Skip to content

လူသစ်

သစ်လွင်ဆန်းသစ်မှုဆိုတာမျိုးက လတ်ဆတ်သည့်အရာမျိုးလို့ပြောလို့ရပါတယ်။ ဒါကိုလူတိုင်းက နှစ်သက်မြတ်နိုးတတ်ကြတာ မဆန်းပါဘူး။ အသစ်ဖြစ်နေခြင်းမှာ ပေါ်လွင်၊ မြင်သာ၊ ထင်ရှား၊ သိသာမှုတွေကရှိမြဲပါ။ ဒီကနေ့ယုံကြည်သူအသက်တာဆိုရင်ဖြင့်လည်း ယေရှုခရစ်တော်၏ပြုပြင်တော်မူသောအားဖြင့် အသစ်သောအသက်တာ(လူသစ်)၌ ဦးစွာ ဘုရားရှင်၏ဘုန်းတော်နှင့်ကယ်တင်ခြင်းကျေးဇူးတော်၊ ပြီးတဲ့အခါမှာ ကောင်းသောအသက်တာ၌ကျင်လည်သောအသက်ရှင်မှုမျိုးက ပေါ်လွင်၊ မြင်သာ၊ ထင်ရှား၊ သိသာ ဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့အမည်နာမ ထင်ရှားကျော်စောခြင်းမျိုးမဟုတ်ဘဲ သခင်ခရစ်တော်ကိုယူတင်ဝတ်ဆောင်သော လူသစ်အားဖြင့်ကယ်တင်သောသခင်၏နာမတော်ကိုထင်ရှားစေခြင်းငှါ လတ်ဆတ်သည့်အသက်ရှင်ခြင်းဖြစ်ပေသည်။ ပုပ်စပ်နေသည့်လောကမှာ အထူးသဖြင့် မွှေးရနံ့သင်းစေသည့်သခင်ယေရှု၏အမွှေးအကြိုင်အဖြစ်လို့ပင်ဆိုနိုင်ပါသည်။
ထိုသို့သောလူသစ်၏အသက်တာအားဖြင့်သာ ဘုရားရှင်ပြုမည့် အမှုသစ်ကိုသာသဘောပေါက်နိုင်ပါသည်။ လူဟောင်းရဲ့သဘော၊ အကျင့်အကြံအားဖြင့် ဘုရားရှင်၏အမှုသစ်ကိုမြော်လင့်ခြင်းက အဓိပ္ပါယ်မရှိသလို၊ ဘုရားရှင်အနေဖြင့်လည်း အမှုသစ်ကိုငါပြုမည် လို့ဆိုတဲ့အခါ အမြော်အမြင်ကင်းမဲ့ပြီး ဖြစ်ချင်တိုင်းဖြစ်ဖို့ လုပ်ချင်တိုင်းလုပ်နေသည့် သဘောမျိုးလည်းမဟုတ်ပေ။

ဒီကနေ့ကျွန်ုပ်တို့တတွေသုံးစွဲခဲ့၊ သုံးစွဲနေသည့် ရုပ်ဝတ္တုပစ္စည်းတွေလို ကြာရင်ဟောင်းသွားတဲ့ သဘောမျိုး အသက်တာသစ်မှာရှိနိုင်ပါသလား။ ရှိတယ်ဆိုရင် ဘုရားသခင်ဖြစ်ဘွားစေတဲ့လူသစ်မဟုတ်ပါဘူး။ ရွှေလင်းတကဲ့သို့ဟု ပုံပြခိုင်းနှိုင်းဖော်ပြထားခြင်းက အမြဲအားယူအားဖြည့်နေရခြင်းကိုနားလည်ရပါသည်။ လူသစ်ဖြစ်ပြီဆိုပြီး စိတ်ကြိုက်အသက်ရှင်ဖို့ ဘုရားရှင်အလိုမရှိပါ။ လူသစ်ဖြစ်စေသော ဘုရားရှင်၏ ကျေးဇူး၊ ကရုဏာတော်၌ကြီးထွားရင့်ကျက်စေကာ မဖောက်ပြန်မပျက်စီးတတ်သောနှုတ်ကပတ်တော်၌သာမွေ့လျော်အသက်ရှင်စေဖို့ရာဖြစ်သည်။ ဒါကြောင့် လူရဲ့ခန္ဒာမှာ အစဉ်အတိုင်းဖောက်ပြန်ခြင်းသို့ ဥိီးတည်သွားနေသော်လည်း၊ ဝိညာဉ်လူကတော့ မဖောက်ပြန်မပျက်စီးတတ်သောမျိုးစေ့တည်းဟူသော၊ ကာလအစဉ်အမြဲတည်သော ထာဝရဘုရား၏နှုတ်ကပတ်တော် ဧဝံဂေလိအားဖြင့်ဦးတည်အသက်ရှင်နေဖို့အရေးကြီးပါတယ်။ ထိုသို့အသက်ရှင်မှု၊ အသက်ရှင်နေခြင်းလက္ခဏာကို လူသစ်မှာသာအသက်ရှင်နိုင်ပြီး၊ လူသစ်၌သာဖြစ်နိုင်ပါတယ်။

ကောလောသဲဩဝါဒစာ ၃း၁၀
“ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။”

ဧဖက်ဩဝါဒစာ ၄း၂၁-၂၄
“အထက်က ကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။”

ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၅း၁၇
“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။”

ရှင်လုကာခရစ်ဝင် ၅း၃၈
“အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။”

အမှုသစ်

ဒီကနေ့ကြားရတဲ့သတင်းက မနက်ဖြန်ရောက်သွားတဲ့အခါ update သတင်းအသစ်ဖြစ်နိုင်ပါ့မလား။ မနက်ဖြန်မှာ စောင့်ကြိုနေတဲ့ သတင်းအသစ်စက်စက်တွေများစွာရှိနေမှာပါ။ သမ္မာကျမ်းစာထဲမှာ ကျွန်ုပ်တို့တတွေလေ့လာဆင်ခြင် ဖတ်ရှုရတဲ့ “အမှုသစ်” ဆိုတဲ့စကားလုံးကိုကြည့်ရင် ပြီးခဲ့တဲ့ဖြစ်ရပ်တွေနှင့်၊ ရောက်မလာသေးတဲ့ဖြစ်ရပ်တွေအတွက် ပရောဖက်များအားဖြင့်ကြိုတင်ဟောပြောခဲ့ခြင်းဆိုတာ သဘောပေါက်နားလည်ရပါတယ်။ နောက်ပြီး အမှုသစ်လို့ဆိုတဲ့အခါမှာလည်း ထိုစကားလုံးတခုတည်းနှင့်ပဲအဆုံးသတ်မသွားပါဘူး။
အောက်ပါသမ္မာကျမ်းစာကိုလေ့လာကြည့်ရအောင်

ဟေရှာယ‬ ‭၄၃း၁၆-၂၁
“ပြင်း​ထန်​သော ပင်​လယ်​ရေ၌ လမ်း​ခ​ရီး​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊ ရ​ထား​များ၊ မြင်း​များ​နှင့်​တ​ကွ၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​တို့​ကို ဆောင်​ခဲ့​တော်​မူ​ထ​သော၊ သူ​တို့​ကို မ​ထ​နိုင်​အောင် တစ်​ပြိုင်​နက်​တည်း အိပ်​စေ၍၊ မီး​စာ​သေ​သ​ကဲ့​သို့၊ ငြိမ်း​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဖြစ်​ဖူး​သော​အ​မှု​တို့​ကို မ​အောက်​မေ့​ကြ​နှင့်။ ရှေး​ကာ​လ၏​အ​ရာ​တို့​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။ ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။ မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ ကိုယ်​အ​ဖို့ ငါ​ဖန်​ဆင်း​သော ထို​လူ​မျိုး​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ပြ​ရ​လိမ့်​မည်။”

အမှုသစ်ကိုပြုတာဘုရားဖြစ်ပါတယ်။ ထိုသို့ပြုတဲ့အခါမှာ သူ့အဖို့ဖန်ဆင်းထားသော၊ ရွေးကောက်ထားသောလူမျိုးတို့အတွက်ရည်ရွယ်ပါတယ်။ ဖြစ်ပြီးသွားခဲ့တာတွေကိုမအောက်မေ့ခိုင်းပါဘူး။ ရှေးအချိန်ကအရာတွေကို ပမာဏလည်းမပြုခိုင်းပါဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားရှင်ကအမှုသစ်ကိုပြုချင်လို့ပါ။ တောအရပ်၌လှည့်လည်ချိန်ကအသက်တာလိုမျိုး လည်ပင်းခိုင်မာပုန်ကန်တတ်ပြီး၊ အဲဂုတ္တုကိုကျွန်အနေနှင့်ပြန်သွားချင်သောစိတ်သဘောမျိုးမဖြစ်စေချင်ပါ။ ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာမှာလည်း ဘုရားရှင်က ကျွန်ုပ်တို့အတွက်အကောင်းဆုံးကြံစည်ထားတယ်၊ အမှုသစ်ကိုပြုပေးဦးမှာဖြစ်တယ် ဆိုတဲ့ အားပေးစကားမျိုးတွေကြားနေရမှာပါ။ မှားလားဆိုတော့မမှားပါဘူး။ မှန်လားဆိုတော့လည်းအလုံးစုံမမှန်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ဘုရားရှင်ကမျက်လုံးစုံမှိတ်ပြီး အမှုအရာတွေပြုချင်သလိုပြုပြီး အသစ်လို့ခေါင်းစဉ်တပ်နေသူမှမဟုတ်ပေ။ အလိုရှိသည်အတိုင်းပြုတဲ့ဘုရားဆိုပေမယ့်၊ သူ့ဘုန်းတော်ကိုကိုယ်တိုင်ပြန်ရှုံချမည့် ပရမ်းပတာဖန်ဆင်းရှင်မဟုတ်ချေ။ ဒီနေ့ဆိုတဲ့ နေ့သစ်ဆိုတာလည်း ဘုရားသခင်စီရင်ဖန်ဆင်းပေးတာလို့ကျွန်ုပ်တို့တတွေသိကြပါတယ်။ ဒါကိုဝင်စားရခြင်းမှာလည်း ဘုရားရှင်ရဲ့ကရုဏာသစ်အားဖြင့်ဖြစ်ပါတယ်။

ဒေဿနာဆရာကတော့ နေရောင်အောက်မှာဖြစ်ပျက်သမျှတွေက ဖြစ်ဖူးပြီးသားတွေ၊ အနတ္တတွေလို့ဆိုပါတယ်။ ဆင်ခြင်စဉ်းစားကြည့်တဲ့အခါ ခေတ်တွေအဆက်ဆက်ပြောင်းလဲတိုးတက်လာသော်လည်း မပြောင်းလဲဘဲဆိုးရွားယိုယွင်းနေဆဲကတော့ လူသားနဲ့လူသားရဲ့စိတ်နှလုံးသဘောတွေပါပဲ။ အသစ်အသစ်သော ပုန်ကန်ခြင်းတွေ၊ ဒုစရိုက်တွေနဲ့ ဘုရားရှင်ကိုနေ့စဉ်မရိုးနိုင်လောက်အောင် ဆန့်ကျင်မှောက်လှန်နေကြတုန်းပါပဲ။ ဘယ်လောက်ပဲ ထူးခြားမွန်မြတ်တယ်လို့ လောကီစံချိန်နဲ့ဆိုပါစေ အနတ္တပါပဲ။ ဘယ်လောက်ပဲ အံဩဘနန်းဆန်းကျယ်တဲ့ဖန်တီးဆန်းသစ်မှုနဲ့ကမ္ဘာကြီးလို့ဆိုပါစေ လူသားကတော့ အပြစ်ကိုနေရာပေး ပျော်မွေ့ဆဲပါပဲ။ ကမ္ဘာကြီးနဲ့လူသားကိုဖန်းဆင်းခဲ့တဲ့ ဘုရားရှင်ဟာ ကောင်းကင်ဘုံကနေကြည့်လိုက်တိုင်း စိတ်ပျက်အားမရဖြစ်တယ်ဆိုတာ ဓမ္မဟောင်းကျမ်းကိုလေ့လာကြည့်ရင်အသိပါပဲ။ ဒီကနေ့ ယုံကြည်သူများလည်း သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်နှင့်ကရုဏာတော်ကြောင့်သာမဟုတ်ရင် အပြစ်ရဲ့အခအတိုင်းစီရင်ခြင်းခံ ပေးဆပ်နေရမှာအသေချာပါပဲ။

လူသစ် အသက်တာသစ်အဖြစ် ကောင်းသောအမှုတို့၌ကျင်လည်ကာ ဘုရားရှင်ပြုမည့်အမှုသစ်ကိုမြော်လင့်အသက်ရှင်ခြင်းနှင့် လူဟောင်းကိုစွန့်ပစ်ခြင်းမရှိ ဒုစရိုက်ကိုခင်တွယ်ကာ ဘုရားရှင်၏အမှုသစ်တို့ကိုတောင့်တခြင်းတို့တွင်မည်သည်က သင့်လျော်ပါသနည်း။ မည်သည်က ဘုရားရှင်၏စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိပါသနည်း။ ကိုယ့်အလိုအတိုင်းအသက်ရှင်ပြီး အသက်တာမှာကိုယ့်စိတ်ကြိုက်အမှုသစ်ကိုပြုပေးဖို့ရာ ဘုရားရှင်ကိုရှာသောသူများမဖြစ်မိစေဖို့သတိပြုသင့်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်ခုပ်ထဲကရေလိုမျိုး ဘုရားကို ကိုယ်ဖြစ်ချင်တာတွေကိုတောင့်တဖို့အသုံးမချလိုက်ပါနှင့်။ အသုံးချသည့်အနေအထားမျိုးတွေကိုလည်း မသွန်သင်မိပါစေနှင့်။ အမှုသစ်ကိုပြုမည်ဆိုသည့်စကားကို ဘုရားရှင်မှလွဲ၍မည်သူမျှမူပိုင်မရှိပါ။ လူသစ်ဖြစ်သော သင်နှင့်ကျွန်ုပ်ဘုရားရှင် ပြုမည့်အမှုသစ်ကို ကြည့်ရှုရမည်မှာ ဧကန်မလွဲပါ။ ခံစားရမည်မှာလည်း ဧကန်မလွဲပါ။ သို့သော်လည်း သွေးသားတက်မက်ခြင်း၊ လောဘလွန်ကျူးခြင်းတို့နှင့် မယှဉ်တွဲမိစေခြင်းငှါသတိပြုပါလေ။

ချစ်သောညီကိုမောင်နှမတို့ ကျွန်ုပ်တို့ကိုဖန်းဆင်းတော်မူသော အနန္တတန်ခိုးရှင်၊ ကယ်တင်တော်မူသောထာဝရဘုရားသခင်ပြုတော်မူသော အသက်တာနှင့်ဆိုင်သည့်အမှုသစ်၊ အနာဂတ် ထာဝရကာလနှင့်ဆိုင်သောအမှုသစ်ကို လူသစ်၌မြော်လင့်ပါ။ လူသစ်၌ ဝမ်းမြောက်ပါ။ လူသစ်အားဖြင့် သမ္မာသတိနှင့်မြွက်ဆိုဝန်ခံပါ။ လူသစ်ဖြစ်ခြင်းနှင့်အတူ ဘုရားရှင်၏ထာဝရအကြံစည်တော် အမှုသစ်ကိုချီးမွမ်းတောင့်တငံ့လင့်နေပါမည်အကြောင်း တိုက်တွန်းခွန်အားပေးရင်း

မေတ္တာဖြင့်