ခရစ်တော်မပါဘဲနဲ့ ခရစ်ယာန်ဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိပါ။
ခရစ်တော်၌မရှိဘဲနဲ့ လူသစ်ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။
ခရစ်တော်နောက်မလိုက်ဘဲနဲ့ တပည့်တော်ဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိပါ။
ခရစ်တော်၏စကားတော်ကိုနာမခံဘဲနဲ့ နှုတ်ကပတ်တော်၌မွေ့လျော်သူဖြစ်လာနိုင်စရာအကြောင်းမရှိပါ။
ခရစ်တော်ကိုယုံကြည်သော ခရစ်ယာန်တို့သည် ခရစ်တော်ကို မရိုမသေအပြုဆုံးသောသူများဖြစ်သည်ဟုဆိုလျှင် ဤစကားလွန်မည်ထင်ပါသလား။
အချို့အတွက်လွန်ကောင်း လွန်နိုင်ပါမည်။ အချို့အတွက်တော့ မှန်ကန်ကောင်းမှန်ကန်နေပါမည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်တို့အများစုမှာ ခရစ်တော်ကိုနှုတ်ကနေ ‘တ’ သော်လည်း အသက်တာအားဖြင့် ‘အ’ နေသူများဖြစ်နေကြတုန်းပင်။
ထိုသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း ကိုယူတင်ဝတ်တောင်ဖို့ပင်မပြောနှင့် ရရှိလို့နေမှန်းတောင်မသိသည့် စမ်းတဝါးဝါးအသက်တာများစွာ ဒုနဲ့ဒေးရှိကြသေးသည်။ အားမနာတမ်းဆိုရလျှင် စစ်မှန်သော ဧဝံဂေလိသတင်းစကား အသင်းတော်နှင့်အိမ်ထောင်တွေမှာ ပျံ့ဝင်မှုမရှိသောကြောင့်သာဟု မှတ်ချက်ပေးချင်ပါသည်။ အားနည်းချက်တခုလို့ဆိုနေခြင်းထက် ပေါ့လျော့နေမှုက ပိုပြီးမှန်ပါလိမ့်မည်။ ဝိညာဥ်ရေးအတွက် သာမန်ကာလျှံကာ လုပ်ဆောင်ခြင်းသာရှိပြီး အခြားသောအမှုအရာတွေကိုအားသွန်ခွန်စိုက်လုပ်ဆောင်နေခြင်းတွေမှာသာ ပိုပြီးအလေးသာနေတာတွေဟာ ပြန်ပြီးသတိထားသင့်တဲ့အရာတွေပါ။ နှုတ်ကပတ်တော်ထဲကနေကြိုတင်အသိပေးထားတဲ့ မစင်ကြယ်တဲ့ဩဝါဒတွေ၊ မိစ္ဆာပရောဖက်တွေ၊ ခရစ်တော်၏ဒေသနာကိုဆန့်ကျင်ဟောပြောခြင်းတွေ ကိုသိပါလျက်နှင့်သတိမပေးနိုင် သတိမပြုနိုင်ခြင်းတွေက လူသားမို့လို့ဆိုတဲ့ အကြောင်းပြချက်လေးနှင့် ဆင်ခြေပေးခြင်းထက် ကျမ်းစာကိုနေ့ရောညပါ ဆင်ခြင်ဖို့ပျက်ကွက်နေတာလို့ ဝန်ခံလိုက်တာက ပိုပြီးလူပီသပါလိမ့်မယ်။
အဖိုးအခပေးချေကာ ကားတိုင်ပေါ်၌အသေခံခဲ့သည့် သခင့်ကိုအားမနာ၊ ကယ်တင်သောထိုသခင်၏နာမတော်ကို လောဘဇောကပ်ပြီး အသုံးချနေသူ ခရစ်ယာန်အစုအဝေးများလည်းရှိကြပါသေးသည်။ ဧဝံဂေလိတရား၌ပါသော ကောင်းကြီးမင်္ဂလာကိုသာမြော်လင့်ခုံမင်ပြီး ထိုသခင်ကိုယုံကြည်ရင် ကျန်းမာမယ် ချမ်းသာမယ်လို့ ကိုယ့်ရဲ့သက်သေခံချက်ကိုသာဦးတည်ဟောပြောခြင်းမျိုးတွေက ယုံကြည်ခြင်းကို အစအဦးစီရင်၍စုံလင်စေသော သခင့်ကိုနောက်ပြောင်နေသလိုပါပဲ။ ဒီကနေ့ကာလမှာ ဇက္ခဲလိုမျိုးပြောင်းလဲလာသူမျိုးဘယ်နှစ်ယောက်တွေ့ဖူးကြပါသလဲ။ သူပိုင်ဆိုင်တဲ့ ဥစ္စာတဝက်ကို ဆင်းရဲသူတွေကိုပေးပစ်တာနော်။ တယောက်ယောက်ဆီက နည်းနည်းလေးယူမိသွားရင် လေးဆတောင်ပြန်ပေးမယ်လို့ သခင့်ကိုပြန်လျှောက်ခဲ့တာ။ တကယ်ပျောက်သောသူ ဇက္ခဲ တကယ်ကယ်တင်ခံရတာပါ။ သက်သေကတော့ အသက်တာပြောင်းလဲခြင်းပါပဲ။ ပိုပြီးကလိန်ကျချမ်းသာခြင်းထက် ပိုပြီးသမ္မာသမတ်ကျတဲ့ကြွယ်ဝခြင်းကို ဇက္ခဲ သဘောပေါက်သွားခဲ့တယ်။ ဒီနေ့ ငွေကြေးနဲ့ဆိုင်တဲ့ နိမိတ်လက္ခဏာတွေကို လူတွေအရမ်းသဘောကျကြတယ်။ ဒါကလည်း အချောင်ရချင်တဲ့စိတ်လို့ပဲဆိုရမှာပါ။ အသက်တာအမှန်ပြောင်းလဲသူအတွက် ဒီလိုနိမိတ်လက္ခဏာက ဟာသ ပါပဲ။ တကယ်လိုအပ်နေသူအတွက်တော့ တကယ်အမှုပြုပေးတဲ့ဘုရားပါ။ ဘုရားရှင်အပေါ်မှာသစ္စာရှိစွာအစေခံပြီး ယုံကြည်ခြင်းနဲ့ဆုတောင်းခဲ့သူ အမှုတော်ဆောင်ကြီး ဂျော့ဂျ်မူလာ အကြောင်းကို လေ့လာစေချင်ပါတယ်။ လိုအပ်မှုတွေအတွက် ဘုရားသခင်ထံဆုတောင်း မြော်လင့်ခဲ့သူပါ။ လောဘတွေနှင့် ဘုရားဆီမှာ နိမိတ်လက္ခဏာရှာခဲ့သူ မဟုတ်ခဲ့ပါ။ ဘုရားရှင်နှင့်တကယ်သွားလာရင်ချမ်းသာမယ် လို့ဟောပြောသူတွေအနေနဲ့သတိထားသင့်တာက နှုတ်ကပတ်တော်ထဲကဘုရားရှင်နှင့်အတူသွားလာခဲ့သူတိုင်း ဘုရားနဲ့ပဲ ကျေနပ်ရောင့်ရဲကြတာပါ။ ဘုရားရှင်ပေးတဲ့ကောင်းကြီးတွေပေါ်မှာ ရောင့်ရဲသူတွေမဟုတ်ကြပါဘူး။ ဒါကို သဘောပေါက်နားလည်ပြီး ခွဲခြားတတ်ဖို့အရေးကြီးပါတယ်။ မဟုတ်ရင် ထာဝရဘုရားပေးတယ်၊ ရုတ်သိမ်းတယ် ထာဝရဘုရားနာမတော်မင်္ဂလာရှိပါစေလို့ အားပါးတရနှုတ်ကနေဝန်ခံနိုင်လိမ့်မည်မဟုတ်ပါ။
တဆက်တည်းမှာဘဲ ဝန်ခံ၊ ကြေငြာ၊ သိမ်းပိုက် စတဲ့စကားလုံးတွေနဲ့ ကိုယ်ဖြစ်ချင်တာတွေကို သာသာယာယာ စကားလုံးတွေနဲ့ကိုယ့်ကိုကိုယ်လှည့်စားနေသူတွေကိုလည်း သတိပြုစေချင်ပါတယ်။ စကားနားမထောင်တဲ့ သားသမီးက သူ့ရဲ့ဆန့်ကျင်နာမခံတတ်ခြင်းကြောင့် နားမထောင်ခြင်းဖြစ်နိုင်သလို၊ ကိုယ့်ရဲ့ဆုံးမသွန်သင်ခြင်းအရာမှာပေါ့လျော့နေမှုလည်းဖြစ်နိုင်ပါတယ်။ ဒါကို ယေရှုနာမနှင့်လိမ္မာပြီ ဆိုပြီး ဝန်ခံကြေငြာတယ်ဆိုခြင်းက၊ သူငယ်သွားရာလမ်းကိုဆုံးမသွန်သင်ဖို့၊ ကြိမ်လုံးကိုသုံးဖို့၊ ထာဝရဘုရားကိုကြောက်ရွံ့ပြီးပညာရဲ့အချုပ်အချာကိုနားလည် သိမှတ်တတ်စေဖို့ ဖော်ပြထားတဲ့ သုတ္တံစကားတွေကအလကားလိုဖြစ်နေပါပြီ။ ဝိညာဥ်ရေးမှာလည်းထိုနည်းတူပါပဲ။ ဘိသိက်ရဖို့၊ ကျန်းမာဖို့ဝန်ခံတာတွေ၊ ဒီနှစ်ကာလဟာ ကြွယ်ဝဖို့၊ ထူးခြားဖို့ကြေငြာတာတွေက အင်မတန်မှထောင်လွှားတဲ့ အပြုအမူမျိုးတွေပါပဲ။ မျက်နှာသာပေးကာ ကရုဏာကျေးဇူးပြုတဲ့ဘုရားရှင်ကို စေခိုင်းနေတာထက်မပိုတဲ့ လုပ်ဆောင်မှုမျိုးလို့သာ ဆိုချင်ပါတော့တယ်။
သမ္မာတရားနှင့်ပက်သက်ပြီး ငြင်းခုံစရာတွေကိုဦးစားပေး ဆရာကြီးလုပ်ချင်ကြသူတွေများလာကြပေမယ့်၊ သမ္မာတရားဟာ ဒီလိုဖြစ်တယ်ဆိုတာကို ပြတ်သားစွာဝေငှသွန်သင်ပေးချင်သူတွေနည်းလာတာကလည်း စိတ်မကောင်းစရာတခုပါပဲ။ အဖိုးအခပေးချင်သူတွေထက် အစွမ်းအစတွေပြပြီး အဖိုးအခယူချင်သူတွေ၊ ထင်ရှားကျော်ကြားချင်သူတွေသာ များလာပါသည်။ ကနဦးအသင်းတော်ရှိတမန်တော်ကြီးများမှာမူ သမ္မာတရားလမ်းကို သစ္စာရှိစွာပြညွှန်လျက်ဧဝံဂေလိတရားကိုဟောပြောသက်သေခံခဲ့ကြသလို၊ ထိုသက်သေခံခြင်းနှင့်အတူ ဘုရားရှင်၏ထူးဆန်းအံ့ဩဖွယ်နိမိတ်လက္ခဏာများကလည်း ထင်ရှားခဲ့ကြသည်ကိုတွေ့နိုင်ပါတယ်။ သို့သော်လည်းပျောက်ဆုံးသူတွေကို ရှာဖွေမည်ပင်မဆိုထားနှင့် ရှိနှင့်နေသည့်သိုးများမှာပင် ကောင်းစွာစားသောက်ရခြင်းမရှိသည်တို့က သခင်ပေးသည့်အခွင့်အာဏာကို မထီမဲ့မြင်ပြုနေသကဲ့သို့ပါပဲ။
ဒီကနေ့ ခရစ်ယာန်တွေနဲ့ခရစ်တော် တူနေကြပါရဲ့လား။ ခရစ်ယာန်တို့၌ ခရစ်တော်ကို လောကလူတွေမြင်နေကြပါရဲ့လား။ အရသာကင်းတဲ့ဆား၊ တောင်းဇလားအောက်၌အလင်းများဖြစ်နေကြပြီလား။
ဖြစ်ချင်သလိုဖြစ်၊ လုပ်ချင်သလိုတွေလုပ်နေကြပြီး အဆင်းမှာတော့ဝင်းပြီး အချင်းမှာတော့ဖျင်းတဲ့ အင်္ဂါချင်းတွေများ ဖြစ်ကုန်ကြလေပြီလား။ ခရစ်ယာန်ဖြစ်ခြင်းအဖိုးအခကိုဆင်ခြင်လျက် ခရစ်တော်၏အကျိုးကိုရှာကာ၊ လုပ်ဆောင်မှုတိုင်း၊ စကားပြောခြင်း၊ တရားဟောခြင်း၊ နှုတ်ကပတ်တော်၌မွေ့လျော်ခြင်း၊ ဘုရားဝတ်ကိုပြုခြင်းအရာတို့၌ အသက်တာသည် အသက်ရှင်သော ခရစ်တော်နှင့်သူ၏ဘုန်းကိုထင်ရှားစေသော ယုံကြည်သူခရစ်ယာန်များဖြစ်ပါမည်အကြောင်း မြော်လင့်ကာတိုက်တွန်းရင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ Broshay နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။