ဘုရားသခင့်နှုတ်ကပတ်တော်စံနှုန်းကြောင့်မဟုတ်ဘဲ  အိမ်​ထောင်​ရေးအဆင်​ပြေ၊ မ​ပြေဆိုတဲ့အချက်ကို စံနှုန်းအဖြစ်ထားပြီး တိုင်းတာတဲ့ပြဿနာကိုပြောပြမယ်။ ခရစ်ယာန်ဘာသာမှာ မညီသောထမ်းပိုးကို မထမ်းဖို့ (ဘာသာခြားနဲ့ အိမ်ထောင်မပြုဖို့) ပညတ်ထား ဆုံးမထားပါတယ်။ သဘောကတော့ မလိုလားအပ်တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်တွေရှိလာနိုင်လို့ မဖြစ်ခင်က ကြိုတင်တားမြစ်တဲ့သဘောပဲ။ ကိုယ့်မှာ တိုက်ရိုက်အကျိုးသက်ရောက်မှုမရှိရင်တောင် နှစ်ဘက်ဆွေမျိုး၊ ကိုယ့်သားသမီးမှာ သက်ရောက်မှုရှိလာနိုင်တယ်။ လက်ထပ်တယ်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး။ လူနှစ်ယောက်တည်းနဲ့ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။ နှစ်ဘက်အသိုင်းအဝိုင်းဆိုတာရှိလာတယ်။ လူမှုဝန်းကျင့်ဖိအားတွေရှိလာနိုင်တယ်။ ဒါကြောင့် မလိုလားအပ်တာတွေမဖြစ်ဖို့ သတိပေးတားမြစ်တဲ့သဘောပဲ။ မဟုတ်ရင် ကိုယ်ပါ ယုံကြည်ခြင်းသင်္ဘောပျက်ပြီး ကိုယ့်ဝိညာဉ်ပါ ထာဝရလမ်းလွဲသွားနိုင်တဲ့အန္တရာယ်ရှိနိုင်တယ်။ ကိုယ့်သဘောနဲ့ကိုယ်တခြားလမ်း ရွေးရင်တော့ ကိုယ်ဖြစ်ကိုယ်ခံပေါ့။
ခရစ်ယာန်ဘာသာဝင်တယောက်က မယုံကြည်သူ ဘာသာခြားနဲ့ ယူနိုင်တယ်၊ မယူနိုင်ခြင်းကို ဘာသာခြားနဲ့ယူတဲ့သူတွေရဲ့ အိမ်​ထောင်​ရေးအဆင်​ပြေ၊ မ​ပြေဆိုတဲ့အချက်နဲ့ သွားတိုင်းတာမိရင် အ​မေ နဲ့ သားပြန်ယူတာတို့၊ မောင်နှမတဝမ်းကွဲချင်းပြန်ယူပြီး  အိမ်​ထောင်​​ရေး အဆင်​ပြေနေတယ်ဆိုရင်ရော လက်သင့်ခံရမှာလား။ မခံကြဘူးမလား။ ဘာလို့လဲ .. ဒီအိမ်ထောင်ရေးကိစ္စတွေက အိမ်​ထောင်​ရေးအဆင်​ပြေ၊ မ​ပြေဆိုတဲ့အချက်နဲ့ တိုင်းတာလို့ရတာမဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပတ်တော်စံနှုန်းနဲ့ပဲ “သင့်၏၊ မသင့်၏” ကို တိုင်းတာဆုံးဖြတ်မှရလို့ပဲဖြစ်ပါတယ်။ အကယ်လို့ ခေတ်ကြီးက အမေနဲ့သား၊ အဖေနဲ့သမီး၊ မောင်နှမချင်းကို ယူခွင့်ရှိတဲ့ society တခုဖြစ်နေတယ်ဆိုရင်ရော ? That’s the problem of following the trend, not The Way.

နောက်တချို့ကတော့ ဒီနေ့ ခေတ်က “interfaith” ခေတ်ရောက်နေပြီဆိုတာကလည်း ရှိတတ်တယ်။ အဲ့ဒါနဲ့ မညီသောထမ်းပိုးမထမ်းဖို့ သတိပေးထားတာနဲ့ ဘာဆိုင်လဲ။ “interfaith” ခေတ်ကြီးရောက်နေပြီမို့ ဒါမျိုးတွေပြောနေတာ ဘာသာခြားတွေကို စိတ်အနှောင့်အယှက် offended ဖြစ်စေလို့ ဒါတွေက ဒီခေတ်ကြီးမှာ မပြောသင့်တော့ဘူး ဘာညာပေါ့။ ဒါတွေက တကယ်တမ်းကျ အဲ့ဒီ so called “interfaith” သမားတွေမှာ အပြောနဲ့အလုပ် ရှေ့နောက်မညီတာတွေ အများကြီးရယ်။ တကယ်တမ်းသာ “interfaith” ကို လက်ခံတယ်ဆိုရင် “မညီသော ထမ်းပိုးကို မထမ်းဖို့ဆုံးမထားတဲ့ ခရစ်ယာန်စံတန်ဖိုး”တွေကိုလည်း offended ဖြစ်တယ်လို့မမြင်ဘဲ ကြည်ဖြူစွာလက်ခံပေးရမှာ မဟုတ်ဘူးလား။ Interfaith ဆိုတာဘာလဲ။ တကယ်ရော သိရဲ့လား၊ နားလည်ရဲ့လားဆိုတာ မေးစရာရှိလာပြန်တယ်။

ဘာသာပေါင်းစုံဆိုင်ရာယဉ်ကျေးမှု (Interfaith culture) ဆိုတာ မတူညီတဲ့ ဘာသာတရားများနဲ့ ယုံကြည်မှုစနစ်များကြား လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးတဲ့ ယဉ်ကျေးမှုတခုသာဖြစ်ပါတယ်။ Interfaith မှာ ဘာသာပေါင်းစုံဆွေးနွေးပွဲတွေ၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရရှိရန် ဆုတောင်းပွဲတွေနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ပါတယ်။ အဲ့ဒါကိုပဲ interfaith လို့ခေါ်တာပါ။ ဒီထဲမှာ ထင်ရှားတဲ့သမိုင်းတခုဆိုရင် Edict of Milan လို့ခေါ်တဲ့ ဧကရာဇ် ကွန်စတန်တိုင်းနဲ့ လီစီနီးယပ်စ်တို့က ခရစ်နှစ် ၃၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ “မီလန်ထုတ်ပြန်ကြေငြာချက်” ပဲ။ မီလန်ထုတ်ပြန်ကြေညာချက်က ဘာသာပေါင်းစုံဆိုင်ရာယဉ်ကျေးမှုရဲ့ စောစောပိုင်းလက္ခဏာတစ်ခုလို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် ခေတ်ဟောင်း ပါရှန်းအင်ပါယာ၊ ဧကရာဇ် ဆိုင်းရပ်စ် (ကုရုမင်းကြီး) (Cyrus the Great) လက်ထက်မှာလည်း interfaith culture ကို စတင်ကျင့်သုံးခဲ့ဖူးတယ်။ အိန္ဒိယသမိုင်းမှာလည်း မင်းဆက်အမျိုးမျိုး၊ အထူးသဖြင့် မဟာရာဇာ အရှိုက (Ashoka the Great) နဲ့ မူဂါမင်းဆက် အက်ဘာ (Akbar) တို့လက်ထက်တွေတုန်းက ဘာသာပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ဖူးတယ်။  ဒါကြောင့် ဒါတွေက ဒီနေ့မှပေါ်လာတဲ့ ရေးကြီးခွင်ကျယ် culture တခု မဟုတ်၊ အသစ်အဆန်းတခုမှ မပါ။ လူ့သမိုင်းမှာ ဟိုးအရင်ကလည်း ဒီ culture ရှိခဲ့ပြီးဖြစ်ပါတယ်။ နောက်တခုက သခင်ခရစ်တော်ရဲ့ တရားတော်က ခေတ်ပြောင်းတိုင်း လိုက်ပြောင်းပါသလား။ ခေတ်ပြောင်းတိုင်း လိုက်ပြောင်းကြေးဆို “ဘုရား” က “ဘုရား” မဟုတ်တော့ဘဲ “ခေတ်” ဆိုတာကြီးက “ဘုရား” ဖြစ်နေရောပေါ့။ ဒါကြောင့်ပဲ သခင်ဘုရားနဲ့ တမန်တော်ကြီးတွေ ချမှတ်ပေးခဲ့တဲ့ အိမ်ထောင်မိသားစုနဲ့ပတ်သက်တဲ့ ခရစ်ယာန်စံတန်ဖိုးတွေဟာ အပေးအယူလုပ်ပြီး စျေးစစ်လို့ရတဲ့ ပေါက်လွှတ်ပဲစားစံနှုန်းတွေ၊ အပေါစားစံတန်ဖိုးတွေ မဟုတ်ဘူးလို့ အထပ်ထပ်ပြောနေရတာ၊ ထိန်းသိမ်းကာကွယ်နေရတာ။ Non-comprimisable / Non-negotiatable Christiain values တွေပါ။ ဓမ္မဒိဌန်ကျတဲ့ (Objective moral values) လူ့ကျင့်ဝတ်စံနှုန်းတွေ ဖြစ်တယ်လို့ပြောနေရခြင်းဖြစ်ပါတယ်။

အိမ်ထောင်မပြုရသေးသော ခရစ်ယာန်များအတွက် ပညတ်

သခင်ခရစ်တော်နဲ့ တမန်တော်တွေ ချထားပေးတဲ့ ပညတ်တော်တွေအရ ယုံကြည်သူတယောက်က ညီသောထမ်းပိုးကိုသာ ထမ်းရမယ်လို့ ပြောပြီးသားပါ။ အိမ်ထောင်ဘက်ကို ရွေးချယ်တဲ့အခါ ဘာသာတူသူကို ဦးစားပေးစဉ်းစားရွေးချယ်ဖို့ဖြစ်ပါတယ်။ မညီသောထမ်းပိုးထမ်းတာ မသင့်တော်ဘူးဆိုတာ တမန်တော်ကြီး ရှင်ပေါလုကိုယ်တိုင် ပြောထားတာ။ ဒါကြောင့် တမန်တော်မြတ်ကြီးတွေက မသင့်တော်ပါဘူးဆိုတာကို ဘာလို့ အတင်းဇွတ်သင့်တော်၊ ဇွတ်ကောင်းစေချင်ရပါ့မလဲ။ ကျွန်တော်တို့တွေက ဘာတွေမို့လို့လဲ။ ဘာအခွင့်အာဏာရှိလို့လဲ။ သခင်ခရစ်တော်ဘုရားဆီကနေ အာဏာတော်တိုက်ရိုက်အပ်နှင်းခြင်းခံထားရလို့လား။ မညီသောထမ်းပိုးကို မထမ်းနဲ့လို့ ပညတ်ထားတဲ့နေရာမှာ ဘာသာမတူတဲ့သူနဲ့ယူတာနဲ့ပဲ အိမ်ထောင်ရေးက သာယာမှာ မဟုတ်တော့ဘူးတို့၊ ဘာသာသူခရစ်ယာန်ချင်းယူတာနဲ့ပဲ အိမ်ထောင်ရေးက အမြဲသာယာစိုပြေနေမှာတို့ အဲ့လို ဘာတခုမှ သမ္မာကျမ်းစာကလည်း ကတိမပေးထားပါဘူး။ ဘာသာခြားနဲ့ယူပြီး အိမ်ထောင်ရေးအဆင်ပြေတဲ့အိမ်ထောင်လည်း ရှိမှာပဲ၊ ဘာသာသူ ခရစ်ယာန်ချင်းယူပြီး အိမ်ထောင်ရေးအဆင်မပြေ၊ တိုင်ပတ်နေတဲ့အိမ်ထောင်တွေလည်း ဒုနဲ့ဒေး ရှိမှာပဲ။ နားလည်ရမှာက၊ ဒီပညတ်က အဓိကအားဖြင့်၊ ခရစ်ယာန်ယုံကြည်သူတွေကို ဆုံးမပေးနေတဲ့အရာက ဘာသာခြားနဲ့ယူမိလို့ ဖြစ်လာနိုင်မယ့် မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကြိုတင်ကာကွယ်ပေးတဲ့သဘောပဲ။ Potential/Prospective issue ကို ကာကွယ်ပေးထားတဲ့သဘောပဲ။ Issue သေချာပေါက်ကြီးရှိလာမယ်လို့လည်း မပြောထားပါဘူး။ သို့သော် ဘာသာခြားနဲ့ယူမိလို့ ပြဿနာအကြီးအကျယ်တက်၊ ကွဲပြဲစုတ်ပြတ်၊ သားသမီးတွေ တကွဲတပြားဖြစ်၊ မျက်နှာငယ်နေရတဲ့ true story တွေမှ အများကြီးပဲ။ ဒီပညတ်ကို မလိုက်နာနိုင်ခဲ့မိလို့ ဘာသာခြားနဲ့ယူထားမိပါပြီ။ ခရစ်ယာန်တယောက်အနေနဲ့ ဘယ်လိုလုပ်ရမလဲ။ အဲ့အတွက် ပညတ်ချက်တွေ၊​ ဆုံးမဩဝါဒတွေကိုလည်း တမန်တော်ကြီးတွေက စနစ်တကျ ချမှတ်ပေးထားပေးပြီးသားပါ။

ဘာသာခြားနဲ့ အိမ်ထောင်ပြုလျက်သားဖြစ်နေသော ခရစ်ယာန်များအတွက် ပညတ်

မညီသောထမ်းပိုးကို မထမ်းပါနဲ့လို့ ပညတ်ထားပေမယ့်လို့ အိမ်ထောင်နဲ့ ပတ်သက်ပြီး နောက်ထပ်ပညတ်တမျိုးလည်း သခင်ခရစ်တော်ရဲ့ တမန်တော်မြတ်ကြီးတွေက ပေးထားပါသေးတယ်။

အဲ့ပညတ်မှာ ဘာပြောထားလဲဆိုရင် အကယ်လို့ မညီသောထမ်းပိုး ထမ်းမိလျက်သားကြီးဖြစ်နေရင်လည်း ရတယ်၊ အိမ်ထောင်မကွဲရဘူး။ ကွဲစရာမလိုဘူး။ ယုံကြည်သူတယောက်က အိမ်ထောင်ကို သေသည့်တိုင် သစ္စာစောင့်ရမယ်။ ဘာသာခြား ကိုယ့်လက်တွဲဖော်ကို ချစ်ရမယ်၊ ရိုသေရမယ်၊ ပြောထားပြီးသား။

တမန်တော်ကြီးတွေက ဒီလိုမှာထားတယ်။ ကိုယ့် လက်တွဲဖော်က မယုံကြည်သူဖြစ်နေရင် သူ့အရှေ့မှာ ကောင်းသောအကျင့်ကို ကျင့်ပြီး ကိုယ်ကစပြီး ဘုရားဘုန်းထင်ရှားအောင်နေပါတဲ့။ အဲ့လိုနဲ့ ကိုယ့်လက်တွဲဖော်သည်လည်း ကယ်တင်ရှင် သခင်ခရစ်တော်ကို လက်ခံပြီး ထိုသူဝိညာဉ်ကယ်တင်ခြင်းရကောင်းရနိုင်မယ်တဲ့ ပြောထားပြီးသားပါ။ ဒါမျိုးတွေကို လက်တွေ့ဘဝမှာအများကြီးတွေ့ရတယ်။ မိန်းမရဲ့အသက်တာအားဖြင့်သော်လည်းကောင်း၊ ယောကျာ်းရဲ့ ပုံသက်သေအားဖြင့်သော်လည်းကောင်း၊ ခရစ်ယာန်ဘာသာစံတန်ဖိုးတွေကို မြည်းစမ်းလေ့လာရင်း သခင်ခရစ်တော်ကို ယုံကြည်သက်ဝင်လာတဲ့ဘာသာခြားတွေအများကြီး ရှိပါတယ်။ ဒါကြောင့်ပဲ ညီသောထမ်းပိုးထမ်းလို့ရတယ်၊ မရဘူးဆိုတာ အိမ်ထောင်ရေး အဆင်ပြေ၊ မပြေဆိုတဲ့အချက်တွေ၊ တည်မြဲမှုမရှိတဲ့ ခေတ်ကာလအပိုင်းအခြားတွေနဲ့ လျှောက်တိုင်းတာလို့ မရဘူး။ သမ္မာကျမ်းစာထဲက ခရစ်ယာန်စံနှုန်းနဲ့ပဲ တိုင်းတာလို့ရတယ်လို့ ပြောနေရတာ။

ထိုနည်းတူ အမျိုးသမီး​တစ်စုံ​တစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​ရှိ​၍ ထို​ယောက်ျား​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​ယောက်ျား​နှင့်​မ​ကွာ​စေ​နှင့်။ ❌

အကြောင်းမူကား ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိမိ​မယား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ ယုံကြည်​သူ​မ​ဟုတ်​သော​မယား​သည်​လည်း မိမိ​လင်​ယောက်ျား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ သို့မဟုတ်​လျှင် သင်​တို့​၏​သားသမီး​တို့​သည် ညစ်ညူး​ကြ​လိမ့်မည်။ သို့သော် ယခု သူ​တို့​သည် သန့်ရှင်း​ကြ​၏။ 

သို့ရာတွင် မ​ယုံကြည်​သူ​ဖက်​မှ ကွဲကွာ​လို​လျှင် ကွဲကွာ​ပါ​စေ။ ✅

ထိုသို့​သော​အခြေအနေ​မျိုး​တွင် ယုံကြည်​သူ​ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ အနှောင်အဖွဲ့​ကင်း​၏။ 

ဘုရားသခင်​သည် သင်​တို့​အား ငြိမ်းချမ်း​မှု​ရရှိ​စေရန် ခေါ်ယူ​တော်မူ​၏။ အသင်​မိန်းမ၊ သင်​သည် မိမိ​လင်​ယောက်ျား​ကို ကယ်တင်​မည်​မ​ကယ်တင်​မည်​ကို မည်သို့​သိ​နိုင်​မည်နည်း။ အသင်​ယောက်ျား၊ သင်​သည် မိမိ​မယား​ကို ကယ်တင်​မည်​မ​ကယ်တင်​မည်​ကို မည်သို့​သိ​နိုင်​မည်နည်း။ 

ကောရိန္သုဩဝါဒစာပထမစောင် 7:10-16

 

‘ထိုနည်းတူ ဇနီးသည်​တို့၊ မိမိ​တို့​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ ✅

သို့ပြုလျှင် အချို့​သော​ခင်ပွန်းသည်​တို့​သည် နှုတ်ကပတ်​တရား​ကို​မ​ယုံကြည်​ကြ​လျှင်​ပင် သင်​တို့​၏​ကြောက်ရွံ့​ရိုသေ​မှု​နှင့် သန့်ရှင်း​စင်ကြယ်​သော​အသက်ရှင်​နေထိုင်​မှု​ကို​မြင်​လျက် ဇနီးသည်​၏​စကား​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​နေထိုင်​မှု​အားဖြင့် ပြောင်းလဲ​လာ​ကြ​လိမ့်မည်။ ✅

သင်​တို့​၏​တန်ဆာဆင်​ခြင်း​သည် ဆံပင်​ကျစ်​ခြင်း၊ ရွှေ​တန်ဆာ​ဆင်မြန်း​ခြင်း၊ အဝတ်အစား​များ​ဖြင့်​ဆင်ယင်​ခြင်း​တည်းဟူသော အပြင်ပန်း​တန်ဆာဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ နူးညံ့​သိမ်မွေ့​၍ တည်ငြိမ်​သည့်​စိတ်သဘော​တည်းဟူသော ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သည့် စိတ်နှလုံး​နှင့်ဆိုင်သော အတွင်း​ဝိညာဉ်​လူ​၏​တန်ဆာဆင်​ခြင်း​ဖြစ်​စေ​ကြ​လော့။ ✅

ဤသည်ကား ဘုရားသခင်​ရှေ့​တော်​၌ အလွန်​အဖိုးထိုက်​သော​အရာ​ဖြစ်​၏။ ဘုရားသခင်​ကို​မျှော်လင့်​အားထား​သော သန့်ရှင်း​သည့် ရှေး​ကာလ​မှ​အမျိုးသမီး​တို့​သည်​လည်း ထိုနည်းတူ မိမိတို့ကိုယ်ကို တန်ဆာဆင်​ကြ​ကာ စာရာ​သည် အာဗြဟံ​ကို သခင်​ဟု​ခေါ်​လျက် နာခံ​သကဲ့သို့ မိမိ​တို့​၏​ခင်ပွန်းသည်​များ​ကို နာခံ​ခဲ့​ကြ​၏။ သင်​တို့​သည်​လည်း မည်သည့်​ခြောက်လှန့်​မှု​ကို​မျှ​မ​ကြောက်ရွံ့​ဘဲ ကောင်း​သော​အမှု​ကို​ပြု​လျှင် စာရာ​၏​သားသမီး​များ​ဖြစ်​ကြ​၏။ ✅

ထိုနည်းတူ ခင်ပွန်းသည်​တို့၊ ဇနီးသည်​သည် မိန်းမသား​ဖြစ်​ပြီး သင်​တို့​ထက် အားနည်း​သော​သူ​ဖြစ်​ကြောင်း သိရှိ​နားလည်​၍ အသက်​နှင့်ဆိုင်သော​ကျေးဇူး​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​အဖြစ် တန်ဖိုးထား​လျက် အတူတကွ​ပေါင်းသင်း​နေထိုင်​ကြ​လော့။ ✅

ရှင်ပေတရုဩဝါဒစာပထမစောင် 3:1,3-7

အဲ့တော့ ယုံကြည်သူခရစ်ယာန်တယောက်က ရွေးချယ်စရာရှိနေရင် ဘုရားစကားနားထောင်ပြီး မညီသောထမ်းပိုးမထမ်းနဲ့။

အကယ်လို့ ထမ်းမိနေရင်လည်း ဘုရားဘုန်းတော်ထင်ရှားအောင် အသက်ရှင်ပေါ့။ အိမ်ထောင်မိသားစုနဲ့ပတ်သက်ပြီး ခရစ်တော်ဘုရားရဲ့ စံတန်ဖိုးတွေလောက်ကောင်းတာ ဘယ်မှာရှိပါ့မလဲ။ နောက်ပြီး ခရစ်ယာန်ဘာသာမှာ အတင်းအဓမ္မဘာသာသွပ်သွင်းတာမျိုးလည်း မလုပ်ခိုင်းထားသလို ဘာသာခြားကိုလည်း ခွဲခြား မဆက်ဆံခိုင်းထားဘူး။

အဓိကက ခရစ်ယာန်တယောက်ဟာ ခရစ်တော်နောက်လိုက်ဟုတ်တယ်ဆိုရင် သခင်ခရစ်တော်နဲ့သခင့်ရဲ့တမန်တော်ကြီးတွေက လုပ်လို့ပြောတဲ့ဟာဆို လုပ်၊ ရှောင်လို့ပြောထားတဲ့ဟာဆို ရှောင်ရင် ပိုမကောင်းပေဘူးလား။

ဘာသာတူချင်းခရစ်ယာန်ဖြစ်ပါလျက် အိမ်ထောင်ရေးအဆင်မပြေနိုင်တဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းတွေ 

၁။ ကျမ်းစာမဖတ်သော အိမ်ထောင်၊ မဖတ်တော့ ဘာတွေသွန်သင်ထားလဲဆိုတဲ့ ခရစ်ယာန်စံတန်ဖိုးတွေကိုလည်း မသိရှိနိုင်လို့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ကောင်းဖြစ်နိုင်တယ်။

၂။ ကျမ်းစာပဲထိုင်ဖတ်နေ၊ အကျင့်မကျင့်သော အိမ်ထောင်၊ ဒီအုပ်စုက ကျမ်းစာတော့ အသားကုန်ဖတ်ပါရဲ့၊ ဖတ်ထားတဲ့အတိုင်း ကျင့်ကြံအားထုတ်မှု မရှိ။ ပါးစပ်က “ဘုရား၊ ဘုရား”၊ လက်က “ကားယား၊ ကားယား” ဆိုတဲ့ သူတော်ကောင်းယောင်ဆောင်တဲ့ Hypocrite အဖွဲ့။

၃။ ကျမ်းစာလည်း ဖတ်တယ်၊ ဖတ်တဲ့အတိုင်းလည်း အသက်ရှင်တယ်။ ဒါဆို logically အရ အိမ်ထောင်ရေး သာကိုသာယာမယ်။ မသာယာရင် ရှေ့က ကျမ်းစာမဖတ်လို့၊ ဒါမှမဟုတ် ဖတ်ပဲဖတ်တယ်၊ လက်တွေ့ အသက်မရှင်လို့။ 

ဒါပေမယ့် အိမ်ထောင်ဆိုတာ လူတယောက်တည်း လက်ထပ်ထားတာ မဟုတ်ဘူး။ နှစ်ယောက်ပေါင်း တယောက် (Two bodies — One flesh) ဖြစ်နေတာကို အိမ်ထောင်လို့ခေါ်တာ။ ဒါဆို ကျမ်းစာလည်း ဖတ်တယ်၊ ဖတ်တဲ့အတိုင်းလည်း အသက်ရှင်ပါလျက် အိမ်ထောင်ရေးအဆင်ပြေတာ မတွေ့ရဘူးဆိုတဲ့အတွဲတွေမှာဆိုရင် လင်မယား နှစ်ယောက်တည်းက တယောက်ကပဲ ခရစ်တော်သွန်သင်ချက်အတိုင်း တကယ်လိုက်လုပ်လို့ဖြစ်ပြီး နောက်တယောက်က အဲ့အတိုင်း တကယ်မလုပ်လို့ပဲဖြစ်တယ်။ အဲ့လိုပဲဖြစ်နိုင်တယ်။ No other way around. အဲ့ဒါလည်း ထမ်းပိုးမညီတာပဲလေ။ ထမ်းပိုးမညီတော့ ရှေ့ဆက်ရခက်ပြီပေါ့။ ဒါတောင် ဘာသာတူနော်။ နှစ်ယောက်လုံး ကျမ်းစာလည်း ဖတ်တယ်၊ ဖတ်တဲ့အတိုင်းလည်း အသက်ရှင်တယ်ဆိုပြီး အိမ်ထောင်ရေးမသာယာဘူးဆိုတာမျိုး ဘယ်လိုမှ မရှိနိုင်ဘူး။ ရှိနိုင်တယ်ပြောရင် ဗြောင်လိမ်နေတာ ဒါမှမဟုတ် ဘုရားသခင်ကို အသုံးမကျဘူးလို့ စော်ကားနေတာနဲ့ အတူတူပဲ။ “ဘုရားသခင်ရယ် .. ကိုယ်တော်ပြောသလိုတော့ နေနေတာပဲ၊ တကယ်လက်တွေ့မှာ အကျိုးမရှိပါဘူး”လို့ ဘုရားကို ပြန်မပြောရုံတမယ်ပဲ မဟုတ်လား။ နောက်ပြီး ဘေးလူတယောက်က တခြားလင်မယားအိမ်ထောင်ရေးကို ထဲထဲဝင်ဝင် သိနိုင်စရာအကြောင်းလည်း မရှိပါ။ သူများလင်မယားကိစ္စ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။

ခရစ်ယာန် အိမ်ထောင်ရေး အဆင်မပြေနိုင်တဲ့နောက်ထပ်အကြောင်းရင်းတွေက

၁။ ယောကျာ်းက အိမ်ထောင်ကို ရှာမကျွေးတာ၊ မကျွေးနိုင်တာမျိုး (ဒါက လင်ဝတ်ကို မကျေပွန်တာ၊ သူများသမီးကိုယူပြီး တာဝန်မယူနိုင်တာမျိုး၊ လက်ကြောမတင်းတာမျိုး)

နောက်တဘက်ကနေကြည့်ရင် တခြားဖြစ်နိုင်ခြေက မိန်းမက အိမ်ထောင်ကို ကောင်းစွာမပြုစုတာမျိုး၊ မယားဝတ် မကြေတာမျိုး၊ ဥပမာ လင်ရဲ့ငွေဥစ္စာကို မထိန်းသိမ်းတာမျိုး၊ အသုံးကြီးတာမျိုး) ဒီအခြေအနေနှစ်မျိုးလုံးက ဒီကျမ်းကအချက်နဲ့ငြိတယ်။

“မိ မိ လူ တို့ ကို မ ပြု စု၊ ထို မျှ မ က၊ မိ မိ အိမ် သူ အိမ် သား တို့ ကို မ ပြု စု သော သူ မည် သည် ကား၊ ယုံ ကြည် ခြင်း တ ရား ကို ငြင်း ပယ်၏။ မ ယုံ ကြည် ဖူး သော သူ ထက် သာ၍ ယုတ် မာ၏။” 

(၁ တိမောသေ 5:8)

ဒါပေမယ့် အဲ့မှာ သတိရမှာက ချမ်းသာမှ အိမ်ထောင်သာယာမယ်လို့ ပြောနေတာ မဟုတ်ဘူး။ တချို့ယောကျာ်းတွေက ဘဝပေးအခြေအနေကြောင့် အလုပ်ကြိုးစားပေမယ့် မချမ်းသာနိုင်ကြဘူး။ အဲ့လိုအခါမှာ ဒီယောကျ်ားကို တာဝန်မကြေဘူးလို့ စွပ်စွဲလို့မရဘူး။ သူကအကောင်းဆုံး၊ ရုန်းကန်နေတာပဲ၊ မျှော်လင့်သလိုမဖြစ်လာတာပဲရှိတာမျိုး အခြေအနေတွေပေါ့။ ဆိုရိုးရှိတယ်မလား “ကြိုးစားတိုင်းသာရကြေးဆို လူတိုင်း ဘုရားဖြစ်ရောပေါ့” ဆိုတာလေ။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဒီလင်၊ ဒီမယားကိုသက်ဆုံးတိုင်ပေါင်းသင်းပါမယ်လို့ ဘုရားရှေ့၊ လူရှေ့မှာ သစ္စာဆိုခဲ့ဖူးတယ်မလား။ အဲ့ဒါ မမေ့နဲ့။

၂။ ယောကျ်ားက ရှာကျွေးနိုင်တယ်ဆိုရင်၊ မိန်းမကို တင့်တောင့်တင့်တယ်လည်း ထားပေးတယ်ဆိုရင်၊ ဒါဆို ယောကျ်ားက မိန်းမမကြိုက်တာတခုခုကို လုပ်မိနေသလား၊ ဥပမာ ဆေးလိပ်တွေသောက်၊ ကွမ်းတွေအရမ်းစား၊ ဂိမ်းစွဲနေသလား၊ ညစ်ညမ်းကားကြည့်တာစွဲနေပြီး အဲ့ဒီမိန်းမတွေနဲ့ပဲ စိတ်ထဲသာယာနေပြီး ကိုယ့်မိန်းမကို သစ္စာသံဝါသမပြုဘဲနေလေသလား၊ မကောင်းတဲ့မိန်းမတွေကို လိုက်စားနေသလား။ ဒီလိုကိစ္စအကုန်လုံးက မိန်းမမှ မဟုတ်၊ ဘုရားလည်း မကြိုက်လို့ အဆင်ပြေမှာ မဟုတ်ဘူး။

နောက်တဘက်ကနေကြည့်ရင် မိန်းမက ဗြောင်းပြန် အဲ့လိုတွေ လုပ်နေတာမျိုးလား။ ဒါမှမဟုတ် ကိုယ့်ယောကျာ်း မနှစ်သက်တာကို လုပ်နေမိတာမျိုးလား၊ ဥပမာ အိမ်ဝေယျာဝစ္စမကြေပွန်တာ၊ သန့်သန့်ရှင်းရှင်း ၊ သပ်သပ်ရပ်ရပ် မနေတတ်လို့လား၊ ဘော်ကြော့နေနေတာမျိုး၊ လက်ကြောမတင်းတာမျိုးလား။ လူကွယ်ရာမှာသော်လည်းကောင်း၊ လူရှေ့သူရှေ့မှာသော်လည်းကောင်း ယောက်ျားကို မရိုမသေလုပ်နေတာမျိုးလား။

၃။ ကျမ်းစာလည်း ဖတ်၊ ကျမ်းစာထဲက အတိုင်း အသက်ရှင်လျက်နဲ့ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုရင် နှစ်ယောက်တည်းက တယောက်ကပဲဖြစ်ဖြစ်၊ နှစ်ယောက်လုံးဖြစ်ဖြစ် စိတ်မူမမှန်တဲ့ mental illness ဒါမှမဟုတ် Narcissistic personality disorder (NPD) ဖြစ်နေလို့ပဲ ဖြစ်မယ်။ ကျမ်းစာထဲကအတိုင်း အသက်ရှင်တာတောင် အဆင်မပြေဘူးဆိုရင် ဘုရားကို အသုံးမကျဘူးလို့ စော်ကားနေတာနဲ့ အတူတူပဲ။ 

ခရစ်ယာန်အိမ်ထောင်မိသားစုတွေ အိမ်ထောင်ရေးသာယာစေမယ့် ပညတ်တွေ

ဇနီးသည်​တို့၊ သခင်​ဘုရား​ကို​နာခံ​သကဲ့သို့ မိမိ​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ ✅

… အသင်းတော်​သည် ခရစ်တော်​ကို​နာခံ​သကဲ့သို့ ဇနီးသည်​တို့​သည်​လည်း အရာရာ​၌ ခင်ပွန်းသည်​ကို​နာခံ​ကြ​ရ​မည်။ (ဧဖက်ဩဝါဒစာ 5:22-24)

ခင်ပွန်းသည်​တို့၊ ခရစ်တော်​သည် အသင်းတော်​ကို​ချစ်​၍ အသင်းတော်​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သည့်​နည်းတူ ဇနီးသည်​ကို ချစ်​ကြ​လော့။ ✅

… ထိုနည်းတူ ခင်ပွန်းသည်​တို့​သည်​လည်း မိမိ​တို့​၏​ဇနီးသည်​ကို မိမိ​တို့​ကိုယ်ခန္ဓာ​ကဲ့သို့ ချစ်​ကြ​ရ​မည်။ မိမိ​၏​ဇနီးသည်​ကို ချစ်​သော​သူ​သည် မိမိကိုယ်ကို​ချစ်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မိမိ​ကိုယ်ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ၍ တစ်ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခရစ်တော်​သည် အသင်းတော်​အား​ပြု​တော်မူ​သကဲ့သို့ လူတိုင်း မိမိ​ကိုယ်ခန္ဓာ​ကို​ပြုစု​ပျိုးထောင်​၍ ယုယ​မြတ်နိုး​တတ်​၏။ ✅

… မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။ (ဧဖက်ဩဝါဒစာ 5:25-33) ✅

သားသမီး​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​မိဘ​စကား​ကို နားထောင်​ကြ​လော့။ ✅

အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် မှန်ကန်​သော​အမှု​ဖြစ်​၏။ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့။ 

… (ဧဖက်ဩဝါဒစာ 6:1-2)

ဖခင်​တို့၊ သင်​တို့​၏​သားသမီး​များ​ကို မခံမရပ်နိုင်​ဖြစ်​အောင် မ​ပြု​ကြ​နှင့်။ ✅

သခင်​ဘုရား​၏​ဆုံးမ​ပဲ့ပြင်​ခြင်း​နှင့်​သတိပေး​ခြင်း​တို့​အတိုင်း သူ​တို့​ကို ပြုစု​ပျိုးထောင်​ကြ​လော့။ (ဧဖက်ဩဝါဒစာ 6:4)

အိမ်ထောင်ရှိ​သော​သူ​တို့​အား ငါ့​ထံမှ​မ​ဟုတ်​ဘဲ သခင်​ဘုရား​ထံမှ​ညွှန်ကြား​ချက်​ကို ငါ​ပေး​သည်​ကား မယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲကွာ​စေ​နှင့်။ (ကောရိန္သုဩဝါဒစာပထမစောင် 7:10) ❌

အကယ်၍ ကွဲကွာ​ခဲ့​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ပါစေ။ သို့မဟုတ် လင်​ယောက်ျား​နှင့် ပြန်လည်​သင့်မြတ်​ပါစေ။ (ကောရိန္သုဩဝါဒစာပထမစောင် 7:11 ) ✅

လင်​ယောက်ျား​သည်​လည်း မိမိ​မယား​ကို​မ​စွန့်ခွာ​စေ​နှင့်။ (ကောရိန္သုဩဝါဒစာပထမစောင် 7:12) ❌

အခြား​သော​သူ​တို့​အား သခင်​ဘုရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင်​ပြောဆို​သည်​မှာ ညီအစ်ကို​တစ်စုံတစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​မယား​ရှိ​၍ ထို​မိန်းမ​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​မိန်းမ​နှင့်​မ​ကွာ​စေ​နှင့်။ (ကောရိန္သုဩဝါဒစာပထမစောင် 7:13) ❌ 

ဒီလောက်ကောင်းတဲ့ပညတ်တော်တွေ၊ တမန်တော်ကြီးတွေရဲ့ အကြံပြုချက်တွေအတိုင်း လိုက်လျှောက်အသက်ရှင်တာတောင် ခရစ်ယာန်တွေ အိမ်ထောင်ရေးအဆင်ပြေဘူးဆိုရင် ဗြောင်လိမ်နေတာ၊ ဒါမှမဟုတ် ရူးနေလို့ပဲဖြစ်ပါလိမ့်မယ်။

‘ကိုယ်တော်​က​လည်း “ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အစအဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​လျက် ‘ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖော်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သား​တစ်ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်မည်’ ဟု မိန့်​တော်မူ​ခဲ့​ကြောင်း သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်” ​ဟု မိန့်​တော်မူ​၏။ ‘

ရှင်မဿဲခရစ်ဝင် 19:4-6

သတို့သား ခရစ်တော်သခင်နှင့် သတို့သမီး အသင်းတော်

နိဂုံးအနေနဲ့၊ သမ္မာကျမ်းစာတော်မြတ်မှာ သခင်ခရစ်တော်နဲ့ အသင်းတော်ရဲ့ ပတ်သက်ဆက်နွယ်မှုကို မင်္ဂလာဆောင်ပုံစံဖြင့် ပုံဆောင်ထားပါတယ်။ ဒါကို အပေါ်က ဧဖက်ဩဝါဒစာ ၅:၂၂-၃၃ ကို သေချာဖတ်ကြည့်မယ်ဆိုရင် သခင်ခရစ်တော်က သတို့သားဖြစ်ပြီး အသင်းတော်သည် သတို့သမီးဖြစ်ကြောင်း ဖော်ပြထားတာကို တွေ့ရမှာပါ။ ဒါကြောင့် တမန်တော်မြတ်ကြီး ရှင်ပေါလုပေးတဲ့ ဒီပုံဆောင်ချက်က၊ သခင်ခရစ်တော်သည် အသင်းတော်ကို ဦးဆောင်ပြီး စောင့်ရှောက်သလိုမျိုး ခင်ပွန်းသည်ကလည်း ဇနီးသည်ကို ဦးဆောင်ပြီး စောင့်ရှောက်ရမှာဖြစ်တယ်လို့ သွန်သင်ထားပါတယ်။ ခရစ်တော်သခင်သည် အသင်းတော်အတွက် မိမိအသက်ကိုပင် စွန့်လွှတ်ခဲ့သလိုမျိုး ခင်ပွန်းကလည်း ဇနီးအတွက် မိမိကိုယ်ကို စွန့်လွှတ်အပ်နှံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ သခင်ခရစ်တော်က အသင်းတော်ကို ချစ်သလိုမျိုး ခင်ပွန်းသည်လည်း ဇနီးကို ချစ်ရမှာဖြစ်ပါတယ်။ ဒီချစ်ခြင်းမေတ္တာက စွန့်လွှတ်အနစ်နာခံသော ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ အဲ့လိုမျိုးပဲ အသင်းတော်ကလည်း ဦးစီး၊ ဦးခေါင်းဖြစ်တော်မူတဲ့ သခင်ခရစ်တော်ကို ဝန်ခံနာခံသကဲ့သို့ ဇနီးသည်က ခင်ပွန်းကို ဝန်ခံရမှာဖြစ်ပါတယ်။ အသင်းတော်သည် သခင်ခရစ်တော်ကို အရာရာ၌ ရိုသေလေးမြတ်သကဲ့သို့ ဇနီးကလည်း ခင်ပွန်းကို ရိုသေလေးစားရမှာဖြစ်တယ်လို့ မျှမျှတတနဲ့ ပုံဖော်ပြပြီး သွန်သင်ပေးထားပါတယ်။ ဒါကြောင့် ခရစ်တော်နှင့် အသင်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ ခင်ပွန်းနှင့် ဇနီးသည်လည်း တစ်သားတည်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီအချက်က ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းရဲ့ အဓိကရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းက ယောင်္ကျားတစ်ဦး မိန်းမတစ်ဦး ထိမ်းမြားခြင်း ဖြစ်ပါတယ်။ သတို့သားဖြစ်တဲ့ သခင်ခရစ်တော်တစ်ပါးတည်းက သတို့သမီးဖြစ်တဲ့ အသင်းတော်တစ်ပါးတည်းကို ချစ်သလိုမျိုး ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းက ယောက်ျားတစ်ဦးနဲ့ မိန်းမတစ်ဦးကြားသာ ဖြစ်သင့်ကြောင်း ညွှန်ပြနေပါတယ်။ ဒီအချက်က ကမ္ဘာဦးကျမ်း ၂:၂၄ မှာပါတဲ့ “ထို့ကြောင့် ယောကျ်ားသည် ကိုယ်မိဘကို စွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် သူတို့သည် တစ်သားတည်း ဖြစ်ရလိမ့်မည်” ဟူသော အပိုဒ်နှင့် ကိုက်ညီနေပြန်ပါတယ်။ ဒါကြောင့်မို့လို့ပဲ သခင်ခရစ်တော်နဲ့ အသင်းတော်ကြား ဆက်နွယ်မှုပုံစံအရ ယောကျ်ားနဲ့ မိန်းမက အပြန်အလှန် ဖြည့်စွက်ပေးတဲ့ ဆက်နွယ်မှုမျိုးဖြစ်နေပါတယ်။ ဒီပုံဆောင်ချက်အရ လိင်တူလက်ထပ်ခြင်းက ခရစ်တော်နဲ့ အသင်းတော်ကြား ဆက်နွယ်မှုပုံစံနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အသင်းတော်သည် ကမ္ဘာဆုံးသည့်တိုင်သော်လည်းကောင်း၊ သခင်ဘုရား ပြန် ကြွလာတော်မူသည့်တိုင်အောင်လည်းကောင်း  လိင်တူလက်ထပ်ပေးခြင်း (same-sex marriage) ကိစ္စကို ထည့်သွင်းစဉ်းစားခြင်း၊ လက်ခံကြိုဆိုခြင်း လုပ်မည်မဟုတ်ပါ။။

ဒါ့အပြင် ၂ကော ၆:၁၄ မှာ “မယုံကြည်သောသူတို့နှင့် ထမ်းဘိုးတူ၍ မထမ်းကြနှင့်” ဟု ဖော်ပြထားပြီး သခင်ခရစ်တော်သည် ယုံကြည်သူများနှင့်သာ တစ်လုံးတစ်ဝတည်းဖြစ်နိုင်သလိုမျိုး ယုံကြည်သူချင်းသာ လက်ထပ်သင့်ကြောင်း ညွှန်ပြနေပါတယ်။ ဒီအချက်က “ဘာသာရေးယုံကြည်မှုများ ကွဲပြားခြင်းက မိသားစုဘဝတွင် စိန်ခေါ်မှုများ ဖြစ်စေနိုင်သည်” ဟူသော လက်တွေ့ဘဝအတွေ့အကြုံများနဲ့လည်း ကိုက်ညီလို့နေပါတယ်။ ဒါကြောင့် ဓမ္မသစ်ကျမ်းက လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်လို့ လမ်းညွှန်ချက်များပေးထားပြီးပါပြီ။ အဓိကအခြေခံမူမှာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း မမေ့သင့်ပါ။ သခင်ခရစ်တော်က လူသားအားလုံးကို ချစ်တော်မူသလို ခရစ်ယာန်များကလည်း လူသားအားလုံးကို ချစ်ရမှာဖြစ်ကြောင်း တင်ပြရင်း ဆောင်းပါးကို နိဂုံးချုပ်ပါတယ်။ ဘုရားသခင်သည် ခရစ်ယာန်အိမ်ထောင်တိုင်းကို ကောင်းချီးပေး၍ ကွယ်ကာစောင့်ရှောက်တော်မူပါစေ။ အာမင်။