စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။– (အခန်းငယ် ၁၂ – ၁၃)
စုံစမ်းနှောက်ယှက်ခြင်း/စစ်ကြောစုံစမ်းခြင်း ဟာ အထက်မှာပြောခဲ့သလို ဘုရားက ယုံကြည်သူတွေကို သာ၍ရင့်ကျက် စေဖို့၊ ခရစ်တော်ကဲ့သို့ ကြီးရင့်တဲ့ အရွယ်ရောက်ရှိလာဖို့အတွက် ထိုသို့သော အမှုအရာထဲသို့ တမင်တကာပင် ပါဝင်စေ ဖို့ ခွင့်ပြုတော်မူတာ ဖြစ်လို့ ဘုရားက အခွင့်ပေးထားတဲ့ အရာတခုဖြစ်တယ်။
ဥပမာ ၁။ “ယောဘ ရဲ့ ဘုရားကိုကြောက်ရွံ့တဲ့သဘော၊ မကောင်းတဲ့အကျင့်ကိုရှောင်သော သဘော၊ စတာတွေကို စုံစမ်း စစ်ဆေးတဲ့အရာမှာ စာတန်ကိုအခွင့်ပေးခဲ့ပြီး ဒီလုပ်ငန်းစဥ်တခုလုံးထဲကို မိမိရဲ့ ကျွန် ယောဘကို လိုလိုလားလားထည့်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာ ယောဘရဲ့သည်းခံခြင်းဟာ သူ့ကို သာ၍စေ့စပ်စုံလင်စေပြီး ဝမ်းမြောက်ခြင်းသက်သက် သာဖြစ်စေခဲ့တယ်ဆိုတာ တွေ့ရပါတယ်။
ဥပမာ ၂။ “သခင်ယေရှုဘုရား”ကို ဗတ္တိဇံခံတော်မူပြီးပြီးချင်းမှာ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းကိုခံစေဖို့ တောသို့ သွားစေတော်မူပါတယ်။
အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။- မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။- တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။- (အခန်းငယ် ၁၃ – ၁၅)
“အပြစ်သွေးဆောင်ခြင်း” ကတော့ စစ်ကြောစုံစမ်းခြင်းနဲ့ မတူပါဘူး။ ဘာလို့လဲဆိုရင် “အပြစ်သွေးဆောင်ခြင်း ” ဆိုတဲ့ “ဝေါဟာရ” တခုလုံးမှာ “သန့်ရှင်းတဲ့ ဘုရား” က အစ အလယ် အဆုံး ပါဝင်ခြင်းလုံးဝမရှိသလို အပြစ်ထပ် ကျူးလွန်ဖို့ လုံးဝအလိုမရှိတဲ့ ဘုရားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘုရားသားသမီးတွေအနေနဲ့ မိမိရဲ့ အသွေးအသား တပ်မက်မှုရဲ့ ဖြားယောင်းခြင်းကိုခံပြီးမှ ဘုရားကဖြစ်စေတာလို့ ခေါင်းစဥ်တပ်လို့မရပါဘူး။
ဥပမာ ၁။ ဒါဝိဒ်က ဥရိယရဲ့ မယား ဗာသရှေဘကို ပြစ်မှားခြင်းဟာ ဒါဝိဒ်ရဲ့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းဖို့ ဘုရားက ထိုအခြေအနေထဲကို ဒါဝိဒ်ကို တမင်ရည်ရွယ် ပို့ဆောင်လိုက်တာ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ ဒါဝိဒ်ရဲ့ အသွေးအသားတပ်မက်မှု သက်သက်ကသာ သူ့ကို ထိုအခြေအနေထဲ တွန်းပို့လိုက်တာဖြစ်ပါတယ်။
နောက်တစ်နေ့ညဉ့်ဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွားစဉ်တွင်၊ အလွန်အဆင်းလှသော မိန်းမတစ်ယောက်ရေချိုးသည်ကို မြင်တော်မူ၏။ ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။ တစ်ဖန် လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကိုအထံတော်သို့ခေါ်ခဲ့၍ ယှက်တင်လေ၏ (ဓမ္မရာဇဝင် ၁၁ : ၂ – ၄)
ထို ဒါဝိဒ်ရဲ့ တပ်မက်တဲ့စိတ်ကနေ အစပြု ပဋိသန္ဓေယူပြီး ထပ်ဖြစ်လာတဲ့ သူ့ရဲ့ ဒုစရိုက်ဟာ သူ့အပေါ်သစ္စာရှိတဲ့ “ဥရိယ” ရဲ့ “သေခြင်း”ကို ဖြစ်စေတယ်၊ အဲဒါနဲ့တင်မရပ်သွားဘူး၊ မွေးလာတဲ့ ကလေး၌ပါ “သေခြင်း” ကိုဖြစ်စေခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ >>>> တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။
[လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော်ကျွန်တို့ကိုပစ်၍ ကိုယ်တော်ကျွန်အချို့ သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်းသေပါ၏ဟု လျှောက်လျှင်၊ ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တစ်ယောက်တစ်လှည့် သေတတ်၏။ ဓမ္မရာဇဝင် ၁၁ : ၂၄ – ၂၅] [သင်သည် ထာဝရဘုရား၏ ပညတ်တရားတော်ကိုမထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ဓားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ အခန်းကြီး ၁၂ – ၉] [သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည်ကြားလျှင်၊ သူငယ်သေကြောင်းကိုရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်း သေပါပြီဟု လျှောက်ကြ၏။ အခန်းကြီး ၁၂ – ၁၉]
အသွေးအသား ရဲ့ တပ်မက်တဲ့စိတ်ကနေ အစပြုလို့ ဒုစရိုက်ဖြစ်လာပြီး နောက်ဆုံးမှာ ဒုစရိုက်ကနေ သေခြင်းကို ဖြစ်စေတတ်ပါတယ်။ သို့သော်လည်း ထာဝရဘုရားရဲ့ သနားခြင်းဂရုဏာတော်ကြောင့် ဒုတိယ ကလေးဟာ ဒါဝိဒ်အတွက် ပြန်လည်ရွေးနှုတ်ပေးတဲ့ သူဖြစ်ပါတယ်။
ကောင်းမြတ်၊ သန့်ရှင်း၊ စုံလင်တဲ့အရာ အားလုံးဟာ သန့်ရှင်းသော ဘုရားအထံတော်ကနေသာ လာတာဖြစ်ပါတယ်။ ယုံကြည်သူ ကျွန်တော်တို့တွေဟာလည်း ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ သမ္မာတရားစကား (တနည်း) သားတော်ယေရှုခရစ်အားဖြင့် ဖြစ်ဖွားစေတော်မူခြင်းခံရတဲ့သူများဖြစ်လို့ ထို ဖြစ်ခြင်းနဲ့အညီ/ ထိုက်သင့်တဲ့ သန့်ရှင်းတဲ့ အကျင့်၊ သန့်ရှင်းတဲ့အသက်တာမှာ ကျင်လည်ရမှာဖြစ်ပါတယ်။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John Wick နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။