ခရစ်ယာန်တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ဟာ “ယုံကြည်ခြင်း” ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခရစ်ယာန်တွေကို “ယုံကြည်သူ” တွေလို့ ခေါ်ဆိုကြပါတယ်။ “ယုံကြည်ခြင်း” သည် ဘုရားသခင်ထံမှ ရရှိသော “ကျေးဇူးတော်” ဖြစ်ပါတယ်။ ယုံကြည်ခြင်းကို အနီးစပ်ဆုံး ဥပမာ ပေးရရင်
နိုင်ငံခြားကို လေယာဉ်နဲ့ ခရီးသွားမယ် ဆိုကြပါစို့။
ဦးစွာ ပထမ အနေနဲ့ online ကနေသော်၎င်း၊ Agent ကနေတစ်ဆင့်သော်၎င်း air ticket booking လုပ်ရပါမယ်။ သွားမယ့် နေ့ရောက်ရင် check in ဝင်ရပါမယ်။ Immigration ဖြတ်ရပါမယ်။ အနည်းဆုံး အထက်ပါ အကြောင်းအရာတွေကို နားလည်သိထားရပါမယ်။
ဒါပေမဲ့ ကျွန်တော်တို့ လေယာဉ် အင်ဂျင် အလုပ်လုပ်ပုံကို မသိသလို လေယာဉ်လည်း မမောင်းတတ်ကြပါဘူး။ ကမ္ဘာမြေကြီး ဆွဲအားကို ဆန့်ကျင်ပြီး လေယာဉ်ကို လေပေါ်ပင့်တင်ပေးထားနိုင်တဲ့ aerodynamic အကြောင်းလည်း နားမလည်ကြပါဘူး။
ထိုအရာတွေကို နားမလည်ပေမဲ့ ကျွန်တော်တို့ သွားမယ့် နေရာကို ပို့ပေးနိုင်မယ်လို့ “ယုံကြည်ပြီး” လေယာဉ်ပေါ်လိုက်ပါစီးနင်းကြပါတယ်။ အဓိက ကတော့ ယုံကြည်ခြင်းရှိလို့ လေယာဉ်ကို လိုက်ပါစီးနင်းရဲတာဖြစ်တယ်။ လေယာဉ်အင်ဂျင်အလုပ်လုပ်ပုံ နားလည်မှ၊ လေယာဉ်မောင်းတတ်မှ သွားမယ်ဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ နေရာကို ရောက်ဖို့ ဘယ်လောက်အချိန်ယူရမလဲ။
မိမိကိုယ်ကို အားကိုးပြီး ခြေလျင် သွားကြမှာလား။ ထိုနည်းတူစွာပင်၊ ဓမ္မဟောင်းကာလယုံကြည်သူတွေဟာ ဓမ္မဟောင်းခေတ်မှာ ထာဝရဘုရားသခင်ကိုယ်တော်တိုင်က ပရောဖက်များမှတဆင့် ကိုယ်တော်၏တည်ရှိမှုအကြောင်းနှင့် ဘုရားသခင်၏သဘောသဘာဝကြောင်းသိခွင့်ရခဲ့ကြသလို ဓမ္မသစ်ခေတ်မှာ သခင်ခရစ်တော်အားဖြင့် တမန်တော်မြတ်ကြီးတွေကတစ်ဆင့် ဘုရားသခင်ဆီရောက်နိုင်မယ့်လမ်းအကြောင်း သိခွင့်ရကြတယ်။ ဘာကြောင့် ယုံကြည်ခြင်းက အခြေခံအုတ်မြစ်ဖြစ်တယ်လို့ပြောရတာလဲဆိုရင် ကျွန်တော်တို့လူသားတွေရဲ့ အသိဉာဏ်က limitation ဆိုတဲ့ ကန့်သတ်ချက်ရှိလို့ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဆေးပညာရပ်ကို လေ့လာသူတစ်ယောက်က အင်ဂျင်နီယာ ဘာသာရပ်ကို နားမလည်နိုင်ဘူး။ ဆေးပညာကိုလေ့လာတဲ့ ဆရာဝန်တစ်ယောက်မှာတောင် limitation ရှိပါတယ်။ နှလုံးအထူးကု ရွေးမလား၊ သားဖွားမီးယပ်လား၊ အရိုးအကြောအထူးကုလား များစွာရှိတဲ့အထဲက တစ်ခုပဲ ရွေးပြီးလေ့လာရပါတယ်။
ဘုရားသခင်က လူသားအားလုံးကို တစ်မျိုးစီ ကန့်သတ်ချက်လေးတွေ (limited) နဲ့ ကောင်းချီးပေးထားသလို လွတ်လပ်စွာ ရွေးချယ်ခွင့်၊ အသုံးပြုခွင့်လည်း ပေးထားပါတယ်။
ဘုရားသခင်ပေးထားတဲ့ အရာကို ကောင်းမွန်စွာအသုံးချဖို့ကိုလည်း ဘုရားသခင် အလိုတော်ရှိပါတယ်။ ရွေးချယ်မှုနဲ့ အသုံးချမှုက မိမိ တာဝန်ပါ။
ကျွန်တော်တို့ ဖန်ဆင်းခံ လူသားတွေ အနေနဲ့ စကြဝဠာအရာအားလုံးကို ဖန်ဆင်းတော်မူတဲ့ ထာဝရဘုရားသခင်အကြောင်း အကုန်သိရှိနားလည်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။
ကျွန်တော်တို့ရဲ့ အသိဉာဏ်နဲ့ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့်သာ ဘုရားသခင်အကြောင်း သိရှိနားလည်ရသောအခွင့်ကို ရရှိခြင်းဖြစ်ပါတယ်။
ဘုရားသခင်အကြောင်း အကုန်သိရှိနားလည်မှ ကိုးကွယ်ချီးမွမ်းမယ်ဆိုရင် ဘယ်အချိန်မှ ကိုးကွယ် ချီးမွမ်းမှာလဲ။ ဘုရားသခင်အကြောင်းနဲ့ ဘုရားသခင် ဖန်ဆင်းတော်မူတဲ့ နက်နဲသောအရာများကို သိရှိနားလည်ဖို့ဆိုရင် အခြေခံအုတ်မြစ်ဖြစ်တဲ့ ယုံကြည်ခြင်း ရှိဖို့လိုအပ်ပါတယ်။
ခရစ်ယာန်တွေဟာ သခင်ခရစ်တော်အားဖြင့် ထာဝရအသက်ရရှိပြီး ဘုရားသခင်နိုင်ငံကို ရောက်ရှိမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ခရစ်တော်ကို ယုံကြည်ရင် ဘုရားသခင်နိုင်ငံကို ရောက်မှာလား။ အထက်မှာ ပြောခဲ့သလို လေယာဉ်တစ်စီးက သွားချင်တဲ့နေရာကို ပို့ဆောင်ပေးနိုင်တယ်ဆိုတာ ယုံကြည်ပြီး လိုက်ပါစီးနင်းကြတယ်။ လေယာဉ်ပေါ်မတက်ခင်မှာ လုပ်ဆောင်ရမယ့် အရာတွေ ရှိပါတယ်။ အဲ့ဒါတွေလုပ်ဆောင်ပြီးမှသာ လေယာဉ်ပေါ်လိုက်ပါစီးနင်းခွင့် ရရှိမှာပါ။ ထိုနည်းတူစွာပင် သခင်ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ထာဝရ အသက်ရရှိဖို့ နဲ့ ဘုရားသခင်နိုင်ငံတော်ကို ရောက်ရှိဖို့ လုပ်ဆောင်ရမယ့် အရာတွေရှိပါတယ်။
လေယာဉ်နဲ့အတူ သွားချင်တဲ့နေရာရောက်ဖို့ လေယာဉ်ပေါ်မတက်ခင် passport ရှိရပါမယ်။
ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နိုင်ငံကို ရောက်ရှိဖို့ ဗတ္တိဇံ ( ဆေးကြောခြင်း / နှစ်ခြင်း ) ခံရပါမယ်။ ဗတ္တိဇံခံခြင်း (Water Baptism) က ဘုရားသခင်နိုင်ငံတော် ဝင်နိုင်ဖို့ ပတ်စ်ပို့ (passport) ပါပဲ။
‘သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။- ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။- ‘
ရှင်မာကု 16:15-16
‘ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။– ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။– ‘
ရှင်ယောဟန် 3:5,22
‘ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။- ‘
တမန်တော် 2:38
‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။- ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။’
ရှင်မာသေဦး (ခေါ်) ရှင်မဿဲ 28:19-20
ဗတ္တိဇံခံပြီးနောက် ခရစ်ယာန်တစ်ယောက်ဖြစ်လာရင် ခရစ်ယာန်အသက်တာမှာ အရေးကြီးဆုံးဖြစ်တဲ့ ဝိညာဉ်တော်ကို ထိခိုက်ပြစ်မှားတဲ့ အပြစ်မလုပ်မိဖို့ လိုအပ်သလို ဘုရားသခင်အလိုတော်ရှိတဲ့အတိုင်း သခင်ခရစ်တော်နဲ့သဏ္ဍန်တူသော မွန်မြတ်သန့်ရှင်း စင်ကြယ်သည့် အသစ်သောအသက်တာ၌ ကျင်လည် အသက်ရှင်ဖို့လည်း လိုအပ်ပါတယ်။
‘ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။- လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။- ‘
ရှင်မာသေဦး (ခေါ်) ရှင်မဿဲ 12:31-32
‘ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။- ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။- ‘
ရောမ 6:3-4
‘ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ် ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေး ဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။- ‘
၁ ရှင်ပေတရု 3:21
လေကြောင်းလိုင်းတွေမှာ စည်းကမ်းချက်တွေရှိသလို စည်းကမ်းချိုးဖောက်ရင် လေယဉ်ပေါ်တက်ခွင့်မရပါဘူး။ ဘုရားသခင်နိုင်ငံဝင်ဖို့အတွက်လည်း ပညတ်တော်တွေ လိုက်နာရပါမယ်။ အပြစ်ဒုစရိုက်တွေ ရှောင်ရပါမယ်။
ဒီနေရာမှာ စာဖတ်သူ မယုံကြည်သူဓမ္မမိတ်ဆွေအနေနဲ့ မေးခွန်းတစ်ခုမေးနိုင်ပါတယ်။
သခင်ခရစ်တော်ကို ယုံကြည်ပြီး အပြစ်ဒုစရိုက် ကျူးလွန်နေရင်ကော ဘုရားသခင်နိုင်ငံ ရောက်နိုင်ပါသလား။
အဖြေကတော့ ခရစ်တော်ကို ယုံကြည်သူတွေဟာ အပြစ်မလုပ်မိအောင်နေကြသလို အပြစ်ဒုစရိုက်မှ လွတ်ကင်းစေဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းကြပါတယ်။ အပြစ်ဒုစရိုက်မှာ ပျော်မွေ့နေတာ၊ နောင်တရခြင်းအလျင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ကျူးလွန်သူတွေဟာ အစကတည်းကကို ယုံကြည်သူ အစစ်အမှန် မဟုတ်ခဲ့နိုင်ပါဘူး။ စစ်မှန်တဲ့ ယုံကြည်သူတယောက်ကလည်း သူယုံကြည်ကိုးကွယ်တဲ့အရှင်ကို ချစ်မြတ်နိုးပြီး ထိုသခင်မြတ်ရဲ့စကားတော်တွေကို အမြဲနာခံလိုက်လျှောက်ဖို့ ကြိုးစားအားထုတ်ပါလိမ့်မယ်။
မယုံကြည်သူ ဓမ္မမိတ်ဆွေအနေနဲ့ yes or no အဖြေပဲ ပေးပါဆိုရင်တော့
ခရစ်တော်ကိုယ်တိုင် ပြောထားတဲ့ ကျမ်းပိုဒ်ကို ဖတ်ကြည့်ပေးပါ။
‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။- ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။- ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။- အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။- မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။- အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။- မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။- ‘
ရှင်မာသေဦး (ခေါ်) ရှင်မဿဲ 7:21-27
ဒါဆို ယုံကြည်သူ ဖြစ်ပြီးသွားရင် ဘယ်တော့မှ အပြစ်မလုပ်တော့ဘူးတဲ့လား။ တကယ်လို့ အပြစ်ကျူးလွန်မိရင်ရော? အဲ့အတွက်အဖြေကို ဒီမှာ ပေးထားပါတယ်။
‘ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။- ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။- ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။- ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။’
၁ ရှင်ယောဟန် 1:7-10
အပြစ်ကျူးလွန်မိရင် ဘုရားသခင်ကို အားနာသောစိတ်ဖြင့် စစ်မှန်သောနောင်တရပြီး မိမိအပြစ်တွေကို ဘုရားသခင့်ရှေ့တော်မှာ ဝန်ချတောင်းပန်ပါ။ ထိုသို့ နောင်တရလျက် ဝန်ချတောင်းပန်ရင် သခင်ယေဇူးခရစ်၏ အသွေးတော်မြတ်သည် ကျွန်ုပ်တို့အပြစ်ရှိသမျှကို ဆေးကြောတော်မူပြီး အပြစ်ဖြေလွှတ်ပေးမယ်လို့ ကတိတော်ရှိပါတယ်။ ထိုကဲ့သို့သော အပြစ်ဝန်ချတောင်းပန်/အာပတ်ဖြေခြင်း စက္ကရမင်တူး (Sacrament) ထားပေးထားခြင်းကိုက ဘုရားသခင်ရဲ့ “ကျေးဇူးတော်” သက်သက်ပဲ ဖြစ်ပါတယ်။
ဒီစာသည် ယုံကြည်ခြင်းအကြောင်းပြောသည့်စာဖြစ်လို့ “ယုံကြည်ခြင်း” အကြောင်းကို ဆက်သွားပါမယ်။ လောကီရေးရာ ကိစ္စများတွင်လည်း ယုံကြည်ခြင်းသည် အရေးပါသော အရာတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုတွင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။
ယုံကြည်မှု အားနည်းရင် တစ်ဦးပေါ် တစ်ဦး အပြစ်မြင်ပြီး အိမ်ထောင်ရေးသာယာမှာ မဟုတ်ပါ။
ထို့အတူ လုပ်ငန်းကိစ္စများတွင်လည်း လူတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိရန် လိုအပ်ပါတယ်။ ယုံကြည်မှု အားနည်းလျှင် အပြစ်မြင်လာပြီး လုပ်ငန်းအောင်မြင်မှု ရရှိရန် ခက်ခဲလှပါတယ်။ ခရစ်ယာန်တစ်ယောက်သည် ယုံကြည်ခြင်းအားနည်းရင် အပြစ်ဒုစရိုက်သွေးဆောင်ခြင်းနောက်သို့ လိုက်ပါပြီး ဘုရားသခင်နှင့် ဝေးကွာပြီး ပျက်စီးခြင်းသို့ ရောက်ပါလိမ့်မယ်။ ယုံကြည်ခြင်းကိုရရှိရန် မိမိရဲ့ နှိမ့်ချသော စိတ်နှလုံးဖြင့် ဘုရားသခင်ထံမှ တောင်းခံခြင်းအားဖြင့် ယုံကြည်ခြင်းကျေးဇူးတော် ရရှိနိုင်ပါတယ်။
စာဖတ်သူ မိတ်ဆွေအနေနဲ့ မယုံကြည်သူဖြစ်ပါက စိတ်နှလုံးနှိမ့်ချစွာဖြင့် “ခမည်းတော်၊ သားတော် သန့်ရှင်းသောဝိညာဉ်တော်” ပုဂ္ဂိုလ်သုံးပါး ဘုရားတဆူတည်းသော ထာဝရဘုရားထံ ယုံကြည်ခြင်း ရရှိရန် တောင်းခံကြည့်ပါ။ အသက်ရှင်သော ခရစ်တော်ကယ်တင်ရှင်ဘုရားသည် သင့်နှလုံးကို တို့ထိပြီး ယုံကြည်ခြင်းကျေးဇူးကို ပေးအပ်ပါလိမ့်မယ်။ စမ်းသပ်ဖို့ တောင်းခံခြင်းထက် နှိမ့်ချသောစိတ်နဲ့ တောင်းခံခြင်းက ပို၍ပြည့်စုံခြင်းကို ရပါလိမ့်မယ်။
ယုံကြည်ခြင်းကို အားနည်းစေသောအရာသည် သံသယစိတ် ဖြစ်ပါတယ်။ ဒါကြောင့် ဤစာကိုဖတ်သူ မယုံကြည်သူမိတ်ဆွေများအနေနဲ့ မည်သည့် အကြောင်းအရာနှင့်ပတ်သတ်၍ ယုံကြည်ခြင်းအပေါ် သံသယ ဖြစ်နေသလဲ။
ထိုအရာများကို သိရှိဖို့အတွက် မိမိဉာဏ်နဲ့ နားလည်ရန် ကြိုးစားနေခြင်းက အချင်းအနှီးဖြစ်နေပါလိမ့်မယ်။
ထိုနက်နဲသော ယုံကြည်ရာများကို သိရှိနားလည်ဖို့ရန် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းကျေးဇူးတော် လိုအပ်ပါတယ်။ ထို့ကြောင့် ဘုရားသခင်ထံ နှိမ့်ချခြင်းဖြင့် ဆုတောင်းရင်း မိမိလိုအပ်သော ဉာဏ်အလင်းများ၊ ယုံကြည်ခြင်းများ၊ ဆုကျေးဇူးတော်များ ခံစားရရှိပြီး ပိုမိုပြီးပြည့်စုံတဲ့ ခရစ်ယာန်အသက်တာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း …..
ဖတ်ရှုသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။
ဘုရားသခင်ကောင်းချီးပေးပါစေ။ အာမင်🙏။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John Htun Htun နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။