Skip to content

နိဒါန်း

Sola Scriptura” ဒါမှမဟုတ် “Scripture Alone” ဆိုတဲ့ မြန်မာလို “သမ္မာကျမ်းစာသည်သာ” လို့ လူသိများတဲ့ ပရိုတက်စတင့်ခရစ်ယာန်တွေရဲ့ ယုံကြည်ခြင်းမူဝါဒတခုနဲ့ပတ်သက်ပြီး မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ ကမ္ဘာတဝန်းမှာပဲဖြစ်ဖြစ်၊ ကက်သလစ်ခရစ်ယာန်တွေနဲ့ ပရိုတက်စတင့်ခရစ်ယာန်တွေကြားမှာ တဘက်နဲ့တဘက် အသင်းသူ၊ အသင်းသားအချင်းချင်း ယုံကြည်ချက်ခြင်း မတိုက်ဆိုင်၊ သေချာတွေ့ဆုံဆွေးနွေးဖလှယ်တာမျိုးလည်း မလုပ်ဖြစ်ကြတော့၊ အဲ့လိုကနေ “သမ္မာကျမ်းစာသည်သာ” ဆိုတာ ဘာကိုပြောတာလဲဆိုတာနဲ့ပတ်သက်ပြီး သမိုင်းကို ကောင်းကောင်း သဘောမပေါက်ခြင်းကနေ အထင်အမြင်တွေလွဲပြီး ခရစ်ယာန်ညီအစ်ကိုမောင်နှမချင်း စည်းလုံးညီညွတ်မှုပျက်ပြားကာ ဘုရားသခင့် ဘုန်းတော်မထင်ရှားတဲ့အဖြစ်တွေထိရောက်ကုန်တာ တွေ့နေရတော့ ဒီဆောင်းပါးလေးတော့ ရေးသင့်တယ်ဆိုပြီး ရေးဖြစ်သွားပါတယ်။ ကက်သလစ်တွေကလည်း ပရိုတက်စတင့်တွေကို “Sola Scriptura” ဆိုပြီး အသင်းတော်အခွင့်အာဏာ (Church Authority) နဲ့ ခရစ်ယာန်သမိုင်းတလျှောက် ရှေးဘိုးဘေးခရစ်ယာန်တွေ အသက်၊ သွေး၊ ချွေးပေးဆပ်ပြီး လက်ဆင့်ကမ်းပေးလာတဲ့ အသင်းတော် ဓလေ့ထုံးတမ်း (Holy or Sacred Tradition) ကို မလေးစားတဲ့ သင်းကွဲသစ္စာဖောက်တွေလို့မြင်တယ်။ တဘက်မှာလည်း ပရိုတက်စတင့်တွေကလည်း “Sola Scriptura” ပဲဆိုပြီး “My Pastor and my Bible” နဲ့ပဲ နှစ်ပါးသွားမယ်ဆိုတဲ့ ယွင်းမှားအယူနဲ့ အစွန်းရောက်မှုတွေရှိနေပြန်တယ်။ နောက်ပြီး တချို့ ပရိုတက်စတင့်တွေကျတော့ ကက်သလစ်ခရစ်ယာန်တွေကို သမ္မာကျမ်းစာကို မလေးစားတဲ့သူတွေဆိုပြီး မြင်လာကြနဲ့၊ ပုပ်ရဟန်းမင်းကြီးကိုလည်း “အန္တိခရစ်” လို့ပြောလို့ပြော၊ ရောမကက်သလစ်အသင်းတော်ကိုလည်း “ဗာဗုလုန်” နဲ့ခိုင်းနှိုင်းတဲ့ထိ ဖြစ်နေကြတော့ ဒီ “Sola Scriputra” အကြောင်းကို စာရေးသူ ကိုယ်တိုင်လေ့လာမှတ်သား၊ ခံယူမိသလောက် ပြန်လည်ဝေမျှလိုခြင်းဖြစ်ပါတယ်။

“Sola Scriptura” (ဆိုလာ စခရစ်ချူရာ) ဆိုတာ လက်တင်ဘာသာစကားဖြစ်ပြီး “သမ္မာကျမ်းစာသည်သာ အမြင့်ဆုံးသော အခွင့်အာဏာ” လို့ အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်လိုဆို “Scripture Alone” လို့ လူသိများပါတယ်။ ၎င်းဟာ ၁၆ ရာစုက ပရိုတက်စတင့် အသင်းတော်ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု (Protestant Reformation Movement) ရဲ့ အဓိက ဆောင်ပုဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ခရစ်ယာန်တွေအတွက် ယုံကြည်ခြင်းနဲ့ လက်တွေ့ကျင့်သုံးမှုတွေမှာ သမ္မာကျမ်းစာဟာ အမြင့်ဆုံးနဲ့ နောက်ဆုံး အန္တိမ အခွင့်အာဏာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ အသင်းတော်ရိုးရာဓလေ့ထုံးတမ်း (Church Tradition) တွေ၊ အသင်းတော်ကောင်စီ (Church Councils) တွေလို တခြား အခွင့်အာဏာရင်းမြစ်တွေကို မလိုအပ်ဘူးလို့ ငြင်းပယ်တာ မဟုတ်ဘဲ သမ္မာကျမ်းစာကိုပဲ အမြင့်ဆုံး စံနှုန်းအဖြစ် ယုံကြည်ခံယူထားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ သမ္မာကျမ်းစာတစ်ခုတည်းသာ ဘုရားသခင်ရဲ့ စေ့ဆော်မှုဖြင့် ရှေးပရောဖက်ကြီးများနဲ့ သခင်ယေရှုဘုရားရဲ့ တမန်တော်ကြီးများ ရေးသားချန်ရစ်ထားခဲ့တဲ့ ကျမ်းစာများဖြစ်နေလို့ဖြစ်ပါတယ်။

ဒီအယူအဆကို ဘယ်သူက ပထမဆုံး မိတ်ဆက်ခဲ့လဲ

ကနဦးအသင်းတော်ခေတ်က ရှေ့ပြေး Sola Scriptura

“Sola Scriptura” လို့ တိတိကျကျ မခေါ်သေးပေမယ့် ကနဦးအသင်းတော်ခေါင်းဆောင်တွေဟာ မှားယွင်းတဲ့ သွန်သင်ချက်တွေနဲ့ ဘာသာရေးအငြင်းပွားမှုတွေကို ကိုင်တွယ်ရာမှာ သမ္မာကျမ်းစာတော်မြတ်ရဲ့ အရေးပါမှုနဲ့ အခွင့်အာဏာကို အလေးပေးခဲ့ကြပါတယ်။ ဥပမာ၊

ရှင်ဣရေနဲ (St. Irenaeus) က သမ္မာကျမ်းစာတော်မြတ်ဟာ ယုံကြည်ခြင်းနဲ့ လက်တွေ့ကျင့်သုံးမှုအတွက် အပြီးသတ်လမ်းညွှန် ဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။

ရှင်အသနေရှက် (St. Athanasius) က ယုံကြည်ခြင်းကို သွန်သင်ဖို့ သမ္မာကျမ်းစာတော်မြတ်ဟာ လုံလောက်တယ်လို့ ညွှန်ပြခဲ့ပါတယ်။

သို့သော် ဒီမှာတခုရှိတာက ကနေဦးရှေးအသင်းတော်ဖခင်ကြီးတွေက အသင်းတော်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနဲ့ အသင်းတော်ကောင်စီတွေကိုလည်း အရေးပါတဲ့ အလေးပေးမှု ပေးခဲ့တယ်ဆိုတာကိုတော့ သိထားရပါမယ်။ ရှေးကနဦးအသင်းတော်ဖခင်ကြီးတွေရဲ့ အဖိုးတန် ဩဝါဒစာပေအမွေအနှစ်တွေကို “နိုင်စင်းခေတ်မတိုင်မီ အသင်းတော်ဖခင်များ” နဲ့ “နိုင်စင်းခေတ် နဲ့ နောက်ပိုင်း အသင်းတော်ဖခင်များ” လို့ခေါ်တဲ့ စာအုပ်တွဲတွေမှာ တွေ့နိုင်ပြီး အင်တာနက်ပေါ်မှာလည်း အခမဲ့ဖတ်ရှုနိုင်ပါတယ်။ The Ante-Nicene Fathers and Nicene and Post-Nicene Fathers လို့သာ Google ခေါက်လိုက်ပါ။

အသင်းတော်ပြုပြင်ပြောင်းလဲရေးကာလမှာ တရားဝင်မိတ်ဆက်ခြင်း

Sola Scriptura ကို သီးခြားဘာသာရေးအခြေခံမူအဖြစ် တရားဝင်မိတ်ဆက်တာကို ၁၆ ရာစု အစောပိုင်းမှာ Fr.မာတင်လူသာက စတင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ သူက အလယ်ခေတ် ကက်သလစ်ဘာသာရေးခေါင်းဆောင်တွေထဲကတဦးဖြစ်ပြီး Augustinian ကက်သလစ်ဘုန်းကြီးတစ်ပါးပါ။ သူက အဲ့အချိန်တုန်းက ဓမ္မပညာပါရဂူဘွဲ့ရပြီး တက္ကသိုလ်မှာလည်း ကျမ်းစာသင်ပေးနေတဲ့သူတယောက်ပါ။

 သူက အလယ်ခေတ် ကက်သလစ်ထဲမှာ ထင်ရှားလာတဲ့ ပုပ်ရဟန်းမင်းကြီး၊ အသင်းတော်ကောင်စီတွေ၊ နဲ့ အချက်ပျက်ခြစားမှုတွေရှိနေတဲ့ အသင်းတော်ရဲ့ အချို့သောရိုးရာအစဉ်အလာတွေရဲ့ အခွင့်အာဏာကို စိန်ခေါ်ဖို့ ဒီအခြေခံမူကို သုံးခဲ့ပါတယ်။ တခြား ကက်သလစ်ဘာသာဝင်ဟောင်းတွေဖြစ်ခဲဖူးတဲ့ ဂျွန်ကယ်လ်ဗင်အူလ်ရစ်ဇွင်းဂလီ နဲ့ နောက်ပိုင်း ပရိုတက်စတင့် ခေါင်းဆောင်တွေက ဒီသွန်သင်ချက်ကို ပိုမိုကျယ်ပြန့်စေပြီး ရှင်းလင်းအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

Sola Scriptura ဆိုတာ ဘာလဲ 

 

အမြင့်ဆုံး အခွင့်အာဏာ 

Sola Scriptura ဆိုတာ ခရစ်ယာန်တွေ ဘာယုံကြည်သင့်တယ်၊ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ သမ္မာကျမ်းစာဟာ အမြင့်ဆုံးနဲ့ နောက်ဆုံး အန္တိမ အခွင့်အာဏာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါဟာ ကျမ်းစာဟာ ဘုရားသခင် မှုတ်သွင်းထားတဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး ကယ်တင်ခြင်းနဲ့ ဘုရားဝတ်၌ မွေ့ လျော်ခြင်း အတွက် လိုအပ်တာ အားလုံးကို ဖော်ပြပေးနိုင်တယ်လို့ ယုံကြည်လို့ပါ (၂ပေ ၁:၃)။

အခြားစံနှုန်းအားလုံးကို အုပ်စိုးတဲ့ စံနှုန်း

 အသင်းတော်ပြုပြင်ပြောင်းလဲရေးသမားတွေဟာ အသင်းတော်ဓလေ့ထုံးတမ်း၊ အကျိုးအကြောင်းဆင်ခြင်မှု၊ အတွေ့အကြုံ စတာတွေလို တခြားအခွင့်အာဏာရင်းမြစ်တွေကို အသိအမှတ်ပြုပေမယ့် အဲဒီရင်းမြစ်တွေဟာ သမ္မာကျမ်းစာတော်မြတ်အောက်မှာ ရှိရမယ်၊ သမ္မာကျမ်းစာနဲ့ အကဲဖြတ်ရမယ်လို့ အလေးပေးပြောကြပါတယ်။ ဥပမာ – အသင်းတော် ဓလေ့ထုံးတမ်းအစဉ်အလာ (Church Tradition) ဒါမှမဟုတ် အသင်းတော်ကောင်စီတစ်ခုခု (Church Councils) က သမ္မာကျမ်းစာနဲ့ ဆန့်ကျင်ရင် ပြုပြင်ရမယ် ဒါမှမဟုတ် ပယ်ရမယ် .. အဲ့လိုမျိုး ယုံကြည်တာပါ။

သမ္မာကျမ်းစာရဲ့ လုံလောက်မှု 

Sola Scriptura က ကယ်တင်ခြင်း၊ ယုံကြည်ခြင်း၊ နဲ့ ခရစ်ယာန်ဘဝအတွက် လိုအပ်တဲ့အရာတွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာ တိုက်ရိုက်သွန်သင်ထားတာ ဒါမှမဟုတ် သမ္မာကျမ်းစာကနေ ကောက်ချက်ဆွဲလို့ရတယ်လို့ အတည်ပြုပါတယ်။ ဒီလုံလောက်မှုဟာ အသင်းတော်သွန်သင်ချက်တွေ ဒါမှမဟုတ် ကျမ်းပညာရှင်တွေရဲ့ သုတေသနတွေရဲ့ တန်ဖိုးကို ငြင်းပယ်တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ အခွင့်အာဏာဟာ သမ္မာကျမ်းစာတော်မြတ်ကနေ ဆင်းသက်လာတာမျိုးပဲ ဖြစ်ရမယ်လို့ဆိုပါတယ်။

သခင်ခရစ်တော်ဗဟိုပြု အာရုံစိုက်မှု 

Sola Scriptura က ကျမ်းစာဟာ ကမ္ဘာဦးကျမ်းကနေ ဗျာဒိတ်ကျမ်းအထိ သခင်ခရစ်တော်နဲ့ ကိုယ်တော်ရဲ့ ရွေးနှုတ်ခြင်းအမှုတော်မြတ်ကို ညွှန်ပြတယ်လို့ အခိုင်အမာပြောပါတယ် (ယော ၅:၃၉၊ လု ၂၄:၂၇)။ အသင်းတော်ပြုပြင်ပြောင်းလဲရေးသမားတွေက သမ္မာကျမ်းစာတော်မြတ်ဟာ သခင်ယေရှုဘုရားကို သိဖို့နဲ့ ကိုယ်တော့်အပေါ် ယုံကြည်ခြင်း ကြီးထွားဖို့ ဘုရားသခင်ရဲ့ တန်ဆာပလာ ဖြစ်တယ်လို့ မြင်ကြပါတယ်။

Sola Scriptura က ဘာ မဟုတ်ဘူးလဲ 

 

ရိုးရာဓလေ့တွေကို လုံးဝပယ်ချတာ မဟုတ်ဘူး 

အသင်းတော်ပြုပြင်ပြောင်းလဲရေးသမားတွေဟာ အသင်းတော်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအားလုံးကို မပယ်ခဲ့ပါဘူး။ ဥပမာ၊ နိုင်စင်းယုံကြည်ချက် (Nicene Creed) လို ရှေးခေတ်ယုံကြည်ချက်ဆိုင်ရာ ကြေညာချက်တွေ နဲ့ အသင်းတော်ဖခင်ကြီးတွေရဲ့ စာပေတွေကို တန်ဖိုးရှိတဲ့ လမ်းညွှန်ချက်တွေအဖြစ် လေးစားခဲ့ကြပါတယ်။ ဒါပေမယ့် ကျမ်းစာသွန်သင်ချက်နဲ့ ဆန့်ကျင်တဲ့ သို့မဟုတ် ကျမ်းစာသွန်သင်ချက်ကို ထပ်ဖြည့်ပြီး ကျမ်းစာနဲ့ တန်းတူအခွင့်အာဏာ ရှိတယ်ဆိုတဲ့ ရိုးရာဓလေ့တွေကိုတော့ ငြင်းပယ်ခဲ့ကြပါတယ်။

တစ်ကိုယ်တော်ဆန်မှု သို့မဟုတ် ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုမှု မဟုတ်ဘူး 

Sola Scriptura ဆိုတာ လူတိုင်းက အသင်းတော်ကြီးရဲ့ သွန်သင်မှု သို့မဟုတ် သမိုင်းဝင် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေရဲ့ လမ်းညွှန်မှုကို လျစ်လျူရှုပြီး သူတို့ကြိုက်သလို ကျမ်းစာကို အဓိပ္ပါယ်ဖွင့်ဆိုခွင့် ရှိတယ်လို့ မဆိုလိုပါဘူး။ အသင်းတော်ရဲ့ သမိုင်းကြောင်းနဲ့ ဘာသာရေးအယူအဆ အကြောင်းအရာထဲမှာ နှိမ့်ချခြင်းနဲ့ သတိထားပြီး ကျမ်းစာဖွင့်ဆိုဖို့ ဖြစ်ပါတယ်။

အသင်းတော်အခွင့်အာဏာကို ငြင်းပယ်တာ မဟုတ်ဘူး 

Sola Scriptura က ဘုန်းတော်ကြီးတွေ၊ သင်းအုပ်ဆရာတွေ၊ သင်းထောက်တွေ၊ နဲ့ အသင်းတော်ကောင်စီတွေရဲ့ အခွင့်အာဏာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အဲဒီအခွင့်အာဏာတွေဟာ သမ္မာကျမ်းစာတော်မြတ်အောက်မှာပဲ ရှိရပါတယ်။ လူ့သမိုင်းမှာလည်း အသင်းတော်ဟာ အမှားကင်းတာ မဟုတ်လို့ အသင်းတော်ရဲ့ သွန်သင်ချက်တွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ကိုက်ညီအောင် အမြဲပြုပြင်နေရပါတယ်။

“Solo Scriptura” (ဆိုလို စခရစ်ချူရာ) မဟုတ်ဘူး 

“Sola” (ဆိုလာ) ဖြစ်ပါတယ်။ “Solo” (ဆိုလို) မဟုတ်ပါဘူး။ Sola Scriptura (ဆိုလာ စခရစ်ချူရာ) ကို “Solo Scriptura” (ဆိုလို စခရစ်ချူရာ) နဲ့ မကြာခဏ ရောထွေးကြပါတယ်။ “Solo Scriptura” (ဆိုလို စခရစ်ချူရာ) ဆိုတဲ့ “သမ္မာကျမ်းစာတခုတည်း သီးသန့်” ဆိုတာက သမိုင်းဝင် ပရိုတက်စတင့်ယုံကြည်ခြင်း မူဝါဒနဲ့ ဆန့်ကျင်ပြီး အစွန်းရောက်နေပါတယ်။ “Solo Scriptura” က အသင်းတော်ရိုးရာဓလေ့ထုံးတမ်း၊ ယုံကြည်သူအသိုင်းအဝိုင်း နဲ့ အသင်းတော်သမိုင်းရဲ့ အခန်းကဏ္ဍကို လုံးဝပယ်ချပြီး၊ ခရစ်ယာန်တွေက သူတို့ရဲ့ ကျမ်းစာပဲ လိုတယ်၊ အဓိပ္ပါယ်ဖွင့်ဆိုဖို့ ပြင်ပအကူအညီ မလိုဘူးလို့ ဆိုပါတယ်။ ခုနက အပေါ်မှာ ပြောခဲ့သလိုပေါ့။ “My Pastor and my Bible” ဆိုပြီး “ငါ့ဆရာနဲ့ ငါ့ကျမ်းစာအုပ်ပဲ” ဆိုတာမျိုးတွေပေါ့။ တချို့ဆို ဘယ်လောက်ထိအစွန်းရောက်သွားကြလဲဆိုရင် “ငါနဲ့ ငါ့ကျမ်းစာအုပ်ပဲ” “Me and My Bible alone” ဆိုပြီး နှစ်ပါးသွားတဲ့အထိ အယူလွဲ၊ အစွန်းရောက်သွားကြတာလည်းရှိပါတယ်။ ဒါပေမယ့် ပရိုတက်စတင့်အသင်းတော်ပြုပြင်ပြောင်းလဲရေးသမိုင်းမှာ အသင်းတော်ရဲ့ ပါဝင်ပံ့ပိုးမှုတွေကို တန်ဖိုးထားခဲ့ပြီး ကျမ်းစာကို မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အသင်းတော်ကြီး၏ ရှေးဘိုးဘေးအသင်းတော်ဖခင်ကြီးတွေနဲ့ ခရစ်ယာန်အသိုင်းအဝိုင်းရဲ့ အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။

 

ရောမှာစိုးလို့ ထပ်အနှစ်ချုပ်ပြမယ်နော်

Sola Scriptura နဲ့ Solo Scriptura ကြား ကွာခြားချက်က ဒီလိုဗျာ။

ရိုးရာဓလေ့အပေါ် အမြင် မှာဆို 

Sola Scriptura (သမ္မာကျမ်းစာသည်သာ အမြင့်ဆုံးအခွင့်အာဏာ) ဆိုတာက အသင်းတော်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ (Church Tradition) တွေကို လေးစားပေမယ့် သမ္မာကျမ်းစာအောက်မှာပဲ ထားတယ်။ Solo Scriptura (သမ္မာကျမ်းစာတခုတည်း သီးသန့်) ဆိုတဲ့ အစွန်းရောက်အယူကျတော့ ရိုးရာဓလေ့ကို လုံးဝ ပယ်ချ ဒါမှမဟုတ်လည်း လျစ်လျူရှုတယ် .. အဲ့လို။

အသင်းတော်ရဲ့ အခန်းကဏ္ဍ မှာဆို

Sola Scriptura က အသင်းတော်ရဲ့ ရှေးအသင်းတော်ဖခင်ကြီးတွေရဲ့စာပေအမွေအနှစ်တွေနဲ့ ခရစ်ယာန်ယုံကြည်သူအသိုင်းအဝိုင်းက ကျမ်းစာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အထောက်အကူဖြစ်တယ်လို့ယုံကြည်တယ်။

Solo Scriptura ကျတော့ တစ်ကိုယ်တော်ဆန်မှု လွှမ်းမိုးပြီး အသင်းတော်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုကို လျစ်လျူရှုတယ်။

ဘာသာရေးအခြေခံမူနဲ့ပတ်သက်ရင်

Sola Scriptura က ကျမ်းစာအခွင့်အာဏာနဲ့ ရှေးအသင်းတော် အလေ့အထတွေအပေါ် အခြေခံတယ်။ 

Solo Scriptura က အသင်းတော်တွင်း အလွဲသုံးစားလုပ်မှုတွေကို အစွန်းရောက်တုံ့ပြန်တာဖြစ်ပြီး သီးခြားခွဲထွက်မှုဆီ ဦးတည်တယ်။

သမိုင်းအခြေပြုရှုထောင့်ကနေဆိုရင်

Sola Scriptura က ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသမိုင်းကနေ မြစ်ဖြားခံတယ်။

Solo Scriptura က ခေတ်သစ်က နားလည်မှုလွဲမှား ဒါမှမဟုတ် အစွန်းရောက် အသုံးချမှု ဖြစ်တယ်။

ဒါကြောင့် ကက်သလစ်ခရစ်ယာန်ညီကိုမောင်နှမတွေ သေချာသဘောပေါက်ရမှာက ပရိုတက်စတင့်ညီကိုတွေယုံကြည်တဲ့ Sola Scriptura က အသင်းတော်ရိုးရာကို အလုံးစုံမငြင်းပယ်ပါဘူး၊ သမ္မာကျမ်းစာရဲ့ အခွင့်အာဏာအောက်မှာပဲ အကဲဖြတ်ပါတယ်။ အသင်းတော်ပြုပြင်ပြောင်းလဲရေးသမားတွေက ရှေးအသင်းတော်ဖခင်ကြီးများကို လေးစားပေမယ့် သမ္မာကျမ်းစာကို အမြင့်ဆုံးအခွင့်အာဏာအဖြစ် ပြန်လာဖို့ ကြိုးစားခဲ့ကြပါတယ်။ လူ့ထုံးတမ်းတွေကို ဘုရားသခင့်နှုတ်ကပတ်တော်က ထိန်းကျောင်းပြင်ဆင်တည့်မတ်ပေးဖို့လိုတယ်လို့ (ဥပမာ မာကု ၇:၆-၁၃) ပရိုတက်စတင့်ခရစ်ယာန်တွေက ယုံကြည်ခံယူတာဖြစ်ပါတယ် … ညီကိုမောင်နှမတို့။

တဘက်မှာလည်း ပရိုတက်စတင့်ခရစ်ယာန် ညီကိုမောင်နှမများ သေချာသဘောပေါက်ရမှာကတော့ Sola Scriptura က တစ်ဦးချင်းအဓိပ္ပါယ်ဖွင့်ဆိုမှု ဒါမှမဟုတ် အသင်းတော်သမိုင်းနဲ့ အသင်းတော်ဓလေ့ထုံးတမ်းအစဉ်အလာ တန်ဖိုးကို လျစ်လျူရှုတာမျိုး မဖြစ်ရပါဘူး။ အဲ့လိုလုပ်မိနေပြီဆိုရင် ကိုယ်က ပရိုတက်စတင့်ခရစ်ယာန်ဟုတ်သေးရဲ့လားလို့ မေးခွန်းထုတ်စရာရှိပါမယ်။ သမ္မာကျမ်းစာကိုဖတ်ရှုလေ့လာတဲ့အခါမှာလည်း အသင်းတော်တွင်း ယုံကြည်သူခရစ်ယာန် အသိုင်းအဝိုင်းနဲ့အတူ ရှေးဘိုးဘေးခရစ်ယာန်တွေ ချမှတ်ပေးခဲ့တဲ့ သမိုင်းဝင်ဘာသာရေးအမြင်တွေကို အသိအမှတ်ပြုပြီး ဖတ်ဖို့ တိုက်တွန်းပါတယ်။ သမ္မာကျမ်းစာနဲ့ အသင်းတော်သမိုင်းကြောင်းကို ပိုင်နိုင်ကျွမ်းကျင်တဲ့ ဓမ္မဆရာ၊ သမ္မာကျမ်းစာသင်ကြားပြသသူ၊ အသင်းတော်လူကြီးတွေရဲ့ အကြံပြုမှု၊ သွန်သင်မှုကို နှိမ့်ချစွာခံယူဖို့ လိုပါမယ်။ “Me and my Bible alone” တွေ မလုပ်ဘဲ ကိုယ်ပိုင်ကျမ်းစာဖတ်ခြင်းအပြင် အခြားလမ်းညွှန်မှုတွေကို ငြင်းပယ်တဲ့ “Solo Scriptura” အစွန်းရောက်မှုအန္တရာယ်ကို သတိထားဖို့လည်း မမေ့ဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် Sola Scriptura ဟာ ပရိုတက်စတင့်ယုံကြည်ခြင်းအတွက် အရေးကြီးတဲ့ အခြေခံမူ ယုံချက်ဖြစ်ပါတယ်။ ဒါက အသင်းတော်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့အညီ သစ္စာရှိအောင် ထိန်းပေးပြီး၊ အထိန်းအကွပ်မဲ့နေတဲ့ အသင်းတော်တွင်းအကျင့်ပျက်ခြစားမှုနဲ့ အာဏာရှင်ဆန်မှု၊  နောက်ပြီး တစ်ကိုယ်ရည်ပုဂ္ဂလိကဆန်မှုတွေကနေ မထိန်းချုပ်နိုင်မှု (ကျမ်းစာကို တယောက်တည်းဖတ်ပြီး ကိုယ်နားလည်ချင်သလို ပေါက်ကရနားလည်တာ၊ အနက်ပြန်တာမျိုး) နှစ်ခုစလုံးကို ရှောင်ရှားစေပါတယ်။ 

သမိုင်းဝင်ပရိုတက်စတင့်ခရစ်ယာန်တွေက သမ္မာကျမ်းစာတော်မြတ်ဟာ ယုံကြည်စိတ်ချရတဲ့၊ ခရစ်တော်ဗဟိုပြုတဲ့၊ ယုံကြည်ခြင်းနဲ့ လက်တွေ့ကျင့်သုံးမှုအားလုံးအတွက် လုံလောက်တဲ့ အရင်းအမြစ် ဖြစ်တယ်ဆိုတာယုံကြည်ကြတာဖြစ်ပါတယ်လို့ ဝေမျှရင်း …. 

‘နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စေ​တ​နာ​စိတ်​ရှိ၍၊ ကိုယ်​နှုတ်​နှင့်​ဆက်​သော ပူ​ဇော်​သ​ကာ​တို့​ကို နှစ်​သက်​တော်​မူ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​တို့​ကို​လည်း၊ အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ​၏။ ‘

ဆာလံ 119:105-108