ခရစ်ယာန်အိမ်ထောင်ဟုဆိုလိုက်သည်နှင့် အင်မတန်မှစိတ်ကြည်နူးဖွယ်ရာ၊ သာယာချိုုမြိန်သော အိမ်ထောင်ဟု စိတ်နှလုံးသားထဲ၌ တွေးမြင်ကောင်း တွေးမြင်ပေလိမ့်မည်။ ဤသို့ အတွေးထဲ၌ တွေးမြင်ခြင်းက မှားသည်ဟုမဆိုပါ။ အဘယ့်ကြောင့်ဆိုသော် ဤသို့တွေးမြင်ခြင်းက ခရစ်ယာန်အိမ်ထောင်တခု၏ ဖြစ်သင့်သော၊ သမ္မာကျမ်းစာနှင့်ညီသော စံနှုန်းဖြစ်သောကြောင့်ပေတည်း။
ဘုရားရှင်ကို ဦးထိပ်ထားသောမိသားစု အိမ်ထောင်တခုဖြစ်လာခြင်းဆိုသည်မှာ လွယ်ကူမည်တော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မစုံလင်သောလူသားတို့၏ပေါင်းစည်းခြင်း အစုအရုံးဖြစ်သောကြောင့်ပေ။ ထို့ကြောင့် တဦးနှင့်တဦးအပေါ်၌ နားလည်ခြင်း၊ သည်းခံခြင်း၊ တန်ဖိုးထားတတ်ခြင်းများ လိုအပ်ပေသည်။ ထိုသို့အရည်အသွေးများကို မစုံလင်သောလူသားတို့ လုံးဝဥဿုံ ပေးစွမ်းနိုင်မည်လော။ အဖြေမှာ “မပေးစွမ်းနိုင်ပါ”။ စွမ်းဆောင်နိုင်စွမ်း အတိုင်းအတာတခုထိ ရှိနိုင်မည်ဖြစ်သော်လည်း လုံးဝဥဿုံအနေအထားတရပ်ကိုတော့ တက်လှမ်းနိုင်ဖို့ရာ လုံးဝဥဿုံကူညီမစပေးနိုင်သူကိုတော့လိုအပ်ပေလိမ့်မည်။
‘ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကိုလည်းကောင်း၊ သင်တို့ သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။’
၁ ကော ၁၁း၃
ခရစ်ယာန် အိမ်ထောင်အချို့ကို ကြည့်မည်ဆိုလျှင် အတော်များများ၌ ခင်ပွန်းသည်၏ဦးဆောင်မှုထက် ဇနီးသည်၏ဦးဆောင်မှုမှာ ပိုပြီးထင်ရှားနေတတ်ကြသည်။ ဤသို့ဆိုခြင်းက မိသားစုတခု၌ ဇနီးမယားတို့၏ဦးဆောင်ခြင်းကဏ္ဍမှာမူ အရေးမကြီး၊ မလိုအပ်ဟုဆိုလိုခြင်းမဟုတ်ပါ။ ခင်ပွန်းသည်အများစုမှာ ဘုရားရှင်၏အုပ်စိုးခြင်းကိုဝန်မခံတတ်ခြင်းနှင့် မိသားစုအပေါ်တာဝန်ယူခြင်း အားနည်းခြင်းများကြောင့်ဖြစ်ပေသည်။ တာဝန်ကျေပွန်ကောင်း ကျေပွန်နိုင်သော်လည်း ဘုရားရှင်ထံ အသက်တာကိုလုံးဝအပ်နှံခြင်းမရှိသည့်အခါ သားသမီးများအပေါ်တွင် ထိုသို့အသက်ရှင်ပြခြင်း၏အကျိုးနှင့်အသီးအပွင့်များကို မြင်တွေ့ရတတ်သည်။ ငွေကြေးများစွာရှာပေးနိုင်သော်လည်း၊ လိုအပ်ချက်တခုစီတိုင်းကို မစပေးနိုင်သော်လည်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ယှဥ်သော အသက်တာရှိမလာသည့်အခါမှာ သားသမီးတို့၌ သက်တောင့်သက်သာအနေအထားတခုကို မြင်တွေ့နိုင်ရပေမယ့်၊ အလိုတော်နှင့်အညီအသက်ရှင်ခြင်းကိုမူကား ရာခိုင်နှုန်းနည်းပါးစွာရှိနိုင်သည်ဟု မှတ်ယူနိုင်ပေသည်။ အဘယ်သို့သွန်သင်လမ်းပြပေးနေခြင်းကအဘယ်သူ၏အုပ်စိုးခြင်းကိုဝန်ခံ၍ အသက်ရှင်ခြင်းကို ထင်ရှားစေပါသည်။ ထို့အတူ ဇနီးမယားများ၌လည်းဖြစ်ပေသည်။ ကိုယ့်ရဲ့ဦးဆောင်ခြင်း အစွမ်းအစ အတိုင်းအတာ အခန်းကဏ္ဍကို သေချာနားလည်သဘောပေါက်ခြင်းက ခင်ပွန်းသည်၏ပျက်ကွက်ခြင်း၊ အားနည်းခြင်းကို မိသားစုထဲ၌ပြန်လည်ဖေးမပေးနိုင်သောကြောင့်ပေ။ ခရစ်ယာန်အိမ်ထောင်များမှာ ထမ်းပိုးကိုအတူတကွထမ်းဆောင်ရမည်ဖြစ်သော်လည်း၊ တခါတရံ မညီမမျှဖြစ်နေတတ်သည်။ ခင်ပွန်းဖက်၌ လျော့ရဲအားနည်းခြင်းသော်လည်းကောင်း၊ ဇနီးဖက်၌ လျော့ရဲအားနည်းခြင်းများသော်လည်းကောင်းရှိနေတတ်ကြသည်။ နှစ်ဆသောတာဝန်ကို တဦးတည်းထမ်းဆောင်ရတဲ့အခါ မည်သူမဆိုညည်းတွားပြစ်တင်မည်မှာကတော့ အသေအချာပင်။ စုံစမ်းနှောင့်ယှက်ခြင်းများဧကန်ကြုံနိုင်သောကြောင့် ဘုရားနှင့်ဘုရားစကားအပေါ်အုပ်စိုးခြင်းရှိသော အိမ်ထောင်ဖြစ်ခြင်းက မကြွယ်ဝပေမယ့် ချမ်းသာသောအိမ်ထောင်ဟု စာရေးသူဆိုချင်ပါသည်။ စုံစမ်းနှောင့်ယှက်ခြင်းကြောင့် ကမ္ဘာဦးမှအဖြစ်ကဲ့သို့ တဦးအပေါ်တဦး အပြစ်တင်ခြင်းထက် အုပ်စိုးဝန်ခံထားသောဘုရားစကား၌မည်သည့်အခြေအနေမျိုးမှာမဆို ရပ်တည်အသက်ရှင်တတ်ခြင်း အင်မတန်မှလိုအပ်ပေသည်။
မိဘများ၏ပျက်ကွက်အားနည်းခြင်း၊ ဘုရားဝတ်၌မွေ့လျော်မှုမရှိခြင်းတို့က သားသမီးတိုင်းအပေါ်သို့ အကျိုးသက်ရောက်မှုတိုက်ရိုက်ရှိနေတတ်သည်။ သို့သော်လည်း အချို့သော သားသမီးများမှာ မိဘများ၏ပျက်ကွက်အားနည်းခြင်းရှိနေသည့်တိုင် ဘုရားရှင်နှင့်ဘုရားစကား၌ အုပ်စိုးခြင်း၊ နာခံခြင်းကိုခံတတ်သူများရှိကြသည်။ ထိုသို့သောသားသမီးများမှာ မိဘများမည်သို့ပင်အားနည်းခြင်းရှိနေသည့်တိုင် ရိုသေစွာပြုတတ်သူများ တနည်း ဘုရားအလိုတော်ကို ဘုရားစကားနှင့်အမှန်တကယ်ခံယူ နာယူ တတ်သည့်သားသမီးများဟု ဆိုနိုင်ပါသည်။ ဤသို့သော သားသမီးများမှာ (ရာခိုင်းနှုန်းမှာမူနည်းပါးနိုင်သော်လည်း) ယိမ်းယိုင်သောခရစ်ယာန်အိမ်ထောင်အချို့၌ရှိတတ်ကြပါသည်။
အထက်မှာဆိုခဲ့သလို အိမ်ထောင်မိသားစုဝင်တဦးချင်းစီတိုင်း၌ ကဏ္ဍအလိုက်အားနည်းခြင်းရှိနိုင်ပါတယ်။ သို့သော်လည်း အားနည်းခြင်းတွေကိုသာမြင်ပြီး အပြစ်ပဲတင်နေမယ်၊ မခေါ်မပြောဘဲနေနေကြမယ်၊ ကွဲကွာဖို့သာတာစူနေမယ်၊ ဆိုရင် ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်အိမ်ထောင်ဆိုတာကို ၆လက်မသာသာရှိတဲ့ဦးနှောက်ကိုသုံးပြီး အဆုံးအစမဲ့ကျယ်ပြန့်တဲ့စိတ်အထင်အတွေးများစွာနဲ့ တည်ဆောက်ထားပြီလားဆိုတာ သေချာပြန်လည်သုံးသပ်သင့်ပါတယ်။ အားနည်းသူနှစ်ဦးကို ဘုရားသခင်ထမ်းဘိုးတင်တဲ့အခါ အားနည်းသူကပဲ ပြန်လည်ခွဲကွာသွာစေဖို့ ဘုရားရှင်အလိုရှိလိမ့်မည်လော။ အုပ်စိုးခြင်းကိုဝန်ခံခြင်းက ကိုယ်မတတ်စွမ်းနိုင်ဘူးဆိုတာကိုသဘောပေါက်ခြင်းဖြစ်သလို၊ ကိုယ့်ရဲ့ပညာဂုဏ်ရာထူးစည်းစိမ်တွေကလည်းဘာမျှမဟုတ်ဘူးဆိုတာကိုသဘောပေါက်ပြီး တဦးနှင့်တဦးရဲ့အားနည်းခြင်းများကိုထောက်မကာ ဘုရားရှင်ထံမှ နည်းနာနှင့်ဥပဒေသတို့ကို အစဥ်ခံယူလိုသော နှလုံးသားဖြစ်ပေသည်။
ဒီကနေ့ခရစ်ယာန် အိမ်ထောင်ရက်သတ္တပတ်မှာ တကယ့်ကိုခရစ်တော်ရှင် အုပ်စိုးတဲ့၊ ခရစ်တော်၏အုပ်စိုးခြင်းကိုဝန်ခံတဲ့ ခရစ်ယာန်အိမ်ထောင်ဖြစ်နေပြီလားဆိုတာကို ဆင်ခြင်ရင်း၊ အားနည်းခြင်းများ၊ ပျက်ကွက်မှုများကို သိမှတ်လျက် ပြင်ဆင်သင့်သည်များကို နှုတ်ကပတ်တော်နှင့်အညီပြင်ဆင်သော အိမ်ထောင်ရှင်၊ အိမ်ထောင်ရှင်မ နှင့် သားသမီးများဖြစ်ပါမည်အကြောင်း တိုက်တွန်းနှိုးဆော်ခွန်အားပေးလိုက်ရပါတယ်။
မေတ္တာဖြင့်