ယောသပ်သည်လည်း စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ နာကျင်ခဲ့ရသူဖြစ်သည်။ အမျိုးအရင်းကြီးပါဟုဆိုရသူ ညီအကိုများ၏ (Jealousy) မနာလိုခြင်းကို ခံရသူ၊ လှည့်စားခြင်းကိုခံရသူသာမက ရောင်းစားခြင်းကိုပင် ခံစားခဲ့ရသူ၊ တနည်းဆိုရသော် ညီအကိုများ၏ (Betrayed) သစ္စာဖောက်ခြင်းကို ခံစားခဲ့ရသူဖြစ်သည်။ သူ၏ ဒဏ်ရာသည်လည်း ပေါ့သေးသေးမဟုတ်ပါ။ ကျွန်အဖြစ်ရောင်းစားခံရခြင်းကြောင့် ဘဝကို ပင်ပန်းစွာဖြတ်သန်းခဲ့ရသူ။
ယောသပ်ခဗျာ နေ့ခင်းဘက်အလုပ်လုပ်ချိန်၌ နွေးထွေးမှုရှိသော မိမိအိမ်ကို မည်မျှလွမ်းကာ ညဘက်အိပ်ချိန်၌လည်း မည်မျှ ငိုကြွေး၍ မိဘနှစ်ပါးအား သတိရလွမ်းဆွတ်နေခဲ့မည်ကို မတွေးရဲစရာပင်ဖြစ်သည်။ အိပ်မက်ဆိုးများ ခဏခဏမက်ကာ အိပ်ပျက်ညများ အတော်များခဲ့မှာပါဟုပင် ယူဆမိပါသည်။ ထိုသို့ သူ၏ နာကြည်းချက်များနှင့် နာကျင်ခြင်းများသည် (Chronic Trauma) နာတာရှည် စိတ်ဒဏ်ရာတစ်ခုအဖြစ် ရှိခဲ့မည်လား …
ဘုရားသခင်အား မပြစ်မှား၊ လူအားလည်း မပြစ်မှားခဲ့ပါသော်လည်း နေ့ချင်းညချင်း လျှင်မြန်လွန်းသည့် အလှည့်အပြောင်းကြီးတစ်ခုအား လည်စင်းခံခဲ့ရသူ ယောဘ၏ ဒဏ်ရာသည်လည်း နက်ရှိုင်းလွန်းလှသည်မှာ မြေကြီးလက်ခပ်မလွဲပါ။ စည်းစိမ်ချမ်းသာများ၏ဆုံးရှုံးခြင်းသည် မျက်စိတမှိတ်၊ တချိန်တည်းတွင် သားသမီးများဆုံးရှုံးရခြင်းသည် နေ့ပင် မကူးလိုက်၊ ဤသည်မက အနာစိမ်းဝေဒနာအားလည်း လူးလှိမ့်စွာ ခံစားခဲ့ရသေး၏။ (Unexpected Bad News) မမျှော်လင့်ထားသော သတင်းဆိုးများ မရပ်မနား ကြားရခြင်းသည် ယောဘအတွက် နှလုံးရောဂါပင် ရနိုင်လောက်သကဲ့သို့ ရှော့ခ်လည်း ဖြစ်သွားနိုင်ကာ သွေးစဆောင့်တက်၍ ဦးနှောက်သွေးကြောပင် ပျက်နိုင်လောက်ရုံမက (Mental Health) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပေသည် မဟုတ်ပါလား … မိမိအမှားလည်း မဟုတ်၊ မှားယွင်းမှုလည်း မပြုသော်လည်း မိတ်ဆွေများ၏ (Unfairly Accused) အမြင်မှား အထင်လွဲ၍ မတရားပြောဆိုခံရခြင်းများလည်း အပါအဝင်ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများသည် ယောဘ၏ ဘဝတစ်ကွေ့၌ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ပြင်းထန်သည့် မုန်တိုင်းတစ်ခုဟုဆိုရလျှင်လည်း မမှားပါ။ ထို့ကြောင့် ယောဘ၏ စိတ်ဒဏ်ရာကိုလည်း မေ့ထား၍တော့မရ …
——- ဆက်ရန် ——-
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။