ခရစ်ယာန်ဘာသာဝင်များ၏ “ရက်ပေါင်း (၄၀) ဥပုသ်ရာသီ” ဆိုသည်မှာ အဘယ်နည်း။
“Great Lent” တည်းဟူသော “မဟာဥပုသ်ရာသီ” ဟု ခေါ်သည့် ခရစ်ယာန်တို့၏ “ဝါတွင်း” သို့မဟုတ် “ဝါတော်ကာလ” သည် ခရစ်ယာန်ဘာသာဝင်အများစုက ကျင့်သုံးသော တနင်္ဂနွေနေ့များ မပါသည့် ရက်ပေါင်း ၄၀ ကြာ ကာလတခုဖြစ်ပါသည်။ လူ့ဇာတိခံယူတော်မူသော ဘုရားသခင် ရှင်ယေရှုခရစ်တော်၏ ဝေဒနာလမ်းဖြစ်သော ကားတိုင်သို့ တက်လှမ်းသည့် ဒုက္ကရစရိယာ (ဆင်းရဲဒုက္ခခံတော်မူခြင်း) များကို ပြန်လည်အောက်မေ့ဆင်ခြင်သတိရလျက် ကိုယ်တော်ဘုရား၏ ရှင်ပြန်ထမြောက်တော်မူခြင်းအထိမ်းအမှတ်ဖြစ်သော “အီစတာပွဲတော်” အတွက် ပြင်ဆင်ရာတွင် အစာရှောင်ခြင်း၊ နောင်တရခြင်း၊ ဆုတောင်းခြင်းနှင့် ဝိညာဉ်ရေးရာဝိနည်းများအတိုင်း ဥပုသ်သီလဆောက်တည်သော ကာလဖြစ်ပါသည်။ ရက်ပေါင်း ၄၀ သည် သခင်ယေရှုဘုရား တောကန္တာရ၌ အစာရှောင်တော်မူ၍ စာတန်မာန်နတ်၏ စုံစမ်းသွေးဆောင်နှောင့်ယှက်ခြင်းကို အောင်နိုင်တော်မူခဲ့သော အချိန်ကာလကို ကိုယ်စားပြုပါသည် (ရှင်မဿဲ ၄:၁-၁၁)။ မြန်မာနိုင်ငံရှိ ခရစ်ယာန်များအပါအဝင် လူအများက မူဆလင်များနဲ့ အခြားသော ဘာသာတရားများတွင်သာ ဥပုသ်သီလဆောက်တည်သည့် သတ်သတ်မှတ်မှတ်ထားရှိသောကာလရှိပြီး ခရစ်ယာန်များတွင် မရှိဟု ထင်တတ်ကြပါသည်။ စင်စစ် ခရစ်ယာန်ဘာသာဝင်များမှာလည်း ဥပုသ်သီလဆောက်တည်ကြသည့် ရက်ပေါင်း (၄၀) ကာလ ရှိပါသည်၊ မြန်မာနိုင်ငံသား အများစုကသာ သတိမထားမိကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဓမ္မသုတတခုအနေဖြင့် ဝေမျှလိုသောကြောင့် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။
ခရစ်ယာန်ဘာသာဝင်တို့၏ ဥပုသ်ရာသီ ဝါတွင်းကာလ အတွင်း အဓိကကျင့်သုံးလေ့ရှိသော အလေ့အကျင့်များမှာ၊
- အသောက်အစား၊ အပျော်အပါး လိုက်စားမှုအား ရှောင်ကြဉ်ခြင်း။ ခြိုးခြံချွေတာစွာ နေထိုင်ကျင့်ကြံခြင်း၊
- သခင်ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်အတွက် ကိုယ်စားခံယူတော်မူသော ဒုက္ကရစရိယာများနှင့် ကိုယ်တော်ဘုရား၏ ကျေးဇူးတော်အပေါင်းကို စဉ်းစားဆင်ခြင်အောက်မေ့၍ ဆုတောင်းဝတ်ပြုကိုးကွယ်ခြင်း၊
- ဆင်းရဲသားများကို ကူညီမစခြင်းနှင့် ကုသိုလ်အလှူအတန်းများပြုလုပ်ခြင်း တို့ဖြစ်ကြပါသည်။
အနောက်တိုင်း အသင်းတော် (ကက်သလစ်အသင်းတော်နှင့် ပရိုတက်စတင့်အသင်းတော်အချို့) တို့၏ ဥပုသ်ရာသီသည် “ပြာခံ ဗုဒ္ဓဟူးနေ့” (Ash Wednesday) တွင် စတင်၍ “သန့်ရှင်းသော စနေနေ့” (အီစတာတနင်္ဂနွေမတိုင်မီ တစ်ရက်) Holy Saturday တွင် အဆုံးသတ်ပါသည်။ အရှေ့တိုင်း အသင်းတော် (ဩသိုဒေါ့အသင်းတော်) တို့၏ ဥပုသ်ရာသီသည် “စင်ကြယ်သော တနင်္လာ” (ပြာခံ ဗုဒ္ဓဟူးမတိုင်မီ နှစ်ရက်) Clean Monday တွင် စတင်ပြီး လာဇရုစနေနေ့ (Lazarus Saturday) တွင် အဆုံးသတ်ပါသည်။ ဤနေ့ရက်သည် “သံလွင်ခက် တနင်္ဂနွေနေ့” (Palm Sunday) မတိုင်မီ တစ်ရက်ဖြစ်ပါသည်။ ထို့နောက် Holy Week (သန့်ရှင်းသော ရက်သတ္တပတ်) စတင်ပါသည်။ အရှေ့တိုင်း ဩသိုဒေါ့ ခရစ်ယာန်များသည် ဥပုသ်ရာသီကာလတစ်လျှောက်လုံး အသား၊ နို့ထွက်ပစ္စည်း၊ နှင့် တိရစ္ဆာန်ထွက်ကုန်များကို ရှောင်ကြဉ်ခြင်းကဲ့သို့သော ပိုမိုတင်းကြပ်သည့် အစာရှောင်ခြင်းများ ပါဝင်ပါသည်။
သန့်ရှင်းသော ရက်သတ္တပတ် (Holy Week)
“သန့်ရှင်းသော ရက်သတ္တပတ်” (Holy Week) သည် သခင်ယေရှုခရစ်တော်၏ ဒုက္ခဆင်းရဲခံစားတော်မူခြင်း၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို အထူးအမှတ်ရသော ရက်သတ္တပတ်ဖြစ်ပါသည်။ ခရစ်ယာန်ဂိုဏ်းအသီးသီးတွင် ၎င်းကို အနည်းငယ် မတူညီသောပုံစံဖြင့် ကျင်းပကြပါသည်။
အဓိကနေ့ရက်များနှင့် အရေးပါမှု
“သံလွင်ခက် တနင်္ဂနွေနေ့” (Palm Sunday)
- ဂိုဏ်းအားလုံး။ သခင်ယေရှုဘုရား ယေရုရှလင်မြို့သို့ မြည်းကလေးစီး၍ဝင်ရောက်လာသည့်အချိန်တွင် လူပရိသတ်ကြီးများက သံလွင်ခက်များခင်းချ၍ အောင်ပွဲခံကြိုဆိုခြင်းကို အမှတ်ရဖို့ဖြစ်ပါသည်။
“ဖမ်းဆီးစစ်ဆေး ကြာသပတေးနေ့” (Holy/Maundy Thursday)
- ကက်သလစ်။ နောက်ဆုံးညစာစားပွဲ၊ ခြေဆေးခြင်း၊ သခင်ဘုရား ဖမ်းဆီးစစ်ဆေးခံရခြင်းကို အောက်မေ့ခြင်း
- ဩသိုဒေါ့။ ခြေဆေးခြင်းနှင့် နောက်ဆုံးညစာစားပွဲ အမှတ်တရ
- ပရိုတက်စတင့်။ နောက်ဆုံးညစာစားပွဲနှင့် ပွဲတော်မင်္ဂလာ (Communion) အထူးကျင်းပ
“မဟာ သောကြာကြီးနေ့” (Good Friday)
- ဂိုဏ်းအားလုံး။ သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်တင်ခံရတော်မူခြင်းနှင့် အသေခံတော်မူခြင်းကို အထူးအောက်မေ့သတိရ၍ ဆင်ယင်ကျင်းပ
သန့်ရှင်းသော စနေနေ့ (Holy Saturday)
- ကက်သလစ်နှင့် ပရိုတက်စတင့်အချို့။ အီစတာအကြို ဝတ်ပြုခြင်း (Easter Vigil) ကျင်းပ
- ဩသိုဒေါ့။ သန့်ရှင်းသော စနေနေ့ ဓမ္မဝတ်ပြုခြင်းနှင့် သခင်ခရစ်တော် မရဏနိုင်ငံသို့ ဆင်းသက်၍ သေလွန်သူများကို ဧဝံဂေလိတရားဟောတော်မူခြင်း သို့မဟုတ် သင်္ချိုင်းတော်တွင်ရှိနေတော်မူခြင်းကို အထူးအမှတ်ရ
ရှင်ပြန်ထမြောက်တော်မူရာနေ့ သို့မဟုတ် အီစတာတနင်္ဂနွေ/ပက်စ်ကားနေ့ (Easter Sunday/Pascha)
- ဂိုဏ်းအားလုံး။ သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းကို ဝမ်းမြောက်စွာ ဆင်နွှဲခြင်း
အဓိကကွဲပြားချက်များ
- ရက်စွဲကွဲပြားခြင်း။ ဩသိုဒေါ့ခရစ်ယာန်တို့သည် ဂျူလီယန်ပြက္ခဒိန်ကို အခြေခံသည့်အတွက် အများသောအားဖြင့် အီစတာကျင်းပချိန် ကွဲလွဲလေ့ရှိသည် (၂၀၂၅ တွင် တစ်ပတ်ကွာခြားသည်)
- ဝတ်ပြုမှုပုံစံ။ ဩသိုဒေါ့ခရစ်ယာန်တို့၏ ဝတ်ပြုပွဲများသည် ပိုမိုရှည်ကြာလေ့ရှိပြီး နက်နဲသော ထုံးတမ်းဓလေ့များ ပိုမိုပါဝင်သည်
- အစာရှောင်ခြင်း။ ဩသိုဒေါ့ခရစ်ယာန်တို့၏ အစာရှောင်ခြင်းသည် ပိုမိုတင်းကြပ်ပြီး အီစတာအထိ ဆက်လက်ကျင့်သုံးသည်
ဤမတူညီမှုများ ရှိသော်လည်း ဂိုဏ်းအားလုံးသည် သခင်ခရစ်တော်၏ ဒုက္ခဆင်းရဲခံစားတော်မူခြင်း၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို အဓိကထားပြီး ထိုဖြစ်ရပ်များ၏ ခရစ်ယာန်ယုံကြည်ခြင်းအပေါ် အရေးပါမှုကို ပြန်လည်အောက်မေ့ဆင်ခြင်ကြခြင်းဖြစ်ပါသည်။
ဥပုသ်ရာသီကာလကို မည်သည့်အချိန်က စတင်ကျင်းပခဲ့သနည်း။
ရှေးကနဦးအသင်းတော် (ပထမ-တတိယရာစုနှစ်)
ပထမနှင့် ဒုတိယရာစုနှစ်များတွင် ခရစ်ယာန်များသည် သခင်ယေရှု၏ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို အောက်မေ့ရန် အီစတာမတိုင်မီ တိုတောင်းသော အစာရှောင်ခြင်းမျိုးကို အများအားဖြင့် ၁ ရက်မှ ၂ ရက်အထိ ကျင့်သုံးခဲ့ကြပါသည်။ ရက်ပေါင်း ၄၀ အစာရှောင်ခြင်းကို ပထမဦးဆုံး ဖော်ပြချက်မှာ စီဇားရီးယား မှ သမိုင်းပညာရှင် ယူစီးဘီးယပ်စ် Eusebius of Caesarea (ခရစ်နှစ် ၂၆၀-၃၄၀ ခန့်) မှ ဖြစ်ပြီး၊ သူသည် အသင်းတော်အသီးသီးရှိ မတူညီသော အစာရှောင်ခြင်း အလေ့အထများကို ရည်ညွှန်းဖော်ပြခဲ့သည်။ ထို့ကြောင့် ဤဓလေ့သည် ဒုတိယရာစုကတည်းကပင် အစပျိုး တည်ရှိနေခဲ့ပြီးဖြစ်ပါသည်။
၄ ရာစုနှစ်၊ နိုင်စီးယားကောင်စီ (ခရစ်နှစ် ၃၂၅)
နိုင်စီးယားကောင်စီသည် ရက်ပေါင်း ၄၀ အစာရှောင်ခြင်းကို တရားဝင်ပြုလုပ်ခဲ့ပြီး သခင်ယေရှု၏ တောကန္တာရ၌ ရက်ပေါင်း (၄၀) အစာရှောင်ခြင်းနှင့် ဆက်စပ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည် (ရှင်မဿဲ ၄:၂)။ ဥပုသ်ရာသီတွင် အပြစ်နွံထဲနစ်နေခြင်းမှ နောင်တရခြင်းနှင့် ဗတ္တိဇံ (နှစ်ခြင်းမင်္ဂလာ) ခံယူရန် ပြင်ဆင်ချိန်အဖြစ် ရှိလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာသစ်ဝင်များ (catechumens) သည် အီစတာပွဲတော်တွင် ဗတ္တိဇံခံလေ့ရှိသောကြောင့်ဖြစ်သည်။ ထိုကာလတွင် ဥပုသ်ရာသီသည် အစာရှောင်ခြင်းသာမက မိမိရဲ့ဝိညာဉ်ရေးရာအသက်တာကို ပြန်လည်ဆန်းစစ်ခြင်း၊ သမ္မာကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းတို့ကိုလည်း အလေးအနက်ထားခဲ့ကြပါသည်။
ကနဦးအသင်းတော်ဖခင်ကြီးများ၏ အမြင်များ
အလက်ဇန်းဒရီးယားမှ ရှင်အသနေးရှပ်စ် (ခရစ်နှစ် ၂၉၆-၃၇၃ ခန့်) က သူ၏ အသင်းသားများကို ဥပုသ်ရာသီကို လိုက်နာကျင့်သုံးရန် တိုက်တွန်းသော ဩဝါဒစာများ ရေးသားခဲ့ပြီး ဥပုသ်ရာသီကို အီစတာပွဲတော်အတွက် အရေးကြီးသော ပြင်ဆင်မှုအဖြစ် ရှုမြင်ခဲ့ပါသည်။ ယေရုရှလင်မှ ရှင်ဆီရီလ် (ခရစ်နှစ် ၃၁၃-၃၈၆ ခန့်) သည်လည်း ဥပုသ်ရာသီကို ဗတ္တိဇံခံယူခြင်းအတွက် ပြင်ဆင်ခြင်းနှင့် ဆက်စပ်ပြီး ဘာသာဝင်သစ်များကို ခရစ်ယာန်ယုံကြည်ခြင်း သွန်သင်ချက်များ သင်ကြားပေးခဲ့သည်။ ရှင်ဂျွန်ခရစ်ဆောစတမ် (ခရစ်နှစ် ၃၄၉-၄၀၇ ခန့်) ကမူ ဥပုသ်ရာသီသည် အစာရှောင်ခြင်းသက်သက်သာမဟုတ်ဘဲ အပြစ်ကျူးလွန်ခြင်းမှလည်း ရှောင်ကြဉ်ခြင်းဖြစ်ကြောင်း အလေးထားခဲ့ပြီး အစာရှောင်ခြင်းကို နောင်တရခြင်း၏အမှတ်လက္ခဏာအဖြစ် မီးမောင်းထိုးပြခဲ့ပါသည်။
ခေတ်လယ်ကာလ
၆ ရာစုနှစ်ခန့်တွင် ဥပုသ်ရာသီ သည် ပိုမိုစနစ်ကျလာခဲ့သည်။ ပုပ်ရဟန်းမင်းကြီး မဟာဂရီဂိုရီ (ခရစ်နှစ် ၅၉၀-၆၀၄) သည် အစာရှောင်ခြင်းကို အလေးထားပြီး ပြာခံရာ ဗုဒ္ဓဟူးနေ့ (Ash Wednesday) ဓလေ့ကို သတ်မှတ်ပေးခဲ့သည်။ နဖူးပေါ်တွင် ပြာစက်တင်ပြီး အောက်ပါစကားလုံးများကို ဆိုသည်။ “ … သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်” (ကမ္ဘာဦးကျမ်း ၃:၁၉)။ အစာရှောင်ခြင်းစည်းမျဉ်းများ ပိုမိုတင်းကြပ်လာခဲ့သည်။ ရှေးခရစ်ယာန်များသည် အများအားဖြင့် အသား၊ နို့ထွက်ပစ္စည်းနှင့် ဥများကို ရှောင်ကြဉ်ခဲ့ကြသည်။ နေ့စဉ်စားနေကျ သုံးနပ်စာအစား ညနေပိုင်းမှသာ အစာ စားသုံးခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ စည်းမျဉ်းများ ပြေလျော့ပေးလာပြီး အလယ်ခေတ်တွင် သောကြာနေ့များတွင်သာ အသားရှောင်ကြဉ်ရန် ကက်သလစ်အသင်းတော်မှ ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။
ထို့ကြောင့် ခရစ်ယာန်ဥပုသ်ရာသီ၏ မူလအစသည် ရှေးကနဦးအသင်းတော်များမှ စတင်ခဲ့ပြီး ၄ ရာစုနှစ်ရှိ နိုင်စီးယားကောင်စီ (ခရစ်နှစ် ၃၂၅) တွင် စနစ်တကျနှင့် တွင်တွင်ကျယ်ကျယ် တရားဝင်ကျင့်သုံးခဲ့ကြသည်ကို အတည်ပြုနိုင်ခဲ့သည့် သမိုင်းအထောက်အထားများတွေ့ရပါသည်။ အကြောင်းမှာ ထိုအချိန်ရောက်မှသာ ရောမအင်ပါယာက ခရစ်ယာန်ဘာသာကို တရားဝင်အသိအမှတ်ပြုခဲ့သောကြောင့် ရောမအင်ပါယာတခုလုံးအောက်ရှိ ခရစ်ယာန်အသင်းတော်များ တစုတစည်းတည်း စည်းဝေးကာ အတည်ပြုနိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ခရစ်ယာန်တို့ ဥပုသ်သီလဆောက်တည်သည့် ဓလေ့ထုံးတမ်းအစဉ်အလာသည် ခရစ်နှစ် ၄ ရာစုထက် ပိုစောခဲ့သည်ဟု နားလည်နိုင်ပါသည်။ ထိုကောင်စီတွင် အီစတာပွဲတော်မတိုင်မီ ရက် ၄၀ အစာရှောင်ခြင်းကာလကို ဆွေးနွေးခဲ့ကြသော်လည်း အစာရှောင်ခြင်းဓလေ့များသည် နေရာဒေသအလိုက် အမျိုးမျိုးရှိခဲ့ပါသည်။ ရှေးဦးပိုင်းတွင် အစာရှောင်ကာလ တိုတောင်းခဲ့သော်လည်း နောက်ပိုင်း၌ တဖြည်းဖြည်း ရက်ပေါင်း ၄၀ ဓလေ့ကို ပိုမိုလက်ခံလာကြပြီး ထာဝရဘုရား၏ သမ္မာကျမ်းစာတော်မြတ်တွင် ပါဝင်သော ပရောဖက်ကြီး မောရှေနှင့်ဧလိယတို့၏ ရက် ၄၀ အစာရှောင်ခြင်းအကြောင်းအရာများနှင့် ခရစ်ဝင်မှတ်တမ်းများဖြစ်သည့် သခင်ယေရှုဘုရား၏ တောကန္တာရ၌ သီတင်းသုံးတော်မူခဲ့သော ရက်ပေါင်း ၄၀ အပေါ် အခြေခံထားပါသည်။ ဆက်လက်၍ “ခရစ်ယာန်တို့၏ ဥပုသ်ရာသီ” ဟူ၍ ဖြစ်ပေါ်လာစေမည့် သမ္မာကျမ်းစာပါ ဥပုသ်သီလဆောက်တည်ခြင်းအကျင့်များနှင့် တမန်တော်ကြီးများနှင့် အလွန်နီးစပ်ခဲ့သော ရှင်ပေါ်လီကာ့ပ် (Polycarp)၊ ရှင်ဣရေနဲ (Irenaeus) နှင့် ရှင်ဂျပ်စတင်မာတာ (Justin Martyr) တို့ ကဲ့သို့ ရှေးခေတ်ကနဦးအသင်းတော်ဖခင်ကြီးများက အစာရှောင်ခြင်းနှင့် နောင်တရခြင်းကို မည်သို့နားလည်ခဲ့ကြကြောင်းကို တင်ပြသွားပါမည်။
ကျမ်းစာထဲမှ ဥပုသ်ရာသီနှင့် အစာရှောင်ခြင်းဓလေ့ထုံးတမ်းအစဉ်အလာများ
“Lent” ဟုသည့် ခေါ်သည့် “ဝါတွင်း” သို့မဟုတ် “ဥပုသ်ရာသီ” ဟူသော အသုံးအနှုန်းသည် သမ္မာကျမ်းစာတွင် စာသားတိုက်ရိုက် မပါရှိသော်လည်း၊ ၎င်း၏ အဓိကကျင့်သုံးမှုများဖြစ်သော အစာရှောင်ခြင်း၊ နောင်တရခြင်း၊ ဆုတောင်းခြင်းနှင့် မိမိကိုယ်ကိုပြင်ဆင်ခြင်းတို့သည် သမ္မာကျမ်းစာအခြေခံလျက် ခိုင်မာစွာအမြစ်တွယ်လျက်ရှိပါသည်။
ရက်ပေါင်း ၄၀ အစာရှောင်ခြင်းဓလေ့
၄၀ (လေးဆယ်) ဟူသည့် ကိန်းဂဏန်းသည် သမ္မာကျမ်းစာတွင် နက်နဲသော သင်္ကေတအဓိပ္ပာယ်ရှိပြီး၊ များသောအားဖြင့် စမ်းသပ်ခြင်း၊ နောင်တရခြင်းနှင့် ဘုရားသခင်၏ ပြင်ဆင်ခြင်းကာလများ၊ သခင်ယေရှုဘုရား၏ သေခြင်းမာန်ကို အောင်နိုင်တော်မူခြင်းများနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရပါသည်။
- သခင်ယေရှု၏ တောကန္တာရ၌ ရက်ပေါင်း ၄၀ (ရှင်မဿဲ ၄:၁-၁၁၊ ရှင်လုကာ ၄:၁-၁၃) သခင်ယေရှုသည် ရက်ပေါင်း ၄၀ အစာရှောင်ခဲ့ပြီး စာတန်မာန်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်နိုင်ခဲ့ပါသည်။ ဤသည်မှာ အစာရှောင်ခြင်းနှင့် အပြစ်ကို ခုခံခြင်းကို အာရုံစိုက်သော ဥပုသ်ရာသီနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။
- သခင်ယေရှုဘုရား ရက်ပေါင်း ၄၀ ကိုယ်ထင်ပြခြင်း (တမန်တော် ၁ : ၃) အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများ အားဖြင့် ပြတော်မူ၏။
- ပရောဖက်ကြီးမောရှေ၏ သိနတောင်ပေါ်မှ ရက်ပေါင်း ၄၀ (ထွက်မြောက်ရာ ၃၄:၂၈) ရှင်မောရှေသည် ပညတ်တော်ဆယ်ပါးကို လက်ခံရရှိစဉ် အစာရှောင်ခဲ့ပြီး အရက်လေးဆယ်ပတ်လုံး ထာ ဝရဘုရား အထံတော်၌ နေခဲ့ပါသည်။
- ဟောရပ်တောင်သို့ ပရောဖက်ကြီးဧလိယ၏ ရက် ၄၀ ခရီး (ဓမ္မရာဇဝင်တတိယစောင် ၁၉:၈) ရှင်ဧလိယသည် အရက်လေးဆယ်ပတ်လုံး ခရီးသွား၍ ထာဝရဘုရားနှင့် တွေ့ဆုံရန် ပြင်ဆင်နေစဉ် အစာရှောင်ခဲ့ပါသည်။
- တောကန္တာရ၌ ဣသရေလလူများ၏ နှစ်ပေါင်း ၄၀ (တောလည်ရာ ၁၄:၃၃-၃၄) ကတိတော်ထားရာပြည်သို့ မဝင်မီ သန့်ရှင်းစင်ကြယ်ခြင်းနှင့် စမ်းသပ်ခြင်းကာလအဖြစ် တွေ့ရပါသည်။
ရှေးကနဦးအသင်းတော်သည် သခင်ယေရှုဘုရား၏ ရက် ၄၀ အစာရှောင်ခြင်းကို အီစတာပွဲတော်အတွက် ခရစ်ယာန်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆက်စပ်ခဲ့ပြီး၊ ၎င်းကို သခင်ခရစ်တော်၏ ဒုက္ခဆင်းရဲခံစားခြင်း၊ အပြစ်ကို အောင်မြင်ခြင်း၊ သေခြင်းတရားကို အောင်မြင်ခြင်းနှင့် ဝိညာဉ်ရေးရာ တစ်လုံးတဝတည်းဖြစ်ခြင်း နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါသည်။
ဓမ္မဟောင်းကျမ်းမှ အစာရှောင်ခြင်းနှင့် နောင်တရခြင်း
- ယောလ ၂:၁၂-၁၃ “သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။ အဝတ်ကို မဆုတ်ဘဲ နှလုံးကိုဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန် ကျေးဇူးပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘော ရှိတော်မူ၏”။ ဤနောင်တရခြင်းအတွက် အစာရှောင်ခြင်းဖြင့် ဖိတ်ခေါ်မှုသည် အပြင်ပန်းဓလေ့ထုံးစံများသာမက အတွင်းစိတ်နှလုံးပြောင်းလဲခြင်းကို အလေးထားသော ဥပုသ်ရာသီကာလ၏အဓိပ္ပာယ်ကို ဖော်ပြထားပါသည်။
- ယောန ၃:၅-၉ နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ ကရုဏာတော်ကို ရှာဖွေရန် အစာရှောင်၍ လျှော်တေများကို ဝတ်ဆင်ကာ နောင်တရခဲ့ကြသည်။ ဤအကြောင်းအရာသည် ဥပုသ်ရာသီကာလ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းသဘောကို ထင်ဟပ်ပေါ်လွင်စေပါသည်။
ဓမ္မသစ်ကျမ်းမှ အစာရှောင်ခြင်းဆိုင်ရာ သွန်သင်ချက်
- ရှင်မဿဲ ၆:၁၆-၁၈ သခင်ယေရှုသည် အစာရှောင်ခြင်းအလေ့အထကို အသိအမှတ်ပြု အားပေးခဲ့သကဲ့သို့ ကိုယ်တော်တိုင်လည်း အစာရှောင်တော်မူခဲ့ပါသည်။ သို့သော် အစာရှောင်ခြင်းသည် အများရှေ့တွင် လူထင်ကြီးအောင် ဟန်ဆောင်ပြသရန်မဟုတ်ဘဲ အတွင်းစိတ်က ရိုးသားရမည်ဟု သွန်သင်ခဲ့သည်။ “သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။- ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။- သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့”။
- တမန်တော် ၁၃:၂-၃ ရှေးဦးအသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လမ်းပြမှုကိုရရှိရန်အတွက် အစာရှောင်၍ ဆုတောင်းခဲ့ကြသည်။ “ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊- အစာရှောင်၍ ပတ္ထနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏”။ ဤသည်မှာ အစာရှောင်ခြင်းသည် နောင်တရခြင်းအတွက်သာမက ဘုရားသခင်၏ လမ်းပြမှုကို ရှာဖွေခြင်းအတွက်လည်း ဖြစ်ကြောင်း ပြသလျက်ရှိသည်။
ရှေးခေတ်အသင်းတော်ဖခင်ကြီးများ၏ အစာရှောင်ခြင်းနှင့် ဥပုသ်ရာသီအကြောင်း သွန်သင်ချက်များ
တမန်တော်များနောက် လိုက်လာသော မျိုးဆက်ဖြစ်သည့် တမန်တော်မြတ်ကြီးများနှင့် နီးစပ်သော အသင်းတော် ဖခင်ကြီးများ (Apostolic Church Fathers) သည် ဥပုသ်ရာသီဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် ၎င်းတို့အားကျင့်သုံးမှုဝိနည်းများကို ပုံသွင်းရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ သူတို့ သွန်သင်ခဲ့သည့်အရာများကို အောက်တွင် ဖော်ပြပေးပါမည်။
စမုရနမြို့မှ ရှင်ပေါ်လီကာ့ပ် (ခရစ်နှစ် ၆၉-၁၅၅ ခန့်)
- တမန်တော်မြတ်ကြီး ရှင်ယောဟန်၏ တပည့်ဖြစ်ပြီး တမန်တော်များနှင့် နောက်မျိုးဆက်ကြား အရေးကြီးသော ဆက်သွယ်မှုကွင်းဆက်တခုဖွယ်ဖြစ်သည့် ပုဂ္ဂိုလ်တပါးဖြစ်ပါသည်။
- ဖိလိပ္ပိအသင်းတော်သို့ ပေးပို့သောဩဝါဒစာတွင် ရှင်ပေါ်လီကာ့ပ်သည် နောင်တရခြင်းနှင့် ဒုက္ခဆင်းရဲကို ခံရပ်နိုင်ခြင်းကို အလေးပေးခဲ့ပါသည်။ “ဤမျက်မှောက်လောကတွင် ငါတို့သည် ကိုယ်တော်ကို နှစ်သက်စေလျှင်၊ လာလတ္တံ့သော လောကကိုလည်း ငါတို့ ရကြလိမ့်မည်။”
- “ဥပုသ်ရာသီကာလ” ဟူသော Lent စာလုံးကို တိုက်ရိုက်ဖော်ပြခြင်း မရှိသော်လည်း၊ နောင်တရခြင်းနှင့် သခင်ဘုရား၏ တရားစီရင်ရာနေ့ရက်ကြီး (The Day of Judgment) အတွက် မိမိကိုယ်ကို ပြင်ဆင်နေခြင်းကို အလေးပေးမှုသည် နောင်အခါ ဥပုသ်ရာသီဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများအတွက် ဝိညာဉ်ရေးရာ အခြေခံအုတ်မြစ်များကို ချမှတ်ပေးခဲ့ပါသည်။
လိုင်ယွန်မြို့မှ ရှင်ဣရေနဲ (ခရစ်နှစ် ၁၃၀-၂၀၂ ခန့်)
- ရှင်ပေါ်လီကာ့ပ်၏ တပည့်ဖြစ်ပြီး “တမန်တော်မြတ်ကြီးများမှ ဆင်းသက်လာသော မူလမှန်ကန်သည်ဟု ယူဆသည့် ယုံကြည်ချက်များ” (orthodox doctrine) ကို ကာကွယ်ရာတွင် အဓိကကျသော ပုဂ္ဂိုလ်ဖြစ်သည်။ ကျွန်ုပ်တို့တွင် တမန်တော်ကြီးများခေတ်မှ ရှင်ဣရေနဲ ခေတ်ထိ ကွင်းဆက်မပြတ် ထိုဓလေ့ထုံးတမ်းကို တဖြည်းဖြည်း လက်ဆင့်ကမ်းပုံသွင်းပေးလာသည်ကို တွေ့ရပါသည်။ ရှင်ဣရေနဲသည်လည်း ရှင်ပြန်ထမြောက်တော်မူရာ အီစတာနေ့ မတိုင်မီ အစာရှောင်ခြင်းကို အားပေးခဲ့သည်။
- “အချို့သည် တစ်ရက်၊ အချို့သည် နှစ်ရက်၊ အချို့သည် ထို့ထက်ပို၍ အစာရှောင်သင့်သည်ဟု ထင်ကြ၏… သို့သော် အစာရှောင်ခြင်းတွင် ကွဲပြားမှုရှိခြင်းသည် ၎င်း၏ မူလဇစ်မြစ်ကို အတည်ပြုသည်၊ အဘယ်ကြောင့်ဆိုသော် ထိုကွဲပြားမှုသည် ရှေးကာလကပင် တည်ရှိခဲ့သောကြောင့် ဖြစ်သည်။” (ယူစီးဘီးယပ်စ်၊ အသင်းတော်သမိုင်း)
- ဤသည်မှာ ဒုတိယရာစုနှစ်တွင် ခရစ်ယာန်များသည် အီစတာပွဲမတိုင်မီ အစာရှောင်လျက်ရှိကြောင်း ပြသနေသည့် သမိုင်းအထောက်အထားဖြစ်ပါသည်။ သို့သော် “မည်မျှကြာကြာ အစာရှောင်ကြသနည်း” ဆိုသည့်အပိုင်းတွင်တော့ ပုံစံအမျိုးမျိုးရှိခဲ့ပါသည်။
ရှင်ဂျက်စတင်မာတာ (ခရစ်နှစ် ၁၀၀-၁၆၅ ခန့်)
- ရောမအင်ပါယာ နိုင်ငံတော်လူကြီးမင်းများ၊ ဒဿနပညာရှင်များ၏ ရှေ့မှောက်တွင် ခရစ်ယာန်ဘာသာအတွက် ခုခံကာကွယ်ပြောဆိုသူ (apologist) ဖြစ်ပါသည်။ သူသည် ခရစ်ယာန်တို့၏ ဝတ်ပြုကိုးကွယ်ခြင်း၊ ယုံကြည်ခြင်းနှင့် အလေ့အကျင့်များသည် ကျမ်းစာနှင့် ကိုက်ညီကြောင်း၊ သမ္မာကျမ်းစာ၌ အမြစ်တွယ်ထားကြောင်း ရှင်းပြခဲ့သည့် အစောဆုံး ခရစ်ယာန်ခုခံပြောဆိုသူများထဲမှ တစ်ဦးဖြစ်သည်။
- သူ၏ ပထမဆုံး ခုခံချက်တွင် ဂျက်စတင်သည် ဗတ္တိဇံများ (နှစ်ခြင်းပေးခြင်း၊ ဆေးကြောခြင်း) ကို အီစတာပွဲတော်တွင် ပြုလုပ်ကြောင်း ဖော်ပြခဲ့ပြီး ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းဖြင့် ပြင်ဆင်ခဲ့ကြသည်ဟုဆိုသည်။ “ယုံကြည်၍ ဘာသာဝင်လိုသူများသည် … ကျူးလွန်ခဲ့ပြီးသောအပြစ်များ ခွင့်လွှတ်ခြင်းအတွက် ဆုတောင်းရန်နှင့် အစာရှောင်ရန် ညွှန်ကြားခြင်း ခံရကြသည်။” (ရှင်ဂျက်စတင်မာတာ၏ ပထမဆုံး ခုခံချက် ၆၁)
- ဤသည်မှာ ဥပုသ်ရာသီ ကျင့်သုံးမှု ဓလေ့၏ ရှေးကျမှုအပြင် ဗတ္တိဇံခံယူရန် ပြင်ဆင်ခြင်းနှင့်ပါ ဆက်စပ်ကြောင်း ပြသနေပါသည်။ ယနေ့ ခရစ်ယာန်ဂိုဏ်းအသီးသီးတွင် ဆက်လက်ကျင့်သုံးသော ဓလေ့တစ်ခုဖြစ်လျက်နေပါသည်။
တာတူလီယန် (ခရစ်နှစ် ၁၅၅-၂၂၀ ခန့်)
- ရက်ပေါင်း ၄၀ အစာရှောင်ခြင်းအကြောင်း တိုက်ရိုက်ပြောဆိုခဲ့သည်။ “ငါတို့သည် ပိုမိုတင်းကျပ်သော အစာရှောင်ခြင်းကို စတင်ကျင့်သုံးတော့မည်ဖြစ်ရာ ညှဉ်းပန်းနှိပ်စက်သူများအတွက်လည်း ဆုတောင်းရမည်။” (အစာရှောင်ခြင်းအကြောင်း ၁၄)
- သူသည် အစာရှောင်ခြင်းသည် အပြင်ပန်း သီလဆောက်တည်ခြင်းမျှသာမဟုတ်ဘဲ ကိုယ်ဝိညာဉ်ကို ဆုံးမရန်နှင့် ဘုရားသခင်နှင့် ပိုမိုနီးကပ်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း အလေးပေးခဲ့ပါသည်။
အလက်ဇန်းဒရီးယားမှ ရှင်အသနေးရှပ်စ် (ခရစ်နှစ် ၂၉၆-၃၇၃ ခန့်)
- “တမန်တော်မြတ်ကြီးများမှ ဆင်းသက်လာသော မူလမှန်ကန်သည်ဟု ယူဆသည့် ယုံကြည်ချက်များ” (orthodox doctrine) ကို ပြင်းထန်စွာကာကွယ်သူနှင့် ဥပုသ်ရာသီကို ပုံသွင်းရာတွင် အဓိကကျသော ပုဂ္ဂိုလ်ဖြစ်သည်။
- သူ၏ ပွဲတော်စာများတွင် သန့်ရှင်းသော ရက်သတ္တပတ်ကို ဦးတည်သော ရက်ပေါင်း ၄၀ အစာရှောင်ခြင်းကို တိုက်တွန်းခဲ့ပြီး ခရစ်ယာန်များအား ဤအချိန်ကို ဆုတောင်းခြင်းနှင့် နောင်တရခြင်းအတွက် အသုံးပြုရန် တိုက်တွန်းခဲ့သည်။ “ငါတို့သည် အသားဟင်းများကို ရှောင်ကြဉ်ခြင်းဖြင့်သာ ဥပုသ်သီလ ဆောက်တည်ခြင်း မပြုကြပါနှင့်။ ငါတို့၏ အပြစ်ကျူးလွန်ခြင်းအကျင့်ဆိုးများကိုလည်း ရှောင်ကြဉ်ကြပါစို့။”
အဓိကအနှစ်ချုပ်၊ ခရစ်ယာန် ဥပုသ်ရာသီ၏ ကျမ်းစာနှင့် ရှေးဦးအသင်းတော်မြစ်ဖျားခံရာများ
- ကျမ်းစာအခြေခံ – ဥပုသ်ရာသီသည် သခင်ယေရှု၏ ရက် ၄၀ အစာရှောင်ခြင်း၊ ယုံကြည်သူတို့၏ နောင်တရခြင်းနှင့် ဝိညာဉ်ရေးရာပြင်ဆင်ခြင်းဆိုင်ရာ ကျယ်ပြန့်သော ကျမ်းစာအယူအဆများမှ ဆင်းသက်လာသည်။
- တမန်တော်ဆက်ခံမှု – အီစတာပွဲတော်မတိုင်မီ အစာရှောင်ခြင်းအလေ့အထသည် ဒုတိယရာစုနှစ်ကတည်းက ပေါ်ထွန်းလာခဲ့ပြီး ရှင်ဣရေနဲနှင့် ရှင်ဂျပ်စတင်မာတာကဲ့သို့သော ပုဂ္ဂိုလ်များက ရှေ့ပြေးအုတ်မြစ်ချပေးခဲ့ကြသည်။
- တိကျသောနေ့စွဲများသတ်မှတ်၍တရားဝင် ဆင်နွှဲလာခြင်း – ၄ ရာစုနှစ် (နိုင်စီးယားကောင်စီ၊ ခရစ်နှစ် ၃၂၅) တွင် ဥပုသ်ရာသီသည် ရက် ၄၀ ပုံစံဖြင့် ပိုမိုစနစ်ကျလာခဲ့ပြီး အီစတာပွဲတော်အတွက်သာမက ဗတ္တိဇံခံယူခြင်းနှင့် ဝိညာဉ်ရေးရာ ပြင်ဆင်ခြင်း အတွက်ပါ ကျင့်သုံးခဲ့ကြသည်။
- ဝိညာဉ်ရေးအာရုံစိုက်မှု – ရှင်ပေါ်လီကာ့ပ်၊ ရှင်ဣရေနဲနှင့် ရှင်အသနေးရှပ်စ်ကဲ့သို့သော ရှေးခေတ် ကနဦး အသင်းတော်ဖခင်ကြီးများက အစာရှောင်ခြင်းသည် အပြင်ပန်း ဓလေ့ထုံးတမ်းဆင်ယင်ကျင်းပခြင်းများသာမက အတွင်းစိတ်နှလုံးပိုင်းအသွင်ပြောင်းလဲခြင်းကို ထင်ဟပ်စေရမည်ဟု အလေးပေးခဲ့ကြပြီး ရှင်မဿဲ ၆ ရှိ သခင်ယေရှုဘုရား၏ သွန်သင်ချက်ဩဝါဒများနှင့်လည်း ထိန်းကျောင်းတည့်မတ်ခြင်း ခံထားလျက်ရှိပါသည်။
ခရစ်ယာန်ဂိုဏ်းများ၏ ခေတ်သစ်ဥပုသ်ရာသီကာလကျင့်သုံးပုံ
ယခုခေတ်၌ အဓိကကျသော ခရစ်ယာန်ဓလေ့ထုံးတမ်းအသီးသီးတွင် ဥပုသ်ရာသီအား မည်သို့ဆောက်တည်ကြသည်ကို ဖော်ပြပါမည်။
ရောမကက်သလစ် အသင်းတော် (Roman Catholic Church)
- အသောက်အစား၊ အပျော်အပါး ရှောင်ကြဉ်ခြင်း – ကက်သလစ်ဝင်များသည် ပြာခံရာဗုဒ္ဓဟူးနေ့နှင့် မဟာသောကြာကြီးနေ့တွင် အစာရှောင်ကြသည် (အစာအပြည့် တစ်နပ်၊ အစာပြေ နှစ်နပ်၊ အသားမစားကြ)။
- အသားမစားကြသော သောကြာနေ့များ – ဥပုသ်ရာသီကာလ၏ သောကြာနေ့တိုင်းတွင်လည်း အသားဟင်း ရှောင်ကြဉ်ကြသည်။
- ဝိညာဉ်ရေးအာရုံစိုက်မှု – အပြစ်ဝန်ချတောင်းပန်ခြင်း၊ သခင်ယေရှု၏ လက်ဝါးကပ်တိုင်လမ်းကို အောက်မေ့ခြင်း နှင့် အလှူအတန်းပြုခြင်းကို အလေးပေးသည်။
- ဥပုသ်ရာသီအတွက် စွန့်လွှတ်မှုများ – လူအများသည် မိမိကိုယ်ကို ငြင်းပယ်သည့်ပုံစံဖြင့် တစ်စုံတစ်ခု (အချိုပွဲ၊ အရက်၊ သို့မဟုတ် လူမှုမီဒီယာအသုံးပြုခြင်း စသည်) ကို “စွန့်လွှတ်” လေ့ရှိကြသည်။
အရှေ့တိုင်းဩသိုဒေါ့ အသင်းတော် (Eastern/Oriental Orthodox Church)
- စင်ကြယ်သော တနင်္လာနေ့ (၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်) မှစတင်၍ Great Lent (မဟာ ဥပုသ်ရာသီ) ကို ဆောက်တည်ကြပါသည်။
- တင်းကြပ်သော အစာရှောင်ခြင်း – ဥပုသ်ရာသီကာလတစ်လျှောက်လုံး အသား၊ နို့ထွက်ပစ္စည်း၊ သို့မဟုတ် တိရစ္ဆာန်ထွက်ကုန်များ မစားသုံးကြပါ။ အချို့သည် အချို့နေ့ရက်များတွင် ဆီနှင့် စပျစ်ရည်ကိုလည်း ရှောင်ကြဉ်ကြသည်။
- ဝိညာဉ်ရေးရာ ကျင့်သုံးမှုများ – ကြိုတင်သန့်ရှင်းထားသော ဓမ္မဝတ် (Presanctified Liturgy) ကဲ့သို့သော အပိုထပ်ဆောင်းဝတ်ပြုကိုးကွယ်မှုများနှင့် ရှင်ဧဖရိမ်၏ ဆုတောင်းချက်အပါအဝင် ထပ်ဆောင်း ဆုတောင်းခြင်းများ ပါဝင်သည်။
- နောင်တရခြင်းနှင့် စိတ်နှိမ့်ချခြင်းမှတစ်ဆင့် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း (theosis) ကို အဓိကထားသည်။
အင်္ဂလီကန် အသင်းတော် (Anglican Church)
- ပြာခံရာဗုဒ္ဓဟူးနေ့သည် ပြာတင်ခြင်းဖြင့် ဥပုသ်ရာသီ၏ အစကို အမှတ်အသားပြုသည်။
- အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့် ကုသိုလ်ကောင်းမှုများကို အားပေးသည်။
- တစ်ဦးချင်းစီသည် မိမိတို့၏ ဥပုသ် သီလဆောက်တည်နည်းများကို အလျင်းသင့်သလို ရွေးချယ်နိုင်ပြီး၊ မိမိတို့၏ကြွယ်ဝမှုများကို စွန့်ကြဲခြင်း သို့မဟုတ် အများအကျိုးဆောင်ခြင်းတို့ ပါဝင်ပါသည်။
လူသာရင် အသင်းတော် (Lutheran Church)
- နောင်တရခြင်းအပေါ် အလေးပေးသော သမ္မာကျမ်းစာဖတ်ရွတ်မှုများနှင့် ပြာတင်ခြင်းဖြင့် ပြာခံရာ ဗုဒ္ဓဟူးနေ့ ဝတ်ပြုခြင်းများကို ပြုလုပ်သည်။
- အပတ်စဉ် ဥပုသ်ရာသီ ဝတ်ပြုခြင်းများတွင် များသောအားဖြင့် သခင်ခရစ်တော်၏ ဒုက္ခဆင်းရဲခံစားတော်မူခြင်းအကြောင်း ဆင်ခြင်သုံးသပ်ခြင်းများ ပါဝင်သည်။
- အစာရှောင်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စွန့်လွှတ်မှုများကို အားပေးသော်လည်း တင်းကြပ်စွာ ကျင့်သုံးရန် မတိုက်တွန်းပါ။
- ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် အလှူအတန်းပြုခြင်း။
မက်သဒစ် အသင်းတော် (Methodist Church)
- အစာရှောင်ခြင်းနှင့် ဝိညာဉ်ရေးသီလများကို ဆောက်တည်နိုင်သည့် နည်းအမျိုးမျိုးဖြင့် အားပေးသည်။
- ကိုယ်တိုင် လောကီအညစ်အကြေးနှင့် ကင်းစင်အောင်နေထိုင်ခြင်းနှင့် လူမှုရေးတရားမျှတမှုကို အဓိကထားပြီး အသင်းသားများကို ဥပုသ်ရာသီအတွင်း အများအကျိုးဆောင်ရန် တိုက်တွန်းသည်။
- ဂျွန်ဝက်စ်လေကိုယ်တိုင် ပုံမှန်အစာရှောင်ခဲ့ပြီး ဥပုသ်ရာသီအတွင်း ကိုယ့်ကိုယ်ကို ဆန်းစစ်ဆင်ခြင်ခြင်းကို အလေးထားခဲ့သည်။
ပရက်စ်ဘီတေးရီးယန်းနှင့် ရီဖောမ်းအသင်းတော်များ (Presbyterian and Reformed Churches)
- ထုံးတမ်းစဉ်လာအရ ဥပုသ်ရာသီနှင့် ပတ်သက်၍ တရားဝင်မှု ဆင်ယင်ကျင်းပမှုနည်းပါးသော်လည်း ခေတ်သစ်အသင်းတော်များစွာသည် ဝိညာဉ်ရေးရာ ပြန်လည် ဆန်းစစ်ခြင်းကာလအဖြစ် လက်ခံကျင့်သုံးလာကြသည်။
- အစာရှောင်ခြင်းသည် မိမိဆန္ဒအလျောက်ဖြစ်ပြီး နောင်တရခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းကို အလေးပေးကြသည်။
- အချို့အသင်းတော်များသည် ပြာခံရာဗုဒ္ဓဟူးနေ့၊ ဖမ်းစီးစစ်ဆေး ကြာသပေတေးနေ့နှင့် မဟာသောကြာကြီးနေ့တို့အတွက် အထူးဝတ်ပြုခြင်းများ ပြုလုပ်ကြသည်။
နှစ်ခြင်းအသင်းတော်နှင့် ဧဝံဂေလိအသင်းတော်များ (Baptist and other Evangelical Churches)
- သမိုင်းကြောင်းအရ နှစ်ခြင်းအများစုသည် ဥပုသ်ရာသီကို အခြားအသင်းတော်များကဲ့သို့ သတ်သတ်မှတ်မှတ် ကျင့်သုံးခြင်း မရှိခဲ့ကြဘဲ ၎င်းကို ကျမ်းစာထဲတွင် မတွေ့ရသော “လူလုပ်ထုံးတမ်းစဉ်လာ” အဖြစ် ရှုမြင်ခဲ့ကြသည်။ ဤဆင်ခြေသည် အားနည်းသော အကြောင်းအပြချက်တခုအဖြစ် စာရေးသူရှုမြင်သည်၊ အကြောင်းမှာ ကျမ်းစာထဲတွင် စာသားတိုက်ရိုက် မပါဝင်သော အခြားသောဓလေ့ထုံးတမ်းများကို နှစ်ခြင်းများလည်း လုပ်ဆောင်လေ့ရှိကြသည်၊ ဥပမာ ၁၈ ရာစုတွင် စတင်ခဲ့သော ဓမ္မပညာကျောင်း (Sunday School) စနစ်သည် နှစ်ခြင်းအသင်းတော်များတွင် အလွန်အရေးပါသော ဓလေ့တစ်ခုဖြစ်လာခဲ့သည်၊ ထိုဓလေ့သည် ကျမ်းစာထဲတွင် တိုက်ရိုက် မညွှန်ကြားထားပါ၊ ကျမ်းစာထဲတွင် ဘုရားကျောင်းဆောက်သည့်အခါ လက်ဝါးကားတိုင်ထည့်ဆောက်ဖို့ တိုက်ရိုက်မညွှန်ကြားထားသော်လည်း ဘုရားကျောင်းများဆောက်လုပ်ရာတွင် ကားတိုင်ထည့်ဆောက်ခြင်း စသဖြင့်။ နောက်ပိုင်းတွင် သံလွင်ခက်တနင်္ဂနွေနေ့၊ ဖမ်းဆီးစစ်ဆေးကြာသပတေးနေ့၊ မဟာသောကြာကြီးနေ့နှင့် ရှင်ပြန်ထမြောက်ခြင်းနေ့များအတွင် အထူးဝတ်ပြုစည်းဝေးခြင်းအစီအစဉ်များအဖြစ် ဆင်နွှဲလာကြပြီဖြစ်သည်။
- မကြာသေးသည့် နှစ်များတွင် အချို့သော ဧဝံဂေလိနှင့် non-denominational အသင်းတော်များသည် နောင်တရခြင်း၊ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အားပေးသော သတ်သတ်မှတ်မှတ် မထားထားသည့် ဥပုသ်ရာသီ အလေ့အကျင့်များကို စတင်ကျင့်သုံးလာကြသည်။
ဂိုဏ်းအသီးသီးကြား အဓိကကျသော အကြောင်းအရာများ
ကွဲပြားမှုများရှိသော်လည်း ဥပုသ်ရာသီကာလသည် ခရစ်ယာန်အများစုကို အောက်ပါအချက်များဖြင့် စည်းလုံးစေသည်။
နောင်တရခြင်း – အပြစ်မှလှည့်ခွာ၍ ဘုရားသခင်ထံသို့ အာရုံပြန်လည်စိုက်ခြင်း။
အစာရှောင်ခြင်းနှင့် မိမိကိုယ်ကို ငြင်းပယ်ခြင်း – သခင်ယေရှု၏ တောကန္တာရ၌ သီတင်းသုံးတော်မူခဲ့ခြင်းကို ဆင်ခြင်ခြင်း။
ဆုတောင်းခြင်း – ဘုရားသခင်နှင့် ပိုမိုနက်ရှိုင်းသော မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေခြင်း။
ကုသိုလ်ကောင်းမှု – ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ခြင်းနှင့် ဆင်းရဲသားများကို ထောက်ပံ့စောင့်ရှောက်ခြင်း။
သခင်ခရစ်တော်၏ အနစ်နာခံခြင်းအကြောင်း ဆင်ခြင်သုံးသပ်ခြင်း – သခင်ယေရှု၏ ဒုက္ခဆင်းရဲခံစားတော်မူခြင်း၊ အသေခံတော်မူခြင်း နှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို စဉ်းစားဆင်ခြင်ခြင်းဖြစ်ကြောင်း ဖော်ပြရင်း “ခရစ်ယာန်တို့၏ ရက်ပေါင်း (၄၀) ဥပုသ်ရာသီ” ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါသည်။
Recommend reading:
- Great Lent (Wikipedia) [https://en.wikipedia.org/wiki/Great_Lent]
- Lent (Britannica) [https://www.britannica.com/topic/Lent]
- Great Lent (Orthodoxwiki) [https://orthodoxwiki.org/Great_Lent]
- What Is Lent All About, and Why Is It Important? [https://www.cru.org/us/en/train-and-grow/life-and-relationships/holidays/lent/what-is-lent-about-and-why-is-it-important.html]
- Early Church Fathers (New Advent) [https://www.newadvent.org/fathers/]
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John The Beloved နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။