Skip to content

သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။- သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။- ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊- ထာဝရဘုရား၏ လက်တော်မှ တစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်။ (ရှင်ယာကုပ် ၁ : ၅ – ၈)

အခန်းငယ် ၅ မှ ၈ မှာ  ပညာကိုတောင်းခိုင်းပါတယ်။ ပထဆုံးအနေနဲ့ “ပညာ” ဟာ တောင်းလို့ရတဲ့အရာ တခုဖြစ်တယ်ဆိုတာ နားလည်ရပါတယ်။ လောကမှာတော့ “ပညာ” မဟုတ်တဲ့ “ပညာရေး” ကိုတောင်မှ ငွေ နဲ့ ဝယ် နေရတာဖြစ်ပါတယ်။

သခင်ဘုရားရဲ့ တမန်တော်မြတ်ကြီးရှင်ယာကုပ်ဟာ ရှောလမုန်ဘုရင်ကဲ့သို့ ကျွန်တော်တို့ယုံကြည်သူတွေကို အခြားသော ဆုကျေးဇူးတွေထက် “ပညာ”ကို တောင်းစေချင်ပါတယ်။

(ချမ်းသာကြွယ်ဝခြင်း၊ သြဇာအာဏာကြီးမားခြင်း၊ အံသြဖွယ်လုပ်ဆောင်နိုင်ခြင်း၊ အနာငြိမ်းစေခြင်း စတဲ့ ဆုကျေးဇူး တွေအများရှိပါတယ်၊ ဒါပေမယ့် “ပညာ” တခုတည်းသာ “ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဆိုတဲ့သာ၍ မြင့်မြတ်တဲ့ ကျေးဇူးပြုခြင်းတွေကဲ့သို့  ပုဂ္ဂိုလ်တော် သခင်ခရစ်တော် အားဖြင့် ဖြစ်တယ်ဆိုတာ “၁ ကော ၁ : ၃၀ မှာဖော်ပြထားခြင်းအရ သိနိုင်ပါတယ်)

ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏။ ၁ ကော ၁ : ၃၀

ပထမဦးစွာဆင်ခြင်ရတာက စစ်မှန်တဲ့ပညာဟာ ဘုရားဆီကသာ လာတယ်ဆိုတာနားလည်ရသလို ၊  ထိုပညာကို အလိုရှိတဲ့အခါ  ဘုရားဆီကတောင်းလို့ရတယ်ဆိုတာ နားလည်ရပါတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့နဲ့အတူရှိတဲ့ သန့်ရှင်းသောဝိညာဥ်တော်ဘုရားကိုယ်တော်တိုင်ဟာ ကျွန်တော်တို့ရဲ့ ပညာ ဖြစ်တယ်ဆိုတာ ဆင်ခြင်ရဖို့ရှိပါတယ်။

ဒါပေမယ့်အရေးကြီးတဲ့အချက်က ပညာကို လိုချင်တဲ့သူဟာ အရင်ဦးဆုံး  နှိမ့်ချမှု ရှိဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ယုံကြည်သူတွေဟာ သမ္မာကျမ်းစာပါကတိတော်အရ သန့်ရှင်းသောဝိညာဥ်တော်ဘုရားက မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ အစဥ်အမြဲ ကျိန်းဝပ်တော်မူတယ်ဆိုတဲ့ အချက်ကို သိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့  ဝိညာဥ်ရေးရာကိစ္စတွေပဲ ဖြစ်ဖြစ် လောကီဆိုင်ရာကိစ္စတွေနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းဖို့၊ ဆုံးဖြတ်ဖို့၊ စဥ်းစားဆင်ခြင်ပြုမူဖို့ ဖြစ်လာတဲ့အခါတိုင်းမှာ ဘယ်နှခါများ မိမိအထဲက သန့်ရှင်းသောဝိညာဥ်တော်ဘုရားထံ  ဤအမှုအရာတွင် “အကျွန်ုပ်သည် သူငယ်ကဲ့သို့ ဖြစ်ပါ၏၊ ပညာကိုပေး‌တော်မူပါသခင်” လို့ တောင်းဖူးပါသလဲ?  တချို့ကတော့ အလုပ်တခုခုမလုပ်ခင်၊ ဆုံးဖြတ်ချက်တခုခုမချခင် ဆုတောင်း ဆက်ကပ်လိုက်ပါတယ်။ ပြီးတော့လည်း လုပ်ရိုးလုပ်စဥ်အတိုင်း လောကီသဘော၊ လောကီနည်းလမ်း များဖြင့် ဖြေရှင်းတတ်ကြပါတယ်။ ဒီနေရာမှာ လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်တာကို မှားတယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် လောကီသားတွေဟာ ပြဿနာတခုကို ဖြေရှင်းတဲ့အခါ မှန်ကန်တဲ့နည်းလမ်း ရှိနိုင်သလို မှားယွင်းပြီး ၊ သမ္မာတရားနဲ့ ဆန့်ကျင်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းတာမျိုးတွေလည်းရှိပါတယ်။  ဒါကို မိမိက ဆုတောင်းဆပ်ကပ်တာတော့ လုပ်ပြီး တကယ့်တကယ်ဖြေရှင်းတဲ့အခါ သမ္မာတရားနည်းလမ်းတကျ မဟုတ်ဘဲ လောကီဆန်ဆန် ဖြေရှင်းနည်းလမ်းတွေအပေါ် မှာ အားကိုးသွားတတ်ပါတယ်။ ဒါဟာ မိမိ ကိုးစားတဲ့ဘုရားရဲ့ အထက်ကလာတဲ့ ပညာကို မလိုဘူးဆိုတဲ့သဘော၊ လူ့ မာန သဘောသက်ရောက်သလို တမန်တော်မြတ်ကြီး ရှင်ယာကုပ်ပြောတဲ့ မယုံကြည်တဲ့စိတ်နဲ့ ဆုတောင်းခြင်းသဘောမျိုးလည်း ဖြစ်တယ် လို့ ဆင်ခြင်ရပါတယ်။

နှိမ့်ချခြင်းမရှိတဲ့သူဟာ ပညာရဲ့ တန်ဖိုးကိုနားမလည်သလို လိုချင်မှုလည်းမရှိတတ်ပါဘူး။  ရှောလမုန်မင်းကြီးကတော့ ဘုရားဆီမှာ နှိမ့်ချစွာ မိမိကိုယ်ကို သူငယ်သာဖြစ်တယ်လို့ ဦးစွာဝန်ခံပြီးမှ ပညာကိုတောင်းခဲ့ပါတယ်။ ဒါကို ဘုရားသခင် နှစ်သက်တော်မူတယ်။

ဓမ္မရာဇဝင် တတိယစောင် ၃ : ၇-၈

သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှာ မတတ်နိုင်ပါ။ ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိများပြားစွာသော ကိုယ်တော်၏ လူမျိုးကြီးအလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။

………………………………………………

၁ ကော ၁ : ၃၀

ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏

– ပညာကို  ပုဂ္ဂိုလ်တပါးအဖြစ်လည်း  ၁ ကော ၁ : ၃၀ မှာ  “သခင်ယေရှုဟာ ကျွန်ုပ်တို့၌ ပညာ ဖြစ်တယ်” ဆိုတာ ဖော်ပြထားတယ်။

ထိုအချက်ဟာ ရှောလမုန်မင်ကြီးက သူ၏အိပ်မက်ထဲကနေ ဘုရားဆီက  ပညာကို ရပြီးတဲ့နောက် သူရလိုက်တဲ့ ဘုရားသခင်ရဲ့  “ပညာတော်” ပုဂ္ဂိုလ်ဖြစ်တော်မူတဲ့ သခင်ယေရှုခရစ်တော် ဆီကိုချက်ခြင်းသွားရောက်ကိုးကွယ်ချီးမွမ်းခဲ့တယ် ဆိုတာတွေ့ရပါတယ်။

ပညာကို မရခင် ရှင်ဘုရင် ရှောလမုန် က ဂိဗောင်မြို့မှာရှိနေခဲ့ပြီး မီးရှို့ရာယဇ် တထောင်ကို ပူဇော်ခဲ့ပါတယ်။ ထိုမြို့မှာပဲ ညအခါ ရှောလမုန်အိပ်မက်ထဲမှာ ဘုရားက ဥာဏ်ပညာကိုပေးခဲ့တာဖြစ်ပါတယ်။ (အလွန်တန်ဖိုးရှိတဲ့ ဘုရား ဆီကလာတဲ့ ပညာ ကဲ့သို့ ဆုကျေးဇူးကို ရှောလမုန်မင်းကြီးဟာ သူအိပ်မက်မက်နေချိန်မှာ ‌ရရှိခဲ့တာဖြစ်တယ်)

“တစ်ရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်းငှာ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင်မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။

ထိုမြို့၌ထာဝရဘုရားသည် ညအခါ အိပ်မက်တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင်မိန့်တော်မူ၏။”  အခန်းငယ် (၄ _ ၅)

“ရှောလမုန်သည် နိုး၍ အိပ်မက်ဖြစ်မှန်းကိုသိ၏။ တစ်ဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် (ခရစ်တော်ပုံဆောင်)ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဖို့ ပွဲကို စီရင်တော်မူ၏။”  အခန်းငယ် (၁၅)

 သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။- ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊- ထာဝရဘုရား၏ လက်တော်မှ တစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်။

– တွေးတောခြင်း? (သို့) သံသယစိတ် ဟာ ယုံကြည်ခြင်းရဲ့  ရန်သူဖြစ်ပါတယ်။ သံသယစိတ်ဟာ ယုံကြည်တဲ့စိတ်ကို ပျက်ပြယ်စေတတ်ပါတယ်။ ဆုံးဖြတ်ချက်မရေရာတဲ့အတွက် လုပ်ဆောင်မှုမှာလည်း တည်ကြည်မှုမရှိဖြစ်ပါတယ်။

အခန်းငယ် ၉ _ ၁၁

အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။- ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား၊ သူသည် မြက်ပွင့်ကဲ့သို့ ဖောက်ပြန်ခြင်းသဘော ရှိ၏။- နေသည် ပူသောအရှိန်နှင့် ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သောသူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ ရောက်တတ်၏။

_ဖောက်ပြန်တတ်တဲ့ လောကီစည်းစိမ်အပေါ်မှာ ဝါကြွားခြင်းမရှိဖို့ သတိပေးပါတယ်။

နောက်လာမည့် ဆောင်းပါးတွဲကျရင် ရှင်ယာကုပ်ဩဝါဒစာစောင်ကိုအခြေခံ၍ “စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏” ဟူသည့်အချက်ကို ကျွန်ုပ်တို့ဆက်လက်လေ့လာဆင်ခြင်ကြမှာဖြစ်ပါတယ်။