Skip to content

ရှင်ယာကုပ်ဩဝါဒစာစောင် – ညီအစ်ကိုတို့၊ နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ

သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။- လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။- ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။- 

ယုံကြည်သူတွေဟာ စစ်မှန်တဲ့သမ္မာတရားမျိုးစေ့ နှလုံးသားထဲမှာ ရှိပြီးဖြစ်သလို ဆက်လက်၍ ထိုမျိုးစေ့ကို သာ၍ ရှင်သန်ကြီးထွားပြီး အပြင်လူရဲ့ အသက်တာမှာ မြင်ရတဲ့ ကောင်းတဲ့အကျင့်အဖြစ် ပေါ်ထွက်လာတဲ့အထိ ထိုသမ္မာတရား ကို စဥ်ဆက်မပြတ် နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောနဲ့ ခံယူနေရမှာဖြစ်ပါတယ်။  “နားထောင်ခြင်း/ကြားနာခြင်း” ဟာ “စကားပြောခြင်း” ထက် ပို၍အရေးပါ ပါတယ်။ လူဟာ စကားပြောနေရင်းနဲ့ တချိန်တည်းမှာ နားထောင်လို့ မရနိုင်ပါဘူး။ နားထောင်နိုင်ဖို့စကားပြောတာကို ခဏရပ် ရပါတယ်၊ ဒါမှမဟုတ် စကားပြောဖို့အတွက် နားထောင်တာကို ရပ်ရပါမယ်။ ဆင်ခြင်ဖို့တချက်က မိမိနှုတ်က အထိန်းအကွပ်မရှိ ထွက်လာတတ်တဲ့ စကားလုံးအရေအတွက်ထက် မိမိနားက တဆင့် စိတ်နှလုံးကနေ နားထောင်/ကြားနာရတဲ့  ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားစကားလုံး အရေအတွက်က ပိုများမှသာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်တဲ့ အမျက်ထွက်ခြင်းသဘော၊ ညစ်ညူးခြင်းသဘော၊ မနာလိုစိတ် လွန်ကျူးခြင်းသဘောတွေကို ပယ်ရှားနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ တမန်တော်မြတ်ကြီး ရှင်ယာကုပ်ဟာ ညစ်ညူးခြင်း၊ မနာလိုခြင်း၊ ဒေါသအမျက်ထွက်ခြင်းတွေကို ရှောင်ရှားသင့်တယ်၊ ရှောင်ရှားရမယ်လို့ ပြောနေရုံမဟုတ်ဘဲ မည်သို့ ရှောင်ရှားနိုင်မည်ဆိုတဲ့ နည်းလမ်းကိုပါ သွန်သင်ပေးနေတာဖြစ်ပါတယ်။