ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။- တရားကိုမကျင့်ဘဲ နာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။- အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်း မေ့လျော့တတ်၏။- လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူ မဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။
အခန်းငယ် ၂၂ – ၂၅ မှာတော့ “တရားကိုနာ၍ မေ့လျော့သောသူ” ဆိုတာနဲ့ “တရားကို ကျင့်သောသူ” ဆိုပြီးပုံစံ၂ မျိုး နဲ့ ဥပမာပေးဖော်ပြထားပါတယ်။
ယုံကြည်သူတိုင်းဟာ ခရစ်တော်၌ ဖြောင့်မတ်သော၊ သန့်ရှင်းသော အဆင်းသဏ္ဍာန်ရှိထားပြီးဖြစ်ပါတယ်။ ထိုအဆင်း သဏ္ဍာန်ရှိထားကြောင်း ဘယ်လိုသိနိုင်သလဲ ဆိုရင် သမ္မာကျမ်းစာနှုတ်ကပတ်တော်အားဖြင့်သာ သိရပါတယ်။ သမ္မာကျမ်းစာ နှုတ်ကပတ်တော်ကလွဲလို့ တခြားဘယ်နေရာ ဘယ်သူ ဘယ်စာအုပ် အားဖြင့်နဲ့မှ မသိနိုင်ပါဘူး။ အခန်းငယ် ၂၃ မှာ ပြောတဲ့ “မှန်” ဆိုတာဟာ တနည်းအားဖြင့် ခရစ်တော်ထဲ၌ရှိတဲ့ ဖြောင့်မတ်စုံလင်သော မိမိရဲ့ ပကတိ အဆင်းသဏ္ဍာန်ကိုအရှိအတိုင်း ဖော်ပြနေတဲ့ နှုတ်ကပတ်တော် သမ္မာကျမ်းစာဖြစ်ပဲဖြစ်ပါတယ်။
၁)“အကျင့်ကျင့်သောသူ” ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ဖော်ပြတဲ့အခါ “လွှတ်ခြင်းနဲ့စပ်ဆိုင်၍ စုံလင်သောတရား” ကို စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူ (ခနကြည့်ပြီး လှည့်ထွက်မသွားသူ) ဖြစ်တယ်လို့ ပြောပါတယ်။
- ဒါဆိုရင် လွှတ်ခြင်းနဲ့စပ်ဆိုင်၍ စုံလင်သောတရား ဆိုတာဟာ အဘယ်တရား ဖြစ်ပါသလဲ?
- သိနတောင်ပေါ်မှာ မောရှေအားဖြင့် ပေးခဲ့တဲ့ “အပြစ်တခုကြောင့် ဒဏ်ခံစေဟု” စီရင်ခြင်းသက်သက်သာရှိပြီး ကယ်တင်ခြင်းကင်းမဲ့တဲ့ တရား ဖြစ်ပါသလား? ထိုတရားတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုရင် ထိုတရားကို စေ့စေ့ကြည့်ရှုလေလေ စီရင်ခြင်းခံထိုက်တဲ့ မိမိရဲ့ ဖောက်ပြန် ယိုယွင်းပြီး ညစ်ညူးတဲ့ အဆင်းသဏ္ဍာန်ကိုသာ တွေ့ရမှာဖြစ်သော ကြောင့်ဖြစ်ပါ တယ်။
- လွှတ်ခြင်းနဲ့စပ်ဆိုင်၍ စုံလင်သောတရား ဆိုတာကတော့ သားတော်သခင်ယေရှုခရစ်အားဖြင့် ပေးသနားမူခဲ့တဲ့ ပညတ်တရား (ပညတ်တရား၏အကျင့်) နှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားပင်ဖြစ်ပါ တယ်။ (ရောမ ၃ – ၂၁ ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊- ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဖို့ ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ)
(၂ ကော ၃ – ၁၇ သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။- ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်း ရှိရကြ၏။)
ဒါကြောင့် တမန်တော်ရှင်ယာကုပ်ပြောတဲ့ “အကျင့်ကျင့်သောသူ” ဆိုတာဟာ ဆိုလိုရင်းအရ ထို လွှတ်ခြင်းနဲ့ ဆိုင်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားကို တစိုက်မတ်မတ်မျက်မှောက်ပြု နှလုံးသွင်းပြီး ထိုတရားအပေါ်မှာ တည်ကြည်နေသောသူ ကို ဆိုလိုတာဖြစ်ပါတယ်။ (တနည်း)အားဖြင့် မိမိဟာ ခရစ်တော်၌ရှိ၍ အသစ်ပြုပြင်ခြင်းကို ခံရတဲ့ မိမိရဲ့ ပကတိဖြစ်ခြင်းအသစ်အပေါ် စွဲလမ်းပြီး ထိုဖြစ်ခြင်းအသစ်အတိုင်း ပြုမူကျင့်ကြံတတ်သောသူကို ဆိုလိုတာ ဖြစ်ပါတယ်။ ထိုသူဟာ ထိုအပြုအမူအကျင့်အကြံတို့၌ မင်္ဂလာရှိတယ်လို့ ဆိုထားပါတယ်။
၂ ကော ၃ – ၁၇ မှာ “ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျှက်မှန်ကိုကြည့်သကဲ့သို့” ဆိုတဲ့ စကားလုံးကို ဆင်ခြင်တဲ့အခါ ကျွန်တော်တို့ဟာ လွှတ်ခြင်းအခွင့်နဲ့စပ်ဆိုင်တဲ့ ဝိညာဥ်တော်တရား ရောက်မလာခင် လွန်စွာမှ သန့်ရှင်းမြင့်မြတ်ပြီး ဘုရားရဲ့ သန့်ရှင်းခြင်းအပေါ် အလျော့အတင်းမရှိတဲ့ ပြည့်စုံတဲ့ ပညတ်တရားအောက်မှာ ရှိခဲ့စဥ် အခါက ကျွန်တော်တို့ဟာ လူသားအတွက်စီရင်ခြင်းကိုသာ ဖော်ပြတတ်တဲ့ ပညတ်တရားဆိုတဲ့ “မှန်”ထဲကို ဘယ်နေရာ ကြည့်ကြည့် အပြစ်အနာအဆာနဲ့ပြည့်ဝနေတဲ့ အသေကောင်နဲ့မခြားတဲ့ မိမိရဲ့ ပုံသဏ္ဍာန်ကို မိမိပြန်မြင်ပြီး စီရင်ခြင်းကို ခံစားရမှာ စိုးရွံ့လို မျက်နှာကိုဖုံးထားခဲ့ရပါတယ်။
ဒါပေမယ့် လွှတ်ခြင်းချမ်းသာကိုပေးတတ်တဲ့ ဝိညာဥ်တော်တရား (တနည်း) ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရား ရောက်လာတဲ့အခါမှာတော့ ကျွန်တော်တို့ဟာ ထိုတရားရဲ့သခင်ဖြစ်တဲ့၊ ကျွန်တော်တို့ဖြောင့်မတ်ရာသို့ ရောက်ဖို့ အတွက် (ယုံကြည်သူတွေအတွက်) ပညတ်တရားကို စုံလင်စေသော သခင်ဖြစ်တဲ့ သခင်ယေရှုဘုရားနဲ့ ကိုယ်တော်ရဲ့ ခွင့်လွှတ်ခြင်းကို “မှန်” ကဲ့သို့ ရှင်းလင်းစွာကြည့်မြင် နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့အမြင်ကို ဖုံးအုပ်ထားတဲ့ “အပြစ်တွေ၊ အားနည်းချက်တွေ၊ မစုံလင်မှုတွေ၊ စိုးရွံ့မှုတွေ အပေါ် “စီရင်ခြင်း” များရှိနိုင်သေးသလား ဆိုတဲ့ “သံသယမျက်နှာဖုံး” ကို ဖယ်ရှင်း ခွာချပြီး ခွင့်လွှတ်တော်မူ၍ ဆက်လက်တည်ကြည်စေတော်မူသောအရှင်ကို ရဲဝံ့သောစိတ်နဲ့ စေ့စေ့ကြည့်တဲ့ အခါ ထိုသခင်စုံလင်သည့်အတိုင်း၊ ထိုသခင်ဖြောင့်မတ်သည့်အတိုင်း၊ ထိုသခင်သန့်ရှင်းသည့်အတိုင်း၊ ထိုသခင် ကောင်းမြတ်သည့်အတိုင်း ကျွန်တော်တို့သည်လည်း ထိုသခင်၏ ပုံသဏ္ဍာန်နှင့်အညီ တဖြည်းတဖြည်းပြောင်းလဲ လာမှာဖြစ်ပါတယ်။
၂) “တရားကိုမကျင့်ဘဲ နာရုံမျှသာပြုသောသူ”
အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်း မေ့လျော့တတ်၏
ထိုသို့သောသူကတော့ လွှတ်ခြင်းနဲ့စပ်ဆိုင်၍ စုံလင်သောတရား က မှန်ကဲ့သို့ဖော်ပြတဲ့ ခရစ်တော်၌စုံလင်တဲ့ မိမိရဲ့ အဆင်းသဏ္ဍာန်ကို တခဏ သာကြည့်ပြီး အခြားနေရာကိုထွက်သွားတတ်တဲ့သူကို ဆိုလိုခြင်းဖြစ်ပါတယ်။ တနည်းအား ဖြင့်ပြောရရင် မိမိဟာ အပြစ်ရှိစဥ်ပင် သားတော်ခရစ်တော်အားဖြင့် ခမည်းတော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့၊ အပြစ်လွှတ်ခြင်း ကျေးဇူးကိုအဘယ်မျှလောက်ကြီးစွာ ခံစားရသလဲဆိုတာကို မေ့လျော့တတ်တဲ့သူမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
မိမိ မည်သူမည်ဝါ ဖြစ်ခြင်းကို မေ့လျော့သွားတဲ့သူဟာ မိမိဟာအဘယ်အတွက်ကြောင့် ကယ်တင်ခြင်းခံရတယ်၊ ခွင့်လွှတ် ခြင်းခံရတယ်ဆိုတာကိုပါ မေ့လျော့သွားတတ်ပြီး မိမိဖြစ်တည်နေရခြင်းရဲ့ ရည်ရွယ်ချက်ပျောက်သွားကာ ထိုဖြစ်တည် ခြင်းနဲ့ ဆီလျော်တဲ့ လုပ်ဆောင်မှု အကျင့်ပါ ပျောက်သွားတတ်ပါတယ်။
ဧဖက်သြဝါဒစာ ၂ : ၈ – ၁၀
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။- ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။- အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
ယေရှုခရစ်၌ ပြုပြင်ဖန်ဆင်းခြင်းခံထားပြီး ဖြစ်တဲ့ ကျွန်တော်တို့ယုံကြည်သူတွေဟာ ထိုဖြစ်ခြင်းနဲ့ ဆီလျော်တဲ့ ကောင်း သောအကျင့်ကို ကြိုးစားပြီး ကျင့်ဆောင်ရမယ်လို့ တမန်တော်ရှင်ယာကုပ်က သွန်သင်ဆုံးမနေခြင်းဖြစ်ပါတယ်။
သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက် ဖြစ်၏။- ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း
အခန်းငယ် ၂၆ မှာတော့ သီလ (အကျင့်) ရှိတဲ့ပုံစံမျိုး နေတတ်တဲ့သူကိုပြောတာဖြစ်ပါတယ်။
တနည်းအားဖြင့် လူတွေရဲ့ အမြင်မှာမိမိဟာ လူကောင်းတယောက်၊ လူလိမ္မာတယောက် ကဲ့သို့ ပေါ်လွင်နေအောင် တမင်တကာ “အကျင့်” ကျင့်ပြတဲ့သူဟာ မိမိရဲ့ အတွင်းစိတ်နှလုံးကို လှည့်ဖြားပြီး နှုတ်ကိုမချုပ်တည်းနိုင်တဲ့အတွက် ထိုသို့သော “အကျင့်”ဟာ အရာမရောက်ဘူးဆိုတာကို သတိပြုဆင်ခြင်ဖို့ရှိပါတယ်။ ခမည်းတော်ဘုရားသခင် အမှန်တကယ် နှစ်သက်တော်မူတဲ့အကျင့်ကတော့ မိမိရဲ့နှလုံသားထဲမှာ ညွှန်းလောင်းခြင်းခံရတဲ့ ဘုရားရဲ့မေတ္တာကြောင့်
(အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏ – ရောမသြဝါဒစာ ၅ – ၅)
မိမိကိုယ်ကို လောကီအညစ်အကြေးနဲ့ ကင်းစင်စေရုံမျှမက ၊ ထိုမေတ္တာကြောင့် ဖြစ်ပေါ်လာ တဲ့ “သနားခြင်းဂရုဏာစိတ် သဘော”ကို မိမိအသွေးအသားသက်သာဖို့အတွက် ချုပ်တည်းထားခြင်းမရှိဘဲ စိတ်နှလုံး ကမှတဆင့် ကိုယ်ထိလက် ရောက် လက်တွေ့ကူညီခြင်း၊ မိဘမဲ့ သူငယ်၊ အားနည်း ဆင်းရဲတဲ့မုဆိုးမတွေကို ကြည့်ရှုခြင်းအထိ သွားရမှာ ဖြစ်ပါတယ်။ အာမင်
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John Wick နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။