ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။- ရွှေလက်စွပ်နှင့် တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားဇရပ်ထဲသို့ ဝင်သောအခါ၊- တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍လည်းကောင်း၊ သင်တို့သည် ပြောဆိုလျှင်၊- တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။- ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံ ဖြစ်စေခြင်းငှာလည်းကောင်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။- သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင် ပြုကြသည်တကား။ ငွေရတတ်သော သူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။- သင်တို့ကိုသမုတ်သော နာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။
“အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။” ရှင်ယောဟန် ၅ – ၄၄
ကျွန်တော်တို့ဟာ လူသားဖြစ်တဲ့အားလျော်စွာ လူ့အဖွဲ့အစည်းတခုခုထဲမှာ တနည်းမဟုတ်တနည်းနေထိုင် ပါဝင် ပတ်သက်နေရပါတယ်။ “အသင်းတော်” ဆိုတာဟာလည်း ခရစ်တော်ကိုယုံကြည်တဲ့သူတွေ စုဖွဲ့ထားတဲ့ လူ့အဖွဲ့ အစည်း တခုဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း လို့ဆိုတဲ့အခါ မှာ လူမျိုးမတူတဲ့သူတွေ၊ ဘာသာစကားမတူတဲ့သူတွေ၊ အသား အရောင် ကွဲပြားသူတွေ၊ ခန္ဓာကိုယ်အားနည်းသူတွေ၊ မသန်စွမ်းသူတွေ၊ ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အို၊ စတာတွေအပြင် လောကီရေးရာမှာ သြဇာကြီးမားတဲ့ သူဌေးသူကြွယ်တွေ၊ အရာရှိတွေ၊ စသဖြင့် လူ အမျိုးအစား၊ လူ အတန်းအစား အသီးသီး ပါဝင်နေမှာဖြစ်ပါတယ်။
ထိုသူတွေဟာ အသင်းတော်ဆိုတဲ့ သခင်ယေရှုဘုရားရဲ့ ခန္ဓာတော်အဖြစ် ဖြစ်မလာခင်မှာ လောကီဆိုင်ရာသတ်မှတ်ချက် များအရ၊ ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့မှာဖြစ်ပါတယ်။ ဆင်းရဲသူ နဲ့ ချမ်းသာသူ ၂ မျိုးနဲ့ပဲဦးစွာ ပြောရရင် လောကမှာ သူစိမ်း ကို မပြောနဲ့ ဆွေမျိုးသားချင်းထဲမှာကိုက ပေးနိုင်ကမ်းနိုင်တဲ့သူ၊ ပိုက်ဆံရှိတဲ့သူကို ပိုပြီး ဦးစားပေးတတ်ကြပါတယ်။ ဒါဟာ လူ့အသွေးအသားရဲ့ ပုံမှန်လုပ်ဆောင်တတ်တဲ့သဘောပါပဲ။ ဒါပေမယ့် တမန်တော်မြတ်ကြီး ရှင်ယာကုပ်က သူ့ရဲ့စာစောင်မှာ တော့ အသင်းတော်ဟာ သခင်ယေရှုခရစ်တော်ကို ယုံကြည်တဲ့သူများဆိုတဲ့ ခေါင်းစဥ်အောက်၌သာ ဖြစ်တည်နေတာ ဖြစ်တဲ့အတွက် လူမျက်နှာကို ထောက်ရှု၍ ခွဲခြားဆက်ဆံခြင်း မလုပ်ကြဖို့ ဆုံးမထားတာဖြစ်ပါတယ်။ ယုံကြည်ခြင်း ရတနာဟာ ချမ်းသာသောသူတို့ထက် ဆင်းရဲသောသူတို့အတွက် ရတတ်ဖို့ ပိုနီးစပ်တယ်ဆိုတဲ့ သဘောမျိုးကိုတောင်မှ ပြောသွားပါတယ်။
အခန်းကြီး ၂ : ၈ – ၁၃
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။– သို့မဟုတ် လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။-
ဆက်စပ်ကျမ်းပိုဒ်များ
“သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။” ရှင်ယောဟန် ၁၃ – ၃၄
“ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့” ဂလာတိ ၆ – ၂
ဒီနေရာမှာ တမန်တော်မြတ်ကြီး ရှင်ယာကုပ်ဟာ မောရှေအားဖြင့်ပေးခဲ့တဲ့ ကျမ်းဟောင်းပညတ်တရားဖြစ်တဲ့ ပညတ်တော် ၁၀ ပါးကိုပြော နေတာမဟုတ်ဘဲ ကျွန်တော်တို့ကို ထိုကျမ်းဟောင်း ပညတ်တရားအောက်ကနေ ရွေးနှုတ်ပေးတော်မူခဲ့ပြီး ဝိညာဥ်တော်တရားအသစ်မှာ ကျင်လည်စေတော်မူတဲ့ သခင်ယေရှုဘုရားက ပေးတော်မူခဲ့တဲ့ “ချစ်ခြင်းမေတ္တာ” ဆိုတဲ့ ပညတ်သစ်ကို ပြောနေခြင်းဖြစ်ပါတယ်။ ထို “ပညတ်သစ် ချစ်ခြင်းမေတ္တာ” သည် ပညတ်တရားဟောင်းက တောင်းဆို ထားတဲ့ “အကျင့်” အလုံးစုံတို့ရဲ့ ပြည့်စုံရာလည်းဖြစ်ပါတယ်။
(အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။- အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။- ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။)
တကယ်တမ်းပြောရရင် “အချင်းချင်းချစ်ကြလော့” ဆိုတဲ့ ပညတ်သစ်ဟာ တခုတည်းဆိုပေမယ့် ယခင်ကျမ်းဟောင်း က ပညတ်တော် (၁၀) ပါးထက်ပိုလို့တောင်မှ လိုက်လျှောက်နိုင်ဖို့ ခက်ခဲပါတယ်။ ပညတ်တော် (၁၀)ပါးမှာ ဘုရားနဲ့ ဆိုင်တဲ့ ဆောင်ရန်ရှောင်ရန် အချက် (၄) ချက်ပါရှိပြီး လူ အချင်းချင်းနဲ့ ဆိုင်တဲ့ ဆောင်ရန်ရှောင်ရန် အချက် (၆)ချက်ပါရှိပါတယ်။ အပေါ်က အချက် (၄)ချက်မှာရော၊ အောက်က အချက် (၆) ချက်မှာပါ “ချစ်ပါ” ဆိုတဲ့ စကားလုံး တလုံးမှ မပါပါဘူး။ ပညတ်က လုပ်ခိုင်းလို့သာ လုပ်ရတယ်၊ လိုက်မလုပ်ရင် စီရင်ခံရမှာစိုးတဲ့စိတ်၊ ကြောက်တဲ့စိတ်နဲ့သာ လုပ်နေရတဲ့ သဘောပါ။ ချစ်လို့လုပ်ဆောင်တဲ့ သဘောမျိုးက ထိုပညတ်တော်ကို ဝန်ခံလိုက်နာပါမယ်လို ကတိထားတဲ့သူတွေ ဆီမှာ မရှိနိုင်ပါဘူး။
ဥပမာ- သူ့မယားကို မပြစ်မှားနှင့် ဆိုတဲ့ ခုနှစ်ခုမြောက် ပညတ်ချက်ဟာ အိမ်ထောင်သည် ယောက်ျား တယောက်ကို သူများမယားကို မပြစ်မှားအောင် ထိုပညတ်ချက်နဲ့ တားမြစ်ထားနိုင်ကောင်း တားထားနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ထိုသူက မိမိရဲ့ကိုယ်ပိုင်မယားကို ချစ်အောင်တော့ အတင်းအကြပ် လုပ်ခိုင်းလို့မရပါဘူး။ ထိုအချက်သည် ပင် ပညတ်တရားက လူ့အသွေးအသားနဲ့ ဆက်ဆံတဲ့အခါ အားနည်းတဲ့သဘောမျိုး (လိုချင်တဲ့ရလဒ်မရနိုင်ခြင်း) ဖြစ်ပေါ်လာ ခြင်းဖြစ် ပါတယ်။ ဒါကြောင့်မို့လို့
ဟေဗြဲ ၇ – ၁၈/၁၉ မှာ အခုလို ပြောထားတာဖြစ်ပါတယ်
“ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍၊- ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏”
မှတ်ချက်။ ပညတ်တရားအား အားနည်းသည်ဟု မပြောပြခင်မှာ ပညတ်တရားကိုယ်၌မစုံလင်မပြည့်စုံသောအချက်ကြောင့် ၎င်းအား အားနည်းသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ အသွေးအသားရှိသောလူသားများအတွက် ၎င်းကို အသုံးပြုပါက ထိုလူသား အဘယ်သူကို မျှ စုံလင်စေရန် မလုပ်ဆောင်ပေးနိုင်သောအချက်ကြောင့် အားမရှိဟု သတ်မှတ်ခြင်းဖြစ်သည်။
အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌မှားမိလျှင်၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ၏။- သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကို သတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူ ဖြစ်၏။–
လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတ္တံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြလော့။- ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏
ထိုမှတစ်ပါး၊ လူတစ်ယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာ မတူ။ အကြောင်းမူကား၊ တရားစီရင်သောအရာမှာ၊ အပြစ်တစ်ခုကြောင့် ဒဏ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင်၏။ ရောမ ၅ – ၁၆
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John Wick နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။